ရန်ကုန်၊ စက်တင်ဘာ ၁၇
တပ်မတော်အစိုးရ လက်ထက် ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ညှိနှိုင်းပြီးမှသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောကြားသည်။
စက်တင်ဘာလ ၁၇ ရက် ည ၇ နာရီကျော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး အစီအစဉ်ကဏ္ဍတွင် ယင်းသို့ ထည့်သွင်းပြောကြားကာ မဲဆွယ်စည်းရုံးခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး မိမိတို့ပါတီက မူအရ သဘောတူထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပစဉ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လိုအပ်မည့် ဥပဒေ အချက်အလက်များသာမက ဒီမိုကရေစီ ခိုင်မာရေး လိုအပ်မည့် ဥပဒေ အချက်အလက်များ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မလွဲမသွေ ဖြည့်စွက်ပြင်ဆင်ရန် လိုအပ်လာမည် ဖြစ်ကြောင်း ဦးတင်နိုင်သိန်းက ပြောကြားသည်။
“ယခုလို ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးမီ ပြည်တွင်းပဋိပက္ခများ ရှိနေဆဲ ကာလမှာ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်ဟာ လွှတ်တော်၊ အစိုးရ၊ တိုင်းရင်းသားပြည်သူတို့နဲ့အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရမယ့် အဖွဲ့အစည်းကြီးတစ်ရပ်အဖြစ် ကျွန်တော်တို့ပါတီက ရှုမြင်ပါတယ်” ဟု ဦးတင်နိုင်သိန်းက ပြောကြားသည်။
ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစိုးရအဖွဲ့က စတင် လုပ်ဆောင်ပေးနိုင်ခဲ့သောကြောင့် “ဒီမိုကရေစီ ပြောင်းလဲမှုအစ ပြည်ခိုင်ဖြိုးက” ဟု ဆိုနိုင်ကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက မဲဆွယ်စည်းရုံး ပြောကြားသည်။
ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် တပ်မတော်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားပြည်သူ အားလုံးနှင့် အချိန်ယူ ရေးဆွဲပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ကြောင်းနှင့် လွှတ်တော်နှင့် အစိုးရ ဖွဲ့စည်းနိုင်သည်အထိ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရန် ကြိုတင် ပြင်ဆင်စီစဉ်ပေးခဲ့ကြောင်း ဦးတင်နိုင်သိန်းက ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးအေးသာအောင်က “ခု ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ပြောသွားပေမယ့် တကယ့်တကယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြင်ဖို့လိုအပ်တယ်၊ ပြင်သင့်တယ်။ နောက်တစ်ခုက ကြံ့ခိုင်ရေးပါတီ အနေနဲ့ ပြင်ချင်တယ်ဆိုရင် တချို့ပုဒ်မတွေကို ၂၀၁၅ မတိုင်ခင်မှာ ပြင်ဖို့အတွက် ကြိုးပမ်းသင့်တယ်၊ ကြိုးစားသင့်တယ်။ ဖြစ်အောင်လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။ တချို့ပုဒ်မတွေကို ပုဒ်မတွေအားလုံး မဟုတ်တောင် တချို့ပုဒ်မတွေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်သင့်တယ်၊ ပြင်ဖို့လိုအပ်တယ်။ ခုတော့ မသေချာ၊ မရေရာတဲ့ အနေအထားမှာ ဖြစ်သွားပြီလို့ ပြောချင်ပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။
ဒီမိုကရေစီနိုင်ငံအဖြစ် ဒုတိယအဆင့် အသွင်ကူးပြောင်းရေးကာလတွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကို ညင်သာချောမွေ့စွာ အောင်မြင်အောင် ဖော်ဆောင်ပေးနိုင်ခဲ့သောကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှု၊ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများ သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲလာခဲ့သည်ဟု ၎င်းက ဆိုသည်။
ရင့်ကျက်ခိုင်မာသည့် အဆင့်ကို မကူးပြောင်းဘဲ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူမျိုးစု ပြဿနာများ အစရှိသည့် စိန်ခေါ်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ရစေရန် ဦးစားပေး ဆောင်ရွက်ရေး လိုအပ်သောကြောင့် အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆွေးနွေးအဖြေရှာခဲ့ကြောင်း ဦးတင်နိုင်သိန်းက ထည့်သွင်းပြောကြားသည်။
ဆွေးနွေးမှုရလဒ်အဖြစ် နိုင်ငံရေး အခြေခံမူဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းများဖြင့် ဆက်လက်အဖြေရှာ ဆွေးနွေးပြီး တိုင်းရင်းသားများ၏ တန်းတူရရှိမှုအတွက် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ထူထောင်ရေး သဘောတူညီချက် ရခဲ့ကြောင်း ၎င်းက ဆိုသည်။
Post a Comment