0

အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်း တက်ရောက်ကြမည့် ကျောင်းသူ၊ ကျောင်းသားများကို နိုဝင်ဘာလ ၉ ရက်နေ့အရောက် ပို့ချပေးမည့် သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်ကို လာရောက်ကြရန် အဆင့်မြင့်ပညာဦးစီးဌာနက အမိန့်ထုတ်ပြန်လိုက်ခြင်းမှာ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲပြီး နောက်တစ်ရက် ဖြစ်နေသည့်အတွက် များစွာ မေးခွန်းထုတ်စရာ ရှိပေသည်။
အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်း တက်ရောက်ကြမည့် ကျောင်းသူ၊ ကျောင်းသား အများစုမှာ နယ်တွင်နေထိုင်ကြသူများ ဖြစ်သည့်အတွက် နိုဝင်ဘာလ ၉ ရက်မတိုင်မီ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များရှိရာသို့ ယင်းရက်မတိုင်မီ ကြိုတင်ရောက်ရှိရန် လိုအပ်မည်ဖြစ်ရာ ရွေးကောက်ပွဲနေ့တွင် တိုက်ရိုက်မဲမပေးနိုင်ရန် ကန့်သတ်လိုက်သကဲ့သို့ ဖြစ်သွားပေသည်။
ဒီမိုကရေစီ အရပ်သားနာမည်ခံ အစိုးရအဖွဲ့မှ ပညာရေး ဝန်ကြီးဌာန၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၏ ကြီးကြပ်မှုအောက်မှ အဝေးသင်တက္ကသိုလ်သည် ယနေ့အချိန်အထိ ဗဟိုဦးစီးစနစ်ဖြင့် စီမံခန့်ခွဲလျက် ရှိနေသဖြင့် အနီးကပ်သင်တန်း ရက်သတ်မှတ်မှုမှာ အစိုးရ၏ ပါဝင်စွက်ဖက်မှု သေချာပေါက် ရှိနေမည် ဖြစ်သည်။
လက်ရှိအစိုးရသည် အများသိထားသည့်အတိုင်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းထားသည့် အစိုးရ ဖြစ်နေသည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့၏ အဓိကပြိုင်ဘက် အတိုက်အခံပါတီ တစ်ခုခုကို မဲပေးနိုင်ခြေ ရှိသည်ကို သိနေသည့်အတွက် အဝေးသင်တက္ကသိုလ် ကျောင်းသားများကို မဲပေးခွင့် ဆုံးရှုံးသွားစေရန် သို့မဟုတ် ၎င်းတို့စိတ်ကြိုက် ကစားနိုင်သည့် ကြိုတင်မဲများ ဖြစ်သွားစေရန် တမင်ရည်ရွယ်ချက်ဖြင့် ဤသို့ ရက်သတ်မှတ်ခြင်း ပေလောဟု ဝေဖန်စောကြောစရာ ဖြစ်သွားခဲ့သည်။
ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရွေးကောက်ပွဲကော်မရှင်၏ အငြင်းပွားဖွယ် လုပ်ဆောင်မှုများ၊ ထုတ်ပြန်မှုများ၊ ပြောဆိုမှုများနှင့် အာဏာရပါတီ အလိုကျ စီမံခန့်ခွဲ လုပ်ဆောင်မှုများကို ထောက်ချင့်ကာ လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲ ဖြစ်မဖြစ် သံသယဖြင့် စောင့်ကြည့်ပြောဆိုမှု များစွာရှိနေပေသည်။
မည်သို့ပင်ဖြစ်စေ အဝေးသင်တက္ကသိုလ်၏ အနီးကပ်သင်တန်းများ တက်ရောက်ရမည့်ရက်ကို ရွေးကောက်ပွဲနေ့နှင့် တစ်ရက်သာခွာ၍ သတ်မှတ်မှုမှာလည်း အဝေးသင်တက္ကသိုလ် ကျောင်းသားများ၏ မဲပေးခွင့် အခြေခံအခွင့်အရေးကို သွယ်ဝိုက်ကန့်သတ်သည့် သဘောသက်ရောက်နေပြီး ပယ်မဲ သို့မဟုတ် ကြိုတင်မဲအဖြစ် အသွင်ပြောင်းကာ အာဏာရပါတီ ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သည့် မဲရရှိစေရန် ပြင်ဆင်ထားသည့် အစီအစဉ်ပေါင်း များစွာအနက် တစ်ခုဖြစ်နေပါက ပညာရေး ဝန်ကြီးဌာန (ဝါ) အစိုးရ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို အိုးမဲသုတ်သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ (၂၇-၉-၂၀၁၅)
---------------------------
Editorial, The Voice Daily Vol-3/No-148
The Voice Weekly

Post a Comment

 
Top