ရန်ကုန်၊ စက်တင်ဘာ ၁၇ - မဟာဓာတ် အားလိုင်းစနစ်ပြတ်တောက်ခဲ့သည့် အတွက် ရန်ကုန်တစ်မြို့လုံးတွင် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းမှစတင်ကာ အချိန်ကြာမြင့်စွာ မီးပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။
ယင်းကဲ့သို့ မီးပြတ်တောက်မှုများကြောင့် ရန်ကုန်မြို့ လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတွေက ၂၄ နာရီ မီးရမည်ဟု ပြော ကြားထားသော်လည်း မကြာခဏ မီးပြတ်တောက် ခြင်းများဖြစ်ပေါ်နေ မှုများကြောင့် ကတိပျက် နေမှုအပေါ် ပြည်သူများအကြား စိတ်ပျက် လက်ပျက်ဝေဖန်မှုများ ဖြစ်ပေါ်နေခဲ့သည်။
ကျောက်တံတားမြို့နယ်မှ ဦးနိုင်က ''နွေ ရာသီမီးပျက်တာ လက်ခံနိုင်တယ်။ မိုးတွင်း မီးပျက်တာ ဘယ်လိုမှ လက်မခံနိုင်ဘူး။ အခု နောက်ပိုင်း စနေ၊ တနင်္ဂနွေတိုင်း မီးပျက်နေ တယ်။ လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်ပေါ် ရတယ်။ အခု ရန်ကုန်မြို့လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက မီး ၂၄ နာရီအပြည့် အဝပေးမယ်ပြောထားပြီးတော့ ပြည်သူကိုအ သိမပေးဘဲ လျှပ်စစ်ဓာတ်အားပြတ်တောက် မှုတွေက အဲဒီဌာနအနေနဲ့ ပြည်သူတွေကို လိမ်နေသလို ဖြစ်နေတယ်''ဟုပြောသည်။
အဆိုပါလျှပ်စစ်မီးပြတ်တောက် မှုမှာ ယင်းနေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်မှ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း၏ Call Centre မှသိရသည်။
မရမ်းကုန်းမြို့နယ်မှ ဒေသခံ တစ်ဦးက ''လျှပ်စစ်ဓာတ်အားပေးရေး ကော် ပိုရေးရှင်းက ၂၄ နာရီ မီးရမယ် ပြောတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ခဏခဏမီးပြတ်တောက်မှုတွေဖြစ် တယ်။ ဌာနကမလုပ်နိုင်ဘဲ ကတိတွေ လျှောက်ပေးနေတယ်''ဟု ပြောသည်။
Call Centre မှ တာဝန်ရှိသူ တစ်ဦးက ''ရန်ကုန်တစ်မြို့လုံး မီးပျက် နေတာပါ။ ရန်ကုန်မြို့အဝင်မှာ မဟာ ဓာတ်အားလိုင်းက System Breakdown ဖြစ်ပြီး ပြတ်တောက်သွား တာပါ။ အခု လူကြီးတွေ System Breakdown ဖြစ်တဲ့နေရာကို သွား ရောက်ပြီး ပြင်ဆင်ဆောင်ရွက်နေကြ ပါတယ်။ ဘယ်အချိန်ပြီးစီးမယ်ဆိုတာ တော့ ပြောဖို့ခက်ပါတယ်''ဟု ပြော သည်။
စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ် ထားသော မိတ္တူလုပ်ငန်းရှင်တစ်ဦး က မီးအချိန်ကြာမြင့်စွာ ပြတ်တောက် သွားသည့်အတွက် လုပ်လက်စလုပ် ငန်းများကိုရပ်ထားရကြောင်း၊ မည် သည့်အချိန်တွင် မီးပြန်လာနိုင်မည် ကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်း များ မအားသည့်အတွက် ထပ်မံမေး မြန်းခြင်းမပြုတော့ဘဲ မီးပြန်လာသည့်အချိန်ကို သာ စောင့်မျှော်နေ ကြောင်းပြောသည်။
ကမာရွတ်မြို့နယ်တွင် နေထိုင် သူ ရုံးဝန်ထမ်းတစ်ဦးကလည်း ''ဒီ လိုမီးကြာကြာပျက်တာမျိုးကလဲ မဖြစ် တာကြာပြီ။ ပျက်လိမ့်မယ်လဲ မထင် တော့ ရေမတင်ခဲ့မိဘူး။ ဒီနေ့ကတော့ ရေအတွက် ဒုက္ခရောက်တော့မယ် ထင်တယ်။ ဒီလိုအကြာကြီးပျက်မယ် ဆိုရင်လဲ လျှပ်စစ်ဌာနက ကြိုပြီးကြေ ညာသင့်တယ်''ဟုဆိုသည်။
ယင်းသို့ အချိန်ကြာမြင့်စွာ မီး ပြတ်တောက်သွားသည့်အတွက် ရုံးတွင် မီးစက်မောင်းပြီး အလုပ်လုပ်ကိုင် နေရကြောင်း သုဝဏ္ဏတွင်နေထိုင် သူ ဒေါ်ယဉ်နွယ်မျိုးကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးမှ လျှပ် စစ်အင်ဂျင်နီယာတစ်ဦးက ''ရန်ကုန် ဝင်လာတဲ့ဓာတ်အားလိုင်း တောင်ငူ နဲ့ သဲဖြူကြားမှာ ချွတ်ယွင်းမှုတစ်ခုဖြစ် ပြီး ပြတ်တောက်မှုဖြစ်သွားတယ်လို့ သတင်းရပါတယ်။ အခုအချိန် အထိ တော့ပြင်နေဆဲပါ''ဟု စက်တင်ဘာ ၁၇ရက် ညနေပိုင်းတွင်ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး အလုံမြို့ နယ်တွင်နေထိုင်သူတစ်ဦးက''နှစ် နာရီလောက်ကပျက်သွားတာပါ။ တစ်မြို့လုံးပျက်တယ်လို့တော့ပြော တာပဲ။ တိုက်ခန်းဆိုတော့ မီးပြတ် သွားတော့ နေလို့မရလို့ အောက် ဆင်းဈေးဝယ်။ လမ်းလျှောက်နေရ တယ်''ဟုပြောသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေ ပေါက်ကံမှ ဒေါ်စီက ''ကျွန်မတို့မြို့ နယ်လဲ မီးပျက်သွားတာ အခုချိန်ထိ ကိုပြန်မလာသေးဘူး။ ထမင်းချက် ဖို့စောင့်နေတာ အခုချိန်ထိမလာလို့ Gas မီးဖိုနဲ့ချက်နေရတယ်။ အရင် နေ့တွေကလဲ မီးကတော့ ခဏခဏ ပျက်တာပဲ။ အရင်နေ့တွေကလဲ မီး ခဏခဏပျက်တဲ့အတွက် Gas မီးဖိုနဲ့ မီးသွေးမီးဖိုဆောင်ထားရတယ်။ မီး အားမကောင်းရင်လဲ ရေတင်လို့မ ရဘူး''ဟုပြောသည်။
ဗဟန်းမြို့နယ်မှ ဒေသခံတစ်ဦး ဖြစ်သူက ''မီးပျက်သွားတော့ အလုပ် တွေအားလုံးကိုရပ်ထားရတယ်။ ရုံး ထဲမှာလဲနေလို့မရဘူး။ ပူလောင်နေ တာပါ။ ရုံးအောက်ကို ဆင်းနေရ တယ်။ ဘယ်အချိန်ထိတော့ မီးပျက် နိုင်တယ်ဆိုတာမျိုးတွေကိုတော့ ဖုန်း Message ဖြစ်ဖြစ်တော့ ပို့သင့်တာ ပေါ့။ အခုက အိမ်လဲပြန်လို့မရဘူး။ထိုင်စောင့်နေ ရတယ်''ဟုဆိုသည်။
အဆိုပါလျှပ်စစ်မီးပြတ်တောက် မှုမှာ စက်တင်ဘာ ၁၇ရက် ညပိုင်း အထိဖြစ်ပေါ်နေဆဲဖြစ်ကာ ည ၇ နာရီ ဝန်းကျင်ခန့်တွင်မှ လျှပ်စစ်မီးပြန် လည်ရရှိခဲ့ကြောင်းသိရသည်။
AA
Post a Comment