0

ကျွန်တော်က ဒီနေ့ထိဆောင်းပါးတွေဆက်ရေးဖြစ်နေရသလဲဆိုတော့ ကျွန်တော်က ငယ်ငယ်ကတည်းက မတရား လုပ်တာကို မကြိုက်ဘူး၊ အုပ်စုဖွဲ့ ကြီးနိုင်ငယ်ညှဉ်းလုပ်တာမကြိုက်ဘူး။ ဒါကြောင့် မတရားတာတွေ့ရင်မြင်ရင် နှုတ် ဆိတ်မနေတက်ဘူး။ ဒီနေ့ထိ ကျွန်တော်စာရေးတဲ့နေရာမှာ နာမည်ကြီးဖို့၊ ပိုက်ဆံရဖို့၊ သူတပါးကို မကောင်းကြံတိုက် ခိုက်ဖို့ဆိုပြီး လုံးဝမရေးခဲ့ဘူး။ ဘယ်ပါတီအဖွဲ့အစည်းဝင်မှမဟုတ်သလို ဘယ်သူ့လက်အောက်ခံအဖြစ်မှလည်း မနေ ဘူး။ အမြင်မတော်တာ မတရားတာတွေ့ရင် ပြောဆိုရေးသားပါတယ်။ ပြည်သူ့မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ မကြည့်ခဲ့ပါဘူး။ ဒါ ကျွန်တော့်မူပါပဲ။ ကျွန်တော်ရေးသမျှဆောင်းပါးတွေဟာ အစိုးရအာဏာပိုင်အဖွဲ့အစည်းနဲ့ပတ်သက် တဲ့ ဝေဖန်ရေးသားမှုတွေများပါတယ်။ အရေးကောင်းလို့တစ်ခါတရားအစွဲခံရဖူးသွားပါပြီ။ ကံကောင်းလို့ ထောင်မကျ လိုက်တာပါ။ မေတ္တာအပို့ခံရတာကတော့ ခဏတိုင်းပါပဲ။ ကိုယ်ပြောတာတွေကမမှန်လို့တော့ မဟုတ်ဘူး။ ကျွန်တော် က ဆားနဲ့ပတ်တဲ့လူဆိုတော့ အနာရှိတဲ့လူတွေက မခံနိုင်တာပေါ့ဗျာ။
ဒီလိုအချိန်မှာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်ဗျ။ပြီးခဲ့တဲ့နှစ်ပတ်လောက်က “ဂျုံးဂျုံးကျနေတဲ့မမ” ဆိုပြီး မြန်မာ မီးရထားနဲ့ပတ်သတ်ပြီး ပြုပြင်သင့်တဲ့အကြောင်းလေးတွေ ဆောင်းပါးရေးခဲ့ပါတယ်။ တပတ်လောက်ကြာတော့ တိုက် က အယ်ဒီတာချုပ်ဦးချစ်မောင်က ဖုန်းဆက်လာတယ်။ မြန်မာ့မီးရထားက လူကြီးတယောက်က ကိုကျော်ကြီး ဖုန်း နံပါတ်တောင်းနေတယ်ပေးလို့ရမလားတဲ့။ ကျွန်တော်ကလည်း ပေးလိုက်ပါကိစ္စမရှိပါဘူးလို့ပြောလိုက်ပါတယ်။ ခဏ နေတော့ မြန်မာမီးရထားက စက်မှုနဲ့လျှပ်စစ်လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်လှိုင်ဆိုတဲ့သူက ဖုန်းဆက် လာပါတယ်။ ကိုကျော်ကြီးလားခင်ဗျာတဲ့ ကိုကျော်ကြီးရေးခဲ့တဲ့ ဂျုံးဂျုံးကြနေတဲ့မမဆောင်းပါးနဲ့ပတ်သက်ပြီး ကျေးဇူး အရမ်းတင်ပါတယ်တဲ့။ ကျွန်တော်တို့ မြန်မာ့မီးရထားအတွက် အရမ်းကိုအကျိုးရှိတယ်ဆိုတဲ့အကြောင်း အများကြီးပဲ ပြောသွားပါတယ်။ ကျွန်တော်ကိုလည်း ကျေးဇူးတင်တဲ့အနေနဲ့ မြန်မာ့မီးရထားကိုယ်စား ဂါရ၀ပြုလက်ဆောင်ပေးချင်ပါ တယ်ဆိုပြီး ပြောပါတယ်။ ဘုရား . . ဘုရား ကြားသာကြားနေရတာ ကိုယ့်နားကိုယ်မယုံချင်ဘူး။ အိမ်မက်မတ်နေတာ လားဆိုပြီး ဆွဲစိတ်ကြည့်တော့လည်း တကယ်ဖြစ်နေတာဗျ။
တသက်လုံး မကြားဘူးတဲ့စကား လာပြောနေတာကိုး။ သူ့လည်း ကိုယ်ကမသိတော့တန်းမယုံရဲဘူး။ တဖြည်းဖြည်း စကား ပြောကြည့်ရင်းနဲ့မှ ဦးအောင်လှိုင်ဟာ လူမှန်တယောက်မိမိဌာနအပေါ်မှာ စေတနာထားသူ မမပြောင်းလဲ တိုးတက်မှုကို အတော်ကိုလိုလားနေသူတယောက်ဆိုတာသူ့စကားတွေကသက်သေပြနေတယ်။ ခဏလေးအတွင်း မှာပဲ အတော်လေးခင်မိသွားပါတယ်။ ဒါနဲ့ ကျွန်တော်ဆောင်းပါးက ဘယ်လိုအကျိုးရှိသွားလဲဆိုပြီး မေးကြည့်မိတော့။
ကျွန်တော်ရေးတဲ့ဆောင်းပါးကို မီးရထားဒုဝန်ကြီးဖတ်မိသွားတယ်တဲ့။ ဒီဆောင်းပါးပါအချက်အလက်တွေနဲ့ ပတ်သက် ပြီး တွေ့ဆုံအဖြေရှာကြဖို့ မီးရထားက တာဝန်ရှိလူကြီးအားလုံးကို မနက်ဖြန်မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပွဲ လုပ်မှာပါတဲ့။ ဌာနက အနားယူသွားတဲ့လူကြီးတွေကိုလည်း အကြံပြုဆွေးနွေးပေးဖို့ ဖိတ်ခေါ်ထားပါတယ်တဲ့။ ဒါကြောင့် ကျွန်တော်ရေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်တော်ရထားစီးခဲ့တဲ့ နေ့ရက်၊ အချိန်၊ အတွဲတွေ ခုံနံပါတ်တွေမေးပါတယ်။ အစည်းအဝေးပွဲမှာ ချပြချင်လို့ပါတဲ့။ ကျွန်တော်ကလည်း စီးခဲ့တဲ့နေ့ရက်၊ အချိန် အကုန် အသေးစိတ်ပြောပြလိုက်တဲ့အပြင် ဓာတ်ပုံမှတ်တမ်းများပါပေးလိုက်ပါတယ်။ ကျွန်တော်စီးခဲ့တာ မှန်မမှန် အဲ့နေ့ရက် အချိန်မှာ လက်မှတ်ဝယ်ထားတဲ့ မှတ်တမ်းစစ်ကြည့်လိုက်ပါလို့ မဟုတ်မှန်ဘူးဆို အသရေဖြတ်မှုနဲ့ တရားစွဲလို့ရပါ တယ်လို့ပါ ပြောလိုက်ပါတယ်။
နောက်နေ့တွေ့ဆုံပွဲအပြီး ထပ်မံဖုန်းဆက်လာပါသေးတယ်။ ဒီနေ့တွေ့ဆုံပွဲဟာ ရလဒ်ကောင်းတွေထွက်တဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်းပြောဆိုပါတယ်။ ကျွန်တော့်ဆောင်းပါးဝေဖန်ချက်တွေဟာ မြန်မာ့မီးရထားအတွက် အတော် ကိုအကျိုးရှိတဲ့သွားတယ်တဲ့။ အိပ်ပျော်နေတဲ့မမကို ရိုက်နိုးလိုက်သလိုအားလုံးနိုးနိုးကြားကြားဖြစ်သွားတဲ့ အကြောင်း တက်ရောက်လာတဲ့မီးရတားကအရာရှိတွေဟာလည်း ကျွန်တော့်ဆောင်းပါးကို တော်တော်သဘောကြကြောင်း ပြော ဆိုပါတယ်။ နောက်ရက်မှာလည်း ရုံးချုပ်မှာ တနိုင်ငံလုံးက TI (Traffic Inspector) လမ်းကြောင်းတာဝန်ခံအရာရှိတွေ ကိုခေါ်ပြီး တနိုင်ငံလုံးက မီးရထားလမ်းကြောင်းတွေ အကုန်လုံးစစ်ဆေးဖို့ အမိန့်ထုတ်လိုက်တယ်လို့သိရှိရပါတယ်။
ဒီနေ့ထိလည်း ဖုန်းဆက်ပြီးကျေးဇူးတင်ကြောင်း ပြောနေဆဲပါ။
ဒီလိုပြောနေတာက ကျွန်တော့်ဆောင်းပါးနဲ့ပတ်သက်ပြီး ကိုယ်ရေသွေးနေတာမဟုတ်ပါဘူး။ မိမိဆောင်းပါးနဲ့ပတ်သက် ပြီး သက်ဆိုင်ရာက အသိအမှတ်ပြုအရေးတယူရှိတဲ့အတွက် ပြည်သူတွေကိုယ်စား ၀မ်းသာမိတာကတော့ အမှန်ပါ။ အစိုးရ၀န်ကြီးဌာနတခုကနေပြီးတော့ သူတို့အားနည်းချက်တွေကို ဝေဖန်ထောက်ပြတာကို လက်ခံပြီးကျေးဇူးတင် စကား အပြောခံရတော့ပိုဝမ်းသာမိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံကအစိုးရဌာနတွေဟာ သူတို့အားနည်း ချက်လိုအပ်ချက်ကို ဝေဖန်မှုလုပ်ရင် ဘယ်တော့မှမကြိုက်ကြပါဘူး။ အကောင်းပြောဖိုနေနေသာသာ အကြည်ညိုပျက် စေမှုနဲ့ တရားဆွဲမခံရရင်ပဲ ကံကောင်းလှပြီမှတ်ရတာ။ ခက်တာကလည်း ကြည်ညိုအောင်နေရင် ကိုယ်တွေက ဘာမှ ပြောနေစရာမလိုဘူးလေ မဟုတ်ဘူးလား။ ထားပါတော့ဗျာ။ ခုလိုမီဒီယာရဲ့အသံတနည်းအားဖြင့် ပြည်သူ့အသံကို နားထောင်ပြီး အရေးတယူဆောင်ရွက်မှုရှိတာ ၀မ်းသာလို့မဆုံးဘူး။ မမဒုဝန်ကြီးကိုလည်း စိတ်ထဲကလေးစားနေမိ တယ်။ ဆောင်းပါးထဲမှဝေဖန်ထောက်ပြချက်တွေကို ချက်ချင်းတွေ့ဆုံအဖြေရှာကြတော့ ပိုလိုတောင် လေးစားမိပါ တယ်။
ကမ္ဘာပေါ်မှာ မြောက်ကိုရီးယားအစိုးရက ပြောမရဆိုမရအစိုးရ ကျွန်တော်တို့နိုင်ငံက အစိုးရကတော့ ပြောမနာဆိုမနာ အစိုးရဗျ။ မီဒီယာနဲ့ပြည်သူတွေက ဘယ်လောက်ဝေဖန်ထောက်ပြနေနေ အရေးကိုမလုပ်တာ။ မင်းတို့လည်း ပြောချင် တာပြော ငါတို့လည်းလုပ်ချင်တာလုပ်မယ်ဆိုပြီး လုပ်နေကြတာ။ နှစ်ပေါင်း ၅၀ ကျော် စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာနဲ့ ပြည်သူကို လူရာမသွင်းခဲ့ဘဲ ထင်တိုင်းကြဲခဲ့တော့ တိုင်းပြည်ကလည်း ယခင်ထိပ်သီးက ယနေ့ဘိတ်ချီးဖြစ်သွားခဲ့ရ တာပဲမဟုတ်လား။ တသက်လုံးပြည်သူတွေကို လက်အောက်ငယ်သားလိုဆက်ဆံခဲ့တော့
ပြည်သူ့စကားနားထောင်ရကောင်းမှန်းကို မသိခဲ့ဘူး။ နားထောင်ရမှာကိုပဲ ရှက်စရာလို့မြင်နေကြတာ။ ငါတို့က သူတို့ ခိုင်းတိုင်း လိုက်လုပ်ရမှာလားဆိုတဲ့ အာဏာရှင်စိတ်ကမပျောက်ကြဘူး။ မီဒီယာဆိုရင်ရန်သူလို့ကို မြင်နေကြတာ။ ခုတော့ မမဒုဝန်ကြီးက ဝေဖန်ထောက်ပြမှုကိုလက်ခံပြီး လိုအပ်ချက်တွေ အားနည်းချက်တွေကိုပြုပြင်ဖို့ လုပ်ဆောင် တာဟာ မမဌာနအတွက်ရော တိုင်းပြည်အတွက်ပါ ကောင်းမွန်တဲ့ခြေလှမ်းပါပဲ။ တကယ်လုပ်မလုပ်တော့ စောင့်ကြည့် ရမှာပေါ့။ ဒီလိုပဲကျန်တဲ့အခြားဝန်ကြီးဌာနကတွေလည်း မမဌာနလို ပြည်သူ့အသံကို ခုလိုနားထောင်ပြီးပြုပြင်ကြ မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့လည်း တွေးမိပါတယ်။
ဒီမိုကရေစီစနစ်မှာပြည်သူသာအမိပြည်သူသာအဖပါ။ပြည်သူ့ဆန္ဒကိုအုပ်ချုပ်သူတွေကလေးစားလိုက်နာရပါတယ်။ဘယ်သူမှလွန်ဆန်လို့မရပါဘူး။မည်သည့်နိုင်ငံရေးစနစ်နဲ့အုပ်ချုပ်အုပ်ချုပ်ပြည်သူစကားကိုနားမထောင်ဘဲ
ထင်ရာစိုင်းနေမယ်ဆိုရင်အောင်မြင်မှုရမှာမဟုတ်ပါဘူး။သာဓကအနေနဲ့ယနေ့ဒီမိုကရေစီအစိုးရလို့အမည်ခံထားတဲ့ လက်ရှိအစိုးရလက်ထက်ကိုပဲကြည့်ပါ။ခုဆိုသက်တမ်း၅နှစ်ပြည့်ပါတော့မယ်။ပြည်သူတွေဘ၀ကတော့မြင်တဲ့အတိုင်းပါပဲ။ယခုအစိုးရဘာလို့အောင်မြင်မှုမရခဲ့တာလဲဆိုတော့အဖြေက
ပြည်သူ့စကားကိုနားမထောင်ခဲ့ပြည်သူကိုလူရာမသွင်းခဲ့လို့ပါပဲ။
ပြည်သူတွေဘာဖြစ်နေလဲဘာဖြစ်ချင်နေလဲဆိုတာမြင်အောင်လဲမကြည့်ကြားအောင်လည်းနားမထောင်ထင်ရာစိုင်းခဲ့ တော့တိုင်းပြည်ကဖွတ်သထက်ညစ်သွားတော့တာပေါ့။လူတယောက်မှာနားနှစ်ဖက်ပါပြီး
ပါးစပ်တစ်ပေါက်ပဲပါတာရဲ့သဘောကများများနားထောင်ပြီးနည်းနည်းပြောဖို့ပါ။ခုတော့ကျွန်တော်တို့နိုင်ငံအုပ်ချုပ်သူလူကြီးမင်းများကများများပြောပြီးနည်းနည်းမှကိုနားမထောင်တော့လေထဲတိုက်အိမ်ဆောက်နေသလိုဖြစ်နေတာပေါ့ ဗျာ။
ပြည်သူကိုလူရာသွင်းပြီးပြည်သူ့အသံကိုနားထောင်ကိုနားထောင်ခဲ့မယ်ဆိုရင်ယခုအစိုးရသစ်ဟာသမိုင်းမှတ်တမ်း ကောင်းဝင်သွားမှာပါ။ပေးတဲ့အခွင့်ရေးကိုမယူတက်ခဲ့ဘူးလို့ပြောရမှာပါပဲ။အပြောနဲ့လက်တွေ့မကိုက်ညီတော့ဘာမှ မတိုးတက်ခဲ့ဘူးပေါ့။ ဒီမြန်မာ့မီးရထားဆောင်းပါးနဲ့ပတ်သတ်ပြီး
နောက်ထပ်ဝမ်းသာစရာတွေ့မြင်ရတာက မမမှ အရာထမ်းအမှုထမ်းအများစုဟာ မြန်မာ့မီးရထားကြီး တိုးတက်ကောင်း မွန်ဖို့ အတော်လေးကိုလိုလားနေကြတာပါပဲ။ အငြိမ်စားယူသွားတဲ့အရာရှိများရော လက်ရှိတာဝန်ထမ်းဆောာင်နေ သော အရာထမ်းအမှုထမ်းများကရော ကျွန်တော့်ဆောင်းပါးနဲ့ပတ်သတ်ပြီးယနေ့ထိ
ကျေးဇူးတင်စကားလာပြောနေကြတာနေ့စဉ်လိုပါပဲ။သူတို့နှစ်ပေါင်းများစွာပြောချင်နေတဲ့အကြောင်းတွေကို
သူတို့ကိုယ်စားပြောပေးလိုက်သလိုပါပဲတဲ့။ဒါဟာတိုင်းပြည်နဲ့မမဌာနအနာဂတ်အတွက်ကောင်းမွန်တဲ့အချက်ပါပဲ။ တိုးတက်ပြောင်းလဲမှုကိုမလိုလားဘယ်သူသေသေငတေမာရင်ပြီးတာပဲဆိုတဲ့ဝန်ထမ်းအချို့လည်းရှိတာပေါ့ဗျာ။
တကယ်တမ်းတော့ မမမှာ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအများစုဟာ မိမိတို့ဌာနရဲ့အားနည်းချက်တွေ လိုအပ် ချက်တွေမသိလို့မဟုတ်ဘူး။ ကောင်းမွန်အောင်မလုပ်တက်လို့လဲ မဟုတ်ဘူးဗျ။ အာရှမှာ မီးရထားတွင် ထိပ်ဆုံးက ဦးဆောင်ခဲ့တဲ့ ကျွန်တော်တို့မမ၀န်ထမ်းတွေဟာ အတွေ့အကြုံအရရော ပညာမှာပါ အခြားနိုင်ငံတွေထက် လုံးဝ အားမနည်းပါဘူး ပညာရှင်တွေကနေရာမရ အစွမ်းပြခွင့်မရခဲ့ကြဘဲ ချောင်ထိုးခံခဲ့ရလို့ပဲဖြစ်ပါတယ်။ခေတ်အဆက်ဆက် ဌာနကိုဝင်ရောက်လာတဲ့မိုးကျရွှေကိုယ်လူကြီးမင်းတွေရဲ့ တသွေးတသံတမိန့်ကြောင့် မပြောရဲမဆိုရဲနဲ့ နှစ်ပေါင်းများစွာ လက်ညိုးထောင်ခေါင်ညိတ်လုပ်ခဲ့ကြရတော့ တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်ကုန်တာပဲဖြစ်ပါတယ်။ မမမှာ တကယ်တော်တဲ့အသိပညာရှင် အတက်ပညာရှင်တွေ အများကြီးရှိပါတယ်။ကျွန်တော်တို့နိုင်ငံမှာ အာဏာရှင်တွေဟာပညာရှင်တွေကို နေရာမပေးခဲ့လို့ ကမ္ဘာ့အဆင့်ညွန်းကိန်းတိုင်းမှာ ကျွန်တော်တို့နိုင်ငံက အောက်ဆုံးအဆင့်ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။
ဒီနေရာမှာကြားဖြတ်ပြောချင်တာကကျွန်တော်တို့နိုင်ငံရဲ့အစိုးရယန္တယားတခုလုံးတိုးတက်ကောင်းမွန်ဖို့အတွက်ဆိုရင်အောက်ခြေ၀န်ထမ်းတွေဟာကြောက်စိတ်ကိုဖျောက်ပစ်ရမှာဖြစ်ပါတယ်။ ၀န်ထမ်းအားလုံးဟာ မှားနေတာကိုမှားတယ် မတရားတာကိုမတရားဘူးလို့ ပြောရဲဆိုရဲဖို့လိုအပ်ပါတယ်။ ခေတ်ပြောင်းစနစ်ပြောင်းမှာ အကျင့်ဟောင်းတွေ ထားခဲ့ရပါတော့မယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ဝန်ထမ်းတွေမှာ
အဓိကလိုအပ်နေတဲ့အချက်ဖြစ်ပါတယ်။
ဂျုံးဂျုံးကျနေတဲ့မမ တိုးတက်ပြောင်းလဲဖို့ကို ကာယကံရှင်မမအမှုထမ်းများကလည်း အလိုရှိနေကျသလို ပြည်သူအလား လုံးကလည်း မျှော်လင့်နေကြပါတယ်။ မမကိုတာဝန်ယူနေတဲ့အထက်လူကြီးတွေက
အမှန်တကယ်ပြောင်းလဲချင်တဲ့စိတ်ရှိဖို့ပဲလိုအပ်ပါတော့တယ်။ခေတ်အဆက်ဆက်မမကိုတာဝန်ယူခဲ့တဲ့ လူကြီးမင်း များရဲ့အသိပညာမရှိအမျှော်မြင်မရှိ လုပ်ခဲ့တဲ့လုပ်ရပ်အမှားတွေကို သင်္ခန်းစားယူကြရပါမယ်။မမကိုတာဝန်ယူခဲ့တဲ့လူကြီးမင်းများရဲ့စီမံခန့်ခွဲမှုအမှားတွေကြောင့်
တနိုင်ငံလုံးမီးရထားကွန်ရက်ချိန်ဆက်မိရေးဆိုပြီးအကျိုးရလာဘ်ကိုမတွက်ချက်ဘဲအမျော်အမြင်ကင်းစွာနဲ့ဖောက်ခဲ့ ကြလို့ယနေ့ကျွန်တ်ာတို့နိုင်ငံမှာမီးရထားလမ်းဖောက်ထားပြီးရထားမပြေးဆွဲဘဲထားတဲ့နေရာတွေဘယ်လောက်အများ ကြီးရှိသလဲဆိုတာကာယကံရှင်တွေအသိဆုံးဖြစ်မှာပါ။ဒီလိုအမှားတွေကြောင့်တိုင်းပြည်ဘဏ္ဍငွေတွေဘယ်လောက်တောင်နှစ်နာကုန်ရသလဲ။မမ၀န်ကြီးဌာနကသာအရှုံးပေါ်နေပေမယ့်
ခေတ်အဆက်ဆက်တာဝန်ယူခဲ့တဲ့မမလူကြီးမင်းများကတော့ချမ်းသာသွားကြချည်းပါပဲ။မီးရထားဌာနကိုသိုက်လို သဘောထားပြီးတယောက်ပြီး တယောက်တူးသွားလိုက်ကြတာ မမလည်း ဖွတ်ဖွတ်ညက်ညက်ကြေသွားတော့တာ ပါပဲ။
မမနဲ့ပတ်သတ်ပြီးယနေ့ထိကျွန်တော်မရှင်းတဲ့အချက်တခုနဲ့ပတ်သတ်ပြီးခေတ်အဆက်ဆက်တာဝန်ယူခဲ့တဲ့မမ၀န်ကြီးများကိုမေးချင်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့နိုင်ငံရဲ့ မီးရထားစက်ခေါင်းတွဲများကို ဘာကြောင့်သူများ နိုင်ငံက ဟောင်းနွမ်းလို့စွန့်ပစ်တော့မယ့်ဟာတွေကို တင်သွင်းအသုံးပြုနေရတာလဲ။ဘဏ္ဍာငွေကြောင့်လို့တော့မပြောပါနဲ့။ ဒီဟာတွေက အလကားရခဲ့တာမဟုတ်ပါဘူး။ သူများနိုင်ငံကတော့ အလကားပေးချင်လည်းပေးလိုက်မှာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့စီတင်သွင်းတဲ့အခါမှာတော့ တွဲတွေ စက်ခေါင်းတွေဟာ ဈေနှုန်းကြီးကြီးပေးဝယ်နေကြတာ တွေ့ရပါတယ်။ စက်ခေါင်းဟောင်းတလုံးကို မြန်မာငွေသိန်းပေါင်း နှစ်သောင်းနီးပါး တောင်ပေးဝယ်ရတယ်လို့သိရပါ တယ်။ သူများနိုင်ငံက စွန့်ပစ်တော့မယ့်ပစ္စည်းကို ကျွန်တော်တို့က ဈေးကြီးပေးဝယ်နေတာ အံ့သြလို့မဆုံးပါဘူး။ ခေတ်မမီတော့တဲ့ အဟောင်းအနွမ်းတွေကို တင်သွင်းမှုကြောင့် ရေရှည်အကျိုးအမြတ်တွက်ကြည့်ရင် အသစ်ဝယ် တာထက် ပိုမိုကုန်ကျစရိတ်များနေတယ်ဆိုတာ တာဝန်ရှိ လူကြီးအားလုံးသိကြမှာပါ။
သူများနိုင်ငံက စွန့်ပစ်လိုက်တဲ့စက်ခေါင်းတွေကို မမကထုတ်တဲ့ပြက္ခဒိန်မှာ မျက်နှာဖုံးတင်ရိုက်ထုတ်ကြ ဖဲကြိုးဖြတ် ဖွင့်ပွဲတွေလုပ်ကြနဲ့ ယိုသူကမရှက်ပေမယ့် မြင်ရသူတွေကတော့ ရှက်နေကြပါပြီ။ မြစ်ငယ်စက်ခေါင်းစက်ရုံမှာဆိုရင်သုံးမရပြင်မရတော့လို့ ဒီအတိုင်းပစ်ထားရတဲ့စက်ခေါင်းဟာ ၂၃ ခေါင်းအထက်ရှိတယ်လို့သိရပါတယ်။ အသိမိတ်ဆွေ စက် ခေါင်းမောင်းဆရာတယောက်က ကိုကျော်ရေ ကျွန်တော့်အသက် ၅၅ နှစ်ရှိပါပြီတဲ့ သွင်းလာတဲ့ စက်ခေါင်းတွေက ကျွန်တော့်ထက်အသက်ကြီးနေလို့ စက်ခေါင်းပေါ်တက်မယ်ဆိုရင်ရှိခိုးပြီးမှ တက်နေရပါတယ်တဲ့။ တင်သွင်းတဲ့အခါမှာ လဲ နိုင်ငံပေါင်းစုံကနေ တံဆိပ်မျိုးဆုံတင်သွင်းနေတော့ ကျုပ်တို့မမ၀န်ထမ်းတွေလည်း လင်ပေါင်းစုံနဲ့ဆက်ဆံနေရ သလိုဖြစ်နေတယ်ဗျာတဲ့။ သူများနိုင်ငံက ဟောင်းနွမ်းခေတ်မမှီတော့တဲ့စက်ခေါင်းတွေကို တိုင်းပြည်နဲ့ပြည်သူမျက်နှာ မကြည့်ဘဲ ကိုယ်ကျိုးပဲကြည့်ပြီး အသိပညာမဲ့စွာ တင်သွင်းခဲ့တော့ မမဌာနဟာ သူများနိုင်ငံအတွက် အမှိုက်ပုံသဖွယ် ဖြစ်နေပါတယ်။ မမကိုတာဝန်ယူခဲ့တဲ့ ခေတ်အဆက်ဆက်ဝန်ကြီးတွေဟာ မမကိုအမှိုက်ပုံလိုသဘောထားနေတာက တော့ များစွာစိတ်မကောင်းဖြစ်ရပါတယ်။
ဂျုံးဂျုံးကျနေတဲ့မမကို အချိန်မီ ပြန်လည်အဖတ်ဆည်နိုင်ဖို့ဆိုရင် နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေကို အထက်ကရော အောက်ခြေပိုင်းကပါပြုပြင်ကြဖို့လိုပါပြီ။ ပညာရှင်တွေကိုနေရာပေးရပါမယ်။ တပွဲတိုး မလုပ်ကြဘဲ ရေရှည်အကျိုးကိုကြည့်ပြီး စီမံကိန်းချပြုပြင်သင့်ပါပြီ။ အချိန်မီပါသေးတယ်။ ဌာနအားလုံးက ဟန်ချက်ညီညီနဲ့ စွမ်းအားပြည့် ကြိုးစားအားထုတ်ကြဖို့လိုပါလိမ့်မယ်။ ရေသာခိုအချောင်လိုက် အကျင့်ပျက်စရိုက်ဆိုးတွေ ဖျောက်ပစ်ရပါမယ်။ ယနေ့ မမဖြစ်သင့်တဲ့အခြေအနေထက် ပိုမိုဆိုးရွားစွာ ဖွတ်ဖွတ်ညက်ညက်ကြေသွားတဲ့ အဓိကအကြောင်း တရားတွေထဲမှာ အောက်ခြေ၀န်ထမ်းတွေအချို့ရဲ့အလုပ် တကယ်မလုပ်မှု အကျင့်ပျက်ခြစားမှုများရှိနေခြင်းတွေ ကြောင့်လည်း ပါတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါ။
တချက်ပဲထောက်ပြပါရစေ။ ဒီနေ့မီးရထားတွဲတွေ၊ လမ်းတွေ၊ ဘူတာတွေ စုတ်ပြတ်နေတယ်မကောင်းဘူးဆိုတာ မှန်ပါ တယ်။ ဒါဆိုရင် အဲ့ဒါတွေပြင်ဆင်ဖို့ အစိုးရက ဘတ်ဂျက်ချမပေးလို့လား။ ဆိုတော့ပြီးခဲ့တဲ့ ၂၀၁၄/၁၅ ဘဏ္ဍာနှစ်မှာ ချပေးတဲ့ ဘတ်ဂျတ်ငွေဟာ ပိုနေတဲ့အတွက် (၈)ဘီလျံတောင် အစိုးရကိုပြန်အပ်ရတယ်တဲ့။ ကဲစဉ်းစားကြည့်တော့ ပြုပြင်သင့်တာတွေကိုမပြုပြင်ဘဲ ချပေးတဲ့ငွေပိုလို့ပြန်အပ်တယ်တဲ့။ ဒီအချက်ကိုကြည့်တာနဲ့ မမ၀န်ထမ်းတွေ တကယ် အလုပ်လုပ်သလား မလုပ်သလားဆိုတာတွေ့မြင်ရမှာပါ။ ဘတ်ဂျက်ချပေးတဲ့အစိုးရအနေနဲ့လည်း ၀န်ကြီးဌာနတွေကို ဘတ်ဂျက်ချပေးတဲ့နေရာမှာ ပြီးစလွယ်ချမပေးသင့်ပါဘူး။ ချပေးတဲ့ငွေပိုနေရင်လည်း ဘာလို့ပိုနေတာလဲ လိုနေရင် သေးရင်လည်း ဘာလို့လိုနေတာလည်းဆိုတာ စစ်ဆေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်း အကြံပြုချင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောချင်တာက မမ၀န်ကြီးဌာနဟာ မီဒီယာရဲ့အသံ ပြည်သူအသံကိုနားထောင်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ကြမယ်ကြားသိရလို့ ၀မ်းသာမိပါတယ်။ကြိုဆိုပါတယ်။ ဒါပေမဲ့ တကယ်ပြောင်းလဲမှာလားဆိုတာစောင့်ကြည့်ရပါဦး မယ်။ ရှေ့မှာ သာဓကတွေအများကြီးရှိလို့ မယုံရဲသေးတာကတော့အမှန်ပါပဲ။ ကောက်ရိုးမီးမဖြစ်ဖို့ ဟန်ပြမဖြစ်ဖို့ လိုပါ တယ်။ ပြည်သူအားလုံးရော မမ၀န်ထမ်းများကပါ မမပြောင်းလဲတိုးတက်ပြောင်းလဲလာဖို့ မျှော်လင့်နေကြပါတယ်။
စစ်မှန်တဲ့ပြောင်းလဲမှုတခုကိုလုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ယနေ့ မမကိုတာဝန်ယူထားတဲ့ လူကြီးမင်းများဟာ မမအတွက် နိုင်ကြသူတွေဖြစ်သွားမှာပါ။ အခွင့်ရေးကိုအသုံးချနိုင်ဖို့လိုပါတယ်။ စစ်မှန်တဲ့ပြောင်းလဲမှုဖြစ်ပါစေ ဂျုံးဂျုံးကျနေတဲ့မမ ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှု တဖန်ပြန်လည်ရရှိပါစေ အမှိုက်ပုံဘ၀ကနေ အမြန်ဆုံးလွှတ်မြောက်ပါစေ ဆုမွန် ကောင်း တောင်းပေးလိုက်ပါတယ်။
- ကျော်ကြီး (MDY)

Post a Comment

 
Top