မြိတ်၊ စက်တင်ဘာ ၂၅
မြို့နယ်ရဲမှူး အမည်ဖြင့် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က လူကြီးလမ်းကြောင်း ပါနေသည် ဟုဆိုကာ မြိတ်မြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ ဖုန်းငွေကတ်များ လိမ်လည်ဖြည့်သွင်းခိုင်းမှု တစ်ခု ဖြစ်ခဲ့ကြောင်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းမှ သိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့က နယ်လုံဝန်ကြီး မြိတ်မြို့သို့ ရောက်ရှိလာကာ ယင်းနေ့တွင် အရေးပေါ်ကိစ္စဖြင့် တနင်္သာရီ မြို့နယ်သို့ တက်ရောက်သွားခဲ့ပြီးနောက် ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းမှ ထပ်မံသိရသည်။
မြိတ်မြို့နယ်ရဲမှူး ဦးသန်းဦးဟု မိတ်ဆက်ကာ လူကြီးလမ်းကြောင်း ပါနေသည့် အတွက် ဖုန်းဘေများ ကုန်နေပြီး ဆက်သွယ်ရေး ခက်ခဲနေသဖြင့် ဖုန်းငွေဖြည့်ပေးရန် အကူအညီ တောင်းခံခဲ့ကြောင်း မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးသုံးဦး ထံမှ သိရသည်။
တစ်ရက်တည်း ၀၉၂၆၄၀၉၅၃၉၀ ဖုန်းနံပါတ် တစ်ခုတည်းဖြင့် ဆက်သွယ်လာပြီး ယင်းကဲ့သို့ ဖုန်းငွေဖြည့်ကတ် လိမ်လည် ဖြည့်ခိုင်းခြင်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းထံမှ သိရသည်။
ယင်းကိစ္စနဲ့ ပတ်သက်ပြီး မြိတ်မြို့နယ် ရဲမှူးထံ ဆက်သွယ်မေးမြန်းရာ “အဲဒီလို အကူညီတောင်းတာ တစ်ခါမှ မရှိပါဘူး။ ရပ်ကွက်အုပ်ရေးမှူးတွေနဲ့ ကျွန်တော်တို့က အားလုံး ညီအစ်ကိုတွေလို နေကြတာ။ အကူအညီလိုအပ်ရင် ကျွန်တော်တို့က ပြန်တောင် ကူညီရဦးမယ်။ ဒီသတင်းကို ကျွန်တော်လည်း ကြားပါတယ်။ ရေရေရာရာ မဟုတ်ပါဘူး၊ ဒီဖြစ်ရပ်ကို အုပ်ချုပ်ရေးမှူး တွေက ဟာသသဘောနဲ့ ပြောနေကြတာပါ” ဟု မြိတ်မြို့နယ် ရဲမှူးဦးသန်းဦးက မှတ်ချက် ပြုပြောဆိုသည်။
မြို့နယ်ရဲမှူးနှင့် အနည်းငယ်ရင်းနှီးပြီး အသံကို မှတ်မိနေသည့် အုပ်ချုပ်မှူးတစ်ဦး ကမူ အထက်ပါ ဖုန်းနံပါတ်ဖြင့် ၎င်းထံ သုံးကြိမ်တိုင်တိုင် ဖုန်းဆက်လာသော်လည်း ဖုန်းကတ် ငွေဖြည့်မပေးခဲ့ဟု သိရသည်။
ယင်းဖြစ်ရပ်ကြောင့် မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံမှ ငွေဖြည့်ကတ်များ ခုနစ်သောင်း၊ ၁ သိန်းနှင့် ၁ သိန်းခွဲအထိ လေးငါးဦးခန့် လိမ်လည် ဖြည့်ခိုင်းခံရပြီး အချို့မှာ ရှက်သည့်အတွက် မပြောကြဟု ၎င်းတို့ထံက သိရသည်။
(Dawei Watch)
The Voice Weekly
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.