Published on Thu, 09/17/2015 - 19:13
မဲစာရင်းစာရွက်များ ဆုတ်ဖြဲခံထားရမှုကို တွေ့ရစဉ်
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ပုသိမ်လေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ကြော်ငြာသင်ပုန်းတွင် ကပ်ထားသောရွေး ကောက်ပွဲမဲစာရင်း စာရွက်များအားလုံးနီး ပါးဆုတ်ဖြဲခံရမှု စက်တင်ဘာ ၁၆ ရက်ညက ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ပုသိမ်လေးကျေးရွာမှ မဲပေးခွင့်ရှိသူများ စာရင်းပေါင်း ၈၆ ရွက်ကပ်ထားခဲ့ရာ ၅၄ ရွက်ကို ဆုတ်ဖြဲခံထားရကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီး မြို့မရဲစခန်းမှ သွားရောက် စုံစမ်းခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ အဆိုပါ မဲစာရင်းစာရွက် ဆုတ်ဖြဲသွားသူများမှာ ပုသိမ်လေး ကျေးရွာနေ ဝေဠု ၁၉ နှစ်နှင့် လှမျိုးကျော် ဆေးသုတ်လုပ်ကိုင်သူ တို့ဖြစ်ကြောင်း သိရသဖြင့် ပုသိမ်လေးကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ဝင်းက တိုင်တန်း၍ ပုသိမ်ကြီးမြို့မ ရဲစခန်းတွင် (ပ) ၂၄၀/၂၀၁၅ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ (က)အရ အမှုဖွင့်ထားကြောင်း သိရပြီး ၎င်းတို့မှာ ဖမ်းမိခြင်း မရှိသေးကြောင်း သိရသည်။
ထိုသို့ဆုတ်ဖြဲခံရသည့် မဲစာရင်းများကို စက်တင်ဘာ ၁၇ ရက်က ကြော်ငြာသင်ပုန်းတွင် ပြန်လည်ကပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၉ ရက်ကလည်း အောင်မြေသာစံမြို့နယ် မင်းတဲအီကင်း ရပ်ကွက်တွင် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်လောင်းများ စာရင်းကပ်ချိန်တွင် ၎င်းရပ်ကွက်နေ အောင်အောင်(ခ) အငယ် လေးဆိုသူက မူးယစ်ကာ ဆဲဆိုသဖြင့် မြို့မရဲစခန်းက (ပ)၂၅၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၅၃/၂၉၄ ဖြင့် အမှုဖွင့် ဖမ်းဆီးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် စာရင်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်ထိ ထုတ်ပြန်ကြေညာ ထားမည်ဖြစ်ရာ မဲစာရင်းတွင် အမှားယွင်းများစွာ ပါနေခြင်း၊ ယခင်ထုတ်ပြန်ခဲ့သည့် မဲစာရင်းတွင် ပါဝင်သော်လည်း ယခုထုတ်ပြန်သည့်အခါ မပါဝင်ခြင်းများ ရှိနေခြင်းကြောင့် သွားရောက်ကြည့်ရှုကြရန် လိုအပ်ကြောင်းနှင့် အမည်မပါဝင်ခြင်း၊ မှားယွင်းနေခြင်းနှင့် မပါသင့်သူများ ပါဝင်နေပါက ကန့်ကွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။
Writer:
ယဉ်မျိုးသွယ်
http://news-eleven.com/
Post a Comment