0

နှစ်စဉ်ဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ ဒေါ်လာ သန်း ရာနှင့်ချီတန်ကြေးရှိ သစ်ခိုးထုတ်မှုသည် မြင့်တက်လာနေပြီး သစ်ခိုးခုတ်သူများသည် အကျိုးအမြတ်ရှာဖွေရင်း မြန်မာ့သစ်တောများ၏ တောနက်တောတွင်းပိုင်းများသို့ ရောက်ရှိနေပြီဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။
စက်တင်ဘာ ၁၇ ရက် ကြာသပတေးနေ့က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ လွန်ခဲ့သော ၃ နှစ်အတွင်း မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ စီးဝင်နေသော သစ်တန်ချိန်ပမာဏမှာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ကြောင်း လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) က ပြောသည်။
“အထူးသဖြင့် တန်ဖိုးကြီးတဲ့ ကျွန်း၊ တမလန်းလို သစ်မာတွေကို ရှာဖွေရင်း တရုတ်ဘက်က သစ်ထုတ်ယူမှုတွေက မြန်မာ့သစ်တောတွေရဲ့ တောတွင်းပိုင်းတွေအထိရောက်နေပြီလို့ ကြားသိရတယ်။ မြန်မာနိုင်ငံထဲမှာ အခြေခံအဆောက်အဦဖြစ်တဲ့ ဆည်ဆောက်တာတွေ လမ်းဖောက်တာတွေကြောင့် တရုတ်သစ်သူဌေးကြီးတွေ မြန်မာ့အဖိုးတန်သစ်တောတွေဆီကို အလွယ်တကူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ကြတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီသစ်တောတွေကို မှီခိုနေတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ဒီသစ်တောတွေရဲ့အခြေအနေဟာ ပြန်လည်ပြုပြင်လို့ မရနိုင်တဲ့အနေအထား ဖြစ်သွားလိမ့်မယ်”ဟု အစီရင်ခံစာ ပြုစုသူတဦးဖြစ်သူ Faith Doherty က ပြောသည်။
ကမ္ဘာပေါ်တွင် ဇီဝမျိုးကွဲကြွယ်ဝမှုတွင် အမြင့်မားဆုံးသော သစ်တောများတွင် ပါဝင်သည့် မြန်မာ့သစ်တောများသည် တရားမ၀င်သစ်ခိုးထုတ်သူများ၏ပစ်မှတ်ဖြစ်ခဲ့သည်မှာ ၁၉၈၀ ခုနှစ် နှောင်းပိုင်းကတည်းက ဖြစ်သည်။ ၉၀ ခုနှစ်များအတွင်း တရုတ်ပြည် ယူနန်သို့ တရားမ၀င် သစ်တင်ပို့မှုနှင့်အတူ မြန်မာ့သစ်တောပြုန်းတီးမှု အမြင်မားဆုံးဖြစ်ခဲ့သည်။ မြန်မာ့သစ်တော့ပြုန်းတီးမှုအတိုင်းအတာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ဖော်ခဲ့ကြပြီး ၎င်း၏တွန်းအားကြောင့် တရုတ်ဗဟိုအစိုးရက သစ်တင်သွင်းမှုနှင့် တရုတ်နိုင်ငံသားများ နယ်စပ်ဖြတ်ကျော် သစ်ခုတ်မှုကို တားမြစ်ခဲ့သည်။
၂၀၁၂ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြင့် ကမ္ဘာသို့တံခါးဖွင့်ခဲ့ရာ သစ်တောပြုန်းတီးမှုလှိုင်းသစ်ကြီး တဖန်ပြန်လာလေမည်လောဟု စိုးရိမ်မှုများ ရှိခဲ့သည်။ ယခုအခါ ထိုစိုးရိမ်မှုများ အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။ တရုတ်ပြည်သို့ စီးဝင်နေသော တရားမ၀င် သစ်ပမာဏသည် လွန်ခဲ့သော ဆယ်စုနှစ် အမြင့်မားဆုံးစံချိန်နီးပါး ရောက်ရှိနေပြီ ဖြစ်သည်။
“နေ့ရက်ဆိုးတွေ ပြန်လာပြီ”ဟု သစ်တောအရေးကမ်ပိန်းသမားကြီး Jago Wadley က ပြောသည်။
Wadley ၏အဆိုအရ ၂၀၁၄ တနှစ်ထဲမှာပင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သော သစ်လုံးပမာဏမှာ ၉ သိန်း ၇ သောင်း ၈ ထောင် ကုဗမီတာ ရှိပြီး အများစုမှာ တရားမ၀င် သစ်များ ဖြစ်သည်။ မြန်မာနိုင်ငံမှတရားမ၀င်သစ်ခိုးထုတ်မှုတွင် ယူအက်စ်၊ အီးယူ၊ သြစတြေးလျတို့လည်း ပါဝင်ပတ်သက်မှုရှိသော်ငြား တမလန်းသစ် ခိုးထုတ်ခြင်းအတွက်မူ တရုတ်တွင် အဓိကတာဝန်ရှိသည်။
ဓနဂုဏ်ပြသရန် တန်ဖိုးကြီးပစ္စည်းများသာသုံးစွဲသည့် တရုတ်သူကြွယ်ကြီးများအတွက် ထိုသစ်ပင်များကို ခုတ်လှဲပေးနေကြခြင်း ဖြစ်သည်ဟု Wadley က ပြောသည်။
“ဒါက ဘယ်လိုမှ ရေရှည် ထိန်းသိမ်းလို့ မရမယ့် လုပ်ငန်းကြီးဖြစ်တဲ့အပြင် တာဝန်မဲ့ရာလည်း ကျတယ်။ တရုတ်အစိုးရက တခုခုတော့ လုပ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။
ပိတောက်နှင့် တမလန်းကို အဓိကထား ခုတ်ယူကြပြီး အဆိုပါ သစ် ၂ မျိုးသည် နောင် ၁၀ နှစ်အတွင်း မြန်မာ့မြေမှ လုံးဝပျောက်ကွယ်သွားလိမ့်မည်ဟု ၎င်းက သတိပေးပြောကြားသည်။
“ရေရှည်ထိန်းသိမ်းလို့ လုံးဝမရနိုင်တဲ့ ကုန်သွယ်မှုပါ”ဟု ၎င်းက ပြောသည်။
EIA မှ စုံစမ်းရေးသမားများသည် တရုတ်နိုင်ငံတွင်း သစ်လုံးများကြိတ်ခွဲစက်များရှိရာမြို့မှ မြန်မာနိုင်ငံနယ်စပ်ရှိ သစ်တောများဆီသို့ ခရီးနှင်ခဲ့စဉ် သစ်ခိုးခုတ်လုပ်ငန်းကို ရှင်သန်ကြီးထွားစေသည့် ရာဇ၀တ်ဂိုဏ်းကို တွေ့ရှိခဲ့သည်။ တရုတ်စီးပွားရေးသမားများသည် ကျချင်ပြည်နယ်တွင်းရှိ အချို့သော တောတောင်ကြီးများကို အပြောင်ရှင်းရန် တောင်ကတုံးတုံးခွင့်ရရန် ရွှေချောင်းများဖြင့် ၀ယ်ယူကြသည်ဟု EIA ကမ်ပိန်း ဒါရိုက်တာ Julian Newman က ပြောသည်။
“အဲဒီကို ၀င်သွားပြီးရင် ခုတ်နိုင်သလောက် ခုတ်၊ မြန်နိုင်သမျှ မြန်မြန် ခုတ်၊ ရသမျှ အကုန်ယူ အဲဒီလိုမျိုးဗျ။ တကယ့်အဖျက်လုပ်ငန်းကြီး။ တော်တော် ကြောက်စရာကောင်းတဲ့ အတိုင်းအတာနဲ့ကို ဖြစ်နေတာ”ဟု ၎င်းက ပြောသည်။
EIA စုံထောက်များသည် တရုတ်ပြည် ဂွမ်ဒေါင်းပြည်နယ်မှ သစ်ကြိတ်ခွဲစက်များနှင့် သစ်ထည်စက်ရုံများသို့ ၀ယ်ယူလိုသူများအဖြစ် သွားရောက်ခဲ့သည်။
“ဒီပစ္စည်းတွေ တရုတ်ပြည်ထဲကို ဘယ်လမ်းကြောင်းက ၀င်လာလဲဆိုတာ ကျုပ်တို့ ဂရုမစိုက်ဘူး။ တရုတ်အစိုးရကို အခွန်ဆောင်ထားတယ်ဆို ပြီးတာပဲ”ဟု စက်ရုံပိုင်ရှင်တဦးက ပြောသည်။
မြန်မာနိုင်ငံတွင်းသို့ စေလွှတ်ခြင်းခံရသော သစ်ခုတ်သမားတို့၏ နုံခြာသော ဘ၀များကိုလည်း မြင်တွေ့ခဲ့ရသည်။ ဟူနန်ပြည်နယ်မှ သစ်ခုတ်သမားများအဖွဲ့ မိုင်းနင်းမိ၍ တစစီလွှင့်စင်ပေါက်ကွဲပြီး သေဆုံးသွားခဲ့ကြသည်ကို အတူလိုက်ပါခဲ့သူ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော တရုတ်ကားဒရိုင်ဘာတဦးက ပြောပြသည်။
ယခုနှစ်တွင်း တရုတ်သစ်ခုတ်သမား ၁၅၃ ဦးကို သစ်ခိုးခုတ်မှုဖြင့် မြန်မာအစိုးရက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ရာမှ ၎င်းတို့အကြောင်း သတင်းစာမျက်နှာများပေါ်သို့ ရောက်ရှိလာခဲ့သည်။ ထိုပြစ်ဒဏ်ချမှတ်မှုကို တရုတ်မီဒီယာများက ဝေဖန်ခဲ့ကြသည့်အပြင် အနောက်မီဒီယာများသည် တရုတ်က မြန်မာ့သယံဇာတများကို လုယက်နေသည်ဟုဆိုကာ တရုတ်-မြန်မာဆက်ဆံရေးပျက်ပြားစေရန် လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ အဆိုပါ သစ်ခုတ်သမားများကို ပြစ်ဒဏ်ချမှတ်ပြီး ၈ ရက်အတွင်း သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
၎င်းတို့သည် မြန်မာ့သစ်တော ပြုန်းတီးမှု၏အဓိကတာဝန်ရှိသည်ဆိုခြင်းကို ကမ္ဘာပေါ်တွင် တရားမ၀င်သစ်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သော တရုတ်က မကြာသေးမီအချိန်ကအထိ လုံးဝ ငြင်းဆန်နေခဲ့သည်။ တရုတ်သစ်တောဦးစီးဌာနက နိုင်ငံခြားတွင် လုပ်ကိုင်မည့် သစ်ကုမ္ဗဏီများအတွက် လိုက်နာရမည့် စည်းမျည်းများ ရေးဆွဲလျက်ရှိရာ ဖြေးဖြေးချင်း ပြောင်းလဲလာပြီဖြစ်သည်ဟု Doherty က ပြောသည်။
ဥက္ကာဦး
Ref ; The Guardian

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Post a Comment

 
Top