0


ရခိုင်ပြည်နယ် အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ်
အိမ်ထောင်စုပေါင်း ၁ ဒသမ ၂ သန်း လျှပ်စစ်မီးရရှိနိုင်မည့် အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်းအ ကောင်အထည်ဖော် ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ ဒေါ်လာ သန်း ၄၀၀ ကို အတိုးမဲ့ ထုတ်ချေးလိုက်ကြောင်း ၂၀၁၅ စက်တင်ဘာ ၁၇ ရက် ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ချေးငွေဖြင့် ပင်မလျှပ်စစ် ဓာတ်အားလိုင်းများ တိုးချဲ့မည်ဖြစ်ကာ ကျေးလက်ဒေသများတွင် ပင်မလျှပ်စစ် ဓာတ်အားလိုင်း ပြင်ပနည်းလမ်းများ အသုံးပြုကာ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ကမ္ဘာ့ဘဏ်အုပ်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် (Country Partnership Frame Work) မှာ ဖော်ပြထားသလိုပဲ ကျွန်တော်တို့အနေနဲ့ အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်းကို အကောင်အထည် ပေါ်လာအောင် ပံ့ပိုးကူညီပေးသွားမှာပါ။ လျှပ်စစ်မီး ရရှိခြင်းကြောင့် ဖြစ်ထွန်းလာမယ့် အကျိုးအမြတ်တွေကို ပြည်သူတွေ လျင်လျင်မြန်မြန် ရရှိစေဖို့ ရည်ရွယ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ပြည်သူတိုင်း လျှပ်စစ်မီး သုံးစွဲနိုင်ရေးဟူသည့် ရည်မှန်းချက်သို့ ရောက်ရှိရန်အတွက် ပင်မလျှပ်စစ် ဓာတ်အားလိုင်းများ တိုးချဲ့သွားရန်နှင့် ဓာတ်အားလိုင်း ပြင်ပနည်းလမ်းများ အသုံးပြုကာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ အတိုးမဲ့ ထုတ်ချေးသည့် ဒေါ် လာ သန်း ၄၀၀ သည် ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့က ဖွံ့ဖြိုးဆဲ တိုင်းပြည်များအတွက် ရည်ရွယ်သည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ (International Development Association-IDA) မှ ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။
“အမေရိကန်ဒေါ်လာ သန်း ၄၀၀ နဲ့ ဆောင်ရွက်သွားမယ့် အခုစီမံကိန်းက မြို့တွေကို ပင်မလျှပ်စစ် ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပေးမှာ ဖြစ်သလို ဝေးလံတဲ့ ကျေးလက်ဒေသတွေအထိ လျှပ်စစ်မီးရရှိအောင် ကူညီဆောင်ရွက် ပေးမှာဖြစ်လို့ စာသင်ကျောင်း၊ ကျန်းမာရေး၊ ဆေးခန်းပစ္စည်းတွေကိုလည်း မီးအသုံးပြု လာနိုင်ပါလိမ့်မယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
အဆိုပါ စီမံကိန်းသည် လက်ရှိပင်မ လျှပ်စစ်ဓာတ်အားလိုင်းကို ဗို့အားအလယ်အလတ်နှင့် ဗို့အားအနိမ့် ကွန်ရက်များကို ထပ်မံချိတ်ဆက်ခြင်းဖြင့် တိုးချဲ့သွားမည်ဖြစ်ကာ မြို့ပေါ်ရှိ အိမ်ထောင်စုများကို လျှပ်စစ်မီး ပိုမိုပေးအပ်သွားနိုင်ရန် ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပင်မဓာတ်အားလိုင်းနှင့် ဝေးလံသည့် နေရာများ၌ တည်ရှိသည့်ကျေး ရွာများအတွက် ပင်မလျှပ်စစ် ဓာတ်အားလိုင်း ပြင်ပလျှပ်စစ်မီးရရှိရေး နည်းလမ်းများ အသုံးပြုကာ လျှပ်စစ်မီးအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းနည်းလမ်းများအတွက် နေစွမ်းအင်နှင့် အသေးစား လျှပ်စစ်ကွန်ရက်စနစ်များ တည်ဆောက်ခြင်းတို့လည်း ပါဝင်မည်ဖြစ်ကာ အဆိုပါစီမံကိန်းကြောင့် အိမ်ထောင်စုပေါင်း ၁ ဒသမ ၂ သန်း လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ပြည်သူပေါင်း ၆ ဒသမ၂ သန်းအတွက် အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း သိရသည်။
“အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်းက မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးမှုတွေကို ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ မြို့ပြနဲ့ ကျေးလက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေ၊ ပိုမို ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပေးအပ်နိုင်စေဖို့နဲ့ စာသင်ခန်းတွေ မီးလင်းဖို့ ကူညီနိုင်ပါ လိမ့်မယ်” ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ရာခိုင်နှုန်း ၇၀ ခန့်သည် လျှပ်စစ်မီးသုံးစွဲနိုင်ခြင်း မရှိဘဲ ယခုဆောင်ရွက်မည့် ခြောက်နှစ်တာ စီမံကိန်းသည် စာသင်ကျောင်း၊ ဆေးခန်းနှင့် ကျေးရွာခန်းမများ စုစုပေါင်း နှစ်သောင်းသုံးထောင်ခန့်နှင့် လမ်းမီးတိုင်ပေါင်း တစ်သိန်းသုံးသောင်း နှစ်ထောင်ခန့်အတွက် လျှပ်စစ်မီး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

Post a Comment

 
Top