အားကောင်းသော အယ်လ်နီညိုဖြစ်ပါက ပူပြင်းပြီး မိုးခေါင် ရေရှားမှုများ ကြုံတွေ့ရလေ့ရှိသည်/DIANA ULLOA/AFP
အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်နှင့် လေထုတိုင်းတာစောင့်ကြည့်ရေးအဖွဲ့ (NOAA) ၏ ရာသီဥတုပြောင်းလဲခြင်းလေ့လာစောင့်ကြည့်ရေးစင်တာက၂၀၁၅ တွင် ဖြစ်မည့်အယ်လ်နီညိုဖြစ်စဉ်သည် ပိုမိုအားကောင်းမည်ဟု ထုတ်ပြန်ကြေညာသည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပုံမှန်မဟုတ်သည့် မိုးရွာသွန်းခြင်း၊ အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်းများ ကမ္ဘာအနှံ့အပြားတွင် ခံစားရမည် ဟု ဟောကိန်းထုတ်ထားသည်။
အယ်လ်နီညိုဒဏ်ခံရမည့် အထဲတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာ့နိုင်ငံများတွင် စက်တင်ဘာလမှစတင်ကာ ခံစားနေရသော်လည်း မြန်မာနိုင်ငံတွင် ဒီဇင်ဘာမှစ၍ အကျိုးသက်ရောက်မှုများရှိ နိုင်မည်ဟု မိုးလေ၀သပညာရှင် များက ခန့်မှန်းထားသည်။
‘‘အယ်လ်နီညိုက ပူနွေး ခြောက်သွေ့တဲ့ရာသီဥတုဆိုတော့ မိုးနှောင်းနဲ့မိုးလွန်မှာ မိုးနည်းမယ် လို့ ခန့်မှန်းထားတယ်။ လာမယ့် ဆောင်းက အအေးပေါ့မယ်။ လောလောဆယ်တော့ မြန်မာနိုင် ငံအလယ်ပိုင်းကို မိုးမရွာတာအ တော်ကြာနေပြီ။ မိုးနည်းမယ်ဆို ရင် နွေရာသီကျရင် ရေပြဿနာ အကြီးအကျယ် ခံစားရမယ်’’ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။
ယခုနှစ်တွင် ဖြစ်ပေါ်သော အယ်လ်နီညိုဖြစ်စဉ်၌ လေစီးကြောင်းနှင့်အတူ ပျံ့နှံ့လာသည့် ရေနွေးငွေ့များသည် ၁၉၉၇ ခုနှစ် တွင်ဖြစ်ပေါ်ခဲ့သော ရေနွေးငွေ့ များထက် မလျော့နိုင်ဟု NOAA အဖွဲ့က ထုတ်ပြန်ထားသည်။
‘‘အယ်လ်နီညိုက ပင်လယ် အပူချိန်က ပုံမှန်ထက်ပူတာ။ ၂ စင်တီဂရိတ်ကျော်နေပြီ။ ပုံမှန်ဆို ရင် ဒီဇင်ဘာမှအားကောင်းတာ။ အခု စက်တင်ဘာ ပုံမှန်ထက်ပူနေ ပြီ။ အလွန်အားကောင်းတဲ့ဟာကို ဦးတည်နေပြီ။ အရင်ထက်ကိုပိုပူ နိုင်တယ်’’ဟု ဒေါက်တာထွန်းလွင် က သတိပေးသည်။
ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်း ပင်လယ်ရေပြင်၌ အပူချိန်သာမန်ထက်မြင့်မား နေသောကြောင့် အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ပြီး ထိုဖြစ်စဉ်သည် ပုံမှန် ၂ နှစ်မှခုနစ်နှစ်အတွင်း ဖြစ်ပေါ်တတ် သည်။ အယ်လ်နီညိုဖြစ်စဉ်သည် ပုံမှန် ဒီဇင်ဘာတွင် အားကောင်း လေ့ရှိသော်လည်း ယခုနှစ်သည် စက်တင်ဘာလကတည်းက အား ကောင်းနေခြင်းဖြစ်သည်။
အယ်လ်နီညိုဖြစ်စဉ်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ခံစားရမည်ဖြစ်သော်လည်း အလယ်ပိုင်းဒေသများတွင် ယခုစက် တင်ဘာနှင့်အောက်တိုဘာလများ (မိုးနှောင်း၊ မိုးလွန်)၌ မိုးမရရှိပါက နွေရာသီရေပြတ်လပ်ခြင်းကိုယခင် နှစ်များထက် နှစ်ဆပိုခံစားရနိုင် သည်ဟု မိုးလေ၀သပညာရှင်များ က ကြိုတင်သတိပေးထားသည်။
‘‘မိုးကောင်းကောင်းမရွာတာ တစ်လလောက်ရှိပြီ။ တအားပူတာ။ မီးစကြီးနဲ့ ထိုးထားသလိုပဲ။ မနေ့က တစ်နာရီလောက် မိုးရွာတယ်။ လူတွေများ ၀မ်းသာနေ လိုက်ကြတာမပြောပါနဲ့။ မနေ့က ရွာထားတဲ့မိုးရေတွေကို အကုန်စုပ်ပစ်လိုက်တာ အခုခြောက်သယောင်းနေတယ်’’ဟု မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တောင်တွင်း ကြီးမြို့တွင်နေထိုင်သူ ဒေါ်ခင်နှင်းပွင့်ကဆိုသည်။
မကွေးတိုင်းတွင် ၂၀၁၃ မေလက မိုးခေါင်နေသဖြင့် လွန်ဆွဲပွဲကျင်းပနေစဉ်/ဓာတ်ပုံ - မိုးကျော်
ဇူလိုင်လတွင် မိုးရေချိန်များ သောကြောင့် ရေကြီးခဲ့သော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိုးမရွာသည်မှာ လချီကြာနေပြီး ရွာ သည့်အခါလည်း စိုက်ပျိုးရေနှင့် သောက်သုံးရေ သိုလှောင်ထားနိုင် အောင် ရွာသွန်းခြင်းမရှိကြောင်း ဒေသခံများကပြောသည်။
‘‘ပူတာကတော့ အရမ်းပဲ။ မိုးပြတ်တာ တစ်လလောက်နီးပါးရှိပြီ။ နည်းနည်းလောက်ပဲ ရွာတယ်။ ဘာမှ ဟုတ်တိပတ်တိမရွာ ဘူး။ ကိုယ့်ရေတွင်းက ရေနည်း တာကို သတိပြုမိတာ သုံးရက် လောက်ရှိပြီ။ ရေနည်းနည်းနေ တယ်။ စိုက်ခင်းပျိုးခင်းတွေတော့ အရင်တစ်ခါ ရေကြီးတဲ့အချိန် လောက်ပဲ ရေရလိုက်တယ်’’ဟုမိတ္ထီလာမြို့ခံ ကိုလွင်မောင်မောင်က ပြောသည်။
ပူပြင်းခြောက်သွေ့သော အယ်လ်နီညိုဖြစ်စဉ်ကြောင့်နွေရာသီတွင် ရေခန်းခြောက်မှုများကြုံ တွေ့ရမည်ဖြစ်သောကြောင့် မြန် မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည် နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မ ကွေးတိုင်းတို့တွင် ရေရှိရေးအ တွက် ပြင်ဆင်ထားရန် မိုးလေ၀သ ပညာရှင်များက ကြိုတင်သတိပေးသည်။
နှစ်စဉ်နွေရာသီ၌ ရေခန်း ခြောက်မှုသည် ယင်းဒေသများအပြင် ချင်း၊ ရှမ်း၊ ကရင်၊ ရခိုင် ပြည် နယ်များနှင့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိမြို့နယ် အချို့တွင် ခံစားနေရသည်။
ယင်းဒေသများသည် ရေအမြဲတမ်းလိုအပ်သည့် ဒေသများဖြစ် သည်။ အခြားဒေသများထက် အ ငွေ့ပြန်နှုန်းများသောကြောင့် မိုး ရေချိန် ၅ လက်မအောက်ထက် လျော့နည်းစွာ ရွာသွန်းပါက ရေခန်းခြောက်ဒဏ်ကို ခံစားရသည့် ဒေသများဖြစ်သည်။
‘‘အဲဒီဒေသတွေမှာ ၅ လက်မ အောက်လျော့ရင်တောင် ပြဿ နာတက်တာ။ ပြင်ကိုပြင်ဆင်ထား ရမယ်။ အခု ရေကြီးတဲ့ဒေသတွေ က ပိုပြဿနာကြုံရမယ်’’ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုပြဿနာကို ရင် ဆိုင်ဖြေရှင်းရန် ဖိလစ်ပိုင်၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံတို့တွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။ အယ်လ်နီညိုကြောင့် ကာလရှည် မိုးခေါင် ရေရှားမှုဖြစ်နိုင်သဖြင့် ရေ နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချရန်ပင် ဖိလစ်ပိုင်ဒေသ ဆိုင်ရာ အာဏာပိုင်များကပြည်သူ များအား သတိပေးချက် ထုတ်ပြန် ထားသည်။
‘‘အပူချိန်လွန်ကဲတာတို့၊ မိုးမရွာရင် တောက်လျှောက်မရွာတာ တို့၊ ရွာရင်လည်း အရမ်းရွာတာတို့ ဖြစ်မယ်။ အယ်လ်နီညိုနဲ့ပတ်သက် ပြီး အမျိုးသားသဘာဝဘေးအန္တ ရာယ်ကော်မတီကိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အကြံပြုလွှာ ပေးပို့ထားပါတယ်။ ဖြစ်နိုင်ခြေ တွေကို အကြံပြုတင်ပြထားတာ ပါ’’ဟု မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
အယ်လ်နီညိုဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ မိုးလေ၀သအခြေအနေကိုလည်း သက်ရောက်မည် ဖြစ်သောကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းတို့တွင် မိုးနှောင်းကာလ (စက် တင်ဘာ)တွင် ရွာသွန်းမြဲမိုးရေချိန် ထက် ပိုမိုရွာသွန်းမည်ဖြစ်သည်။
ရခိုင်၊ ရှမ်း၊ ကယား၊ မွန်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲခန့်၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးငါးခုတွင် ရွာသွန်း မြဲအောက်လျော့နည်းနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အချိန်တိုအတွင်း မိုးသည်း ထန်စွာရွာသွန်းနိုင်သောကြောင့် မိုးနှောင်းနှင့် မိုးလွန်ကာလများ ရုတ်တရက်ရေကြီးနိုင်သည်ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိုးနှောင်းနှင့်မိုး လွန်ကာလများတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ရေလှောင် တမံနှင့် ရေဘေးကာကွယ်ရေး တာများတွင် အချက်ကိုးချက်ချ မှတ်၍ ကြိုတင်ကာကွယ်ခြင်းများ လုပ်ဆောင်နေသည်ဟု ထုတ်ပြန် ထားသည်။
သို့သော် အယ်လ်နီညိုနှင့် ပတ်သက်၍ ယနေ့အချိန်အထိ ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သော အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ဘာမျှမထုတ်ပြန် သေးပေ။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ခံစားရမည့် ရေခန်းခြောက်မှုပြဿ နာကို သက်ဆိုင်ရာဝန်ကြီးဌာနများကိုလည်း ယနေ့အချိန်အထိ ပြင်ဆင်မှုမရှိသေးပေ။
‘‘အယ်လ်နီညိုအတွက် သီး သန့်ပြင်ဆင်ထားဖို့ ညွှန်ကြားထား တာမရှိဘူး။ ကျေးလက်ကတော့ ရေရရှိရေးကို ပုံမှန်ဆောင်ရွက်နေ တယ်’’ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုး နိုင်အောင်ကပြောသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ကျေးလက်ဒေသများတွင် ရေရရှိ နိုင်ရေးအတွက် တွင်းတိမ်၊ တွင်း လတ်၊ တွင်းနက်နှင့် မြစ်ရေတင် စီမံကိန်းများကို မွေးရေ/ကျေး လက်ဝန်ကြီးဌာနက မြစိမ်းရောင် စီမံချက်ဖြင့် လွန်ခဲ့သည့် ၂ နှစ်က တည်းက လုပ်ဆောင်နေပြီးဖြစ် သည်။ ရေရှိရေးအတွက် အစိုးရ က ကျပ်သန်းခြောက်ထောင့်ငါးရာ အထက် တိုးမြှင့်သုံးစွဲခဲ့သည်။ အစိုးရ၏ စာရင်းဇယားများအရ ကျေးလက်ဒေသ သုံးသောင်းကျော်သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေပြီဟု သိရသည်။
‘‘ရေအတွက်ကတော့ နှစ်စဉ် နှစ်တိုင်း နွေရာသီကာလအတွက် ပြင်ဆင်ထားပါတယ်။ ရေဘောက်ဆာကြီးတွေနဲ့ ရေဝေပေးတာတို့ ဘာတို့ လုပ်ပေးပါတယ်’’ဟု ဦးမျိုး နိုင်အောင်ကပြောသည်။
အယ်လ်နီညိုထူးခြားဖြစ်စဉ် ကြောင့် အင်ဒိုနီးရှားနိုင်ငံ Riau ခရိုင်မှာ တောမီးများအကြီးအကျယ်လောင်နေသဖြင့် အင်ဒိုနီး ရှားအစိုးရက အရေးပေါ်ကြေညာ ချက်ထုတ်ပြန်ထားသည်။ အင်ဒိုနီး ရှားတွင် လောင်ကျွမ်းသော တော မီးများက စင်ကာပူကို ဒုက္ခပေး လျက်ရှိသည်။
စက်တင်ဘာ ၁၄ ရက်က စင်ကာပူနိုင်ငံအတွင်း မြူခိုးငွေ့ ကျရောက်မှုသည် ခါတိုင်းထက် ပိုများခဲ့သည်ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများက ဆို သည်။ အနံ့အသက်များကောင်း မွန်မှုမရှိသောကြောင့် လူအချို့ တံခါးများ အလုံပိတ်ထားနေရ သည်ဟု သိရသည်။
‘‘တောင်အာရှ၊အရှေ့တောင် အာရှနဲ့ သြစတြေးလျတိုက်ဒေသ တွေမှာတော့ ပူပြင်းခြောက်သွေ့မှု ဒဏ်ကို ခံစားနေရပါပြီ။ မိုးတွေ နည်း အပူချိန်တွေမြင့်တက်လာ တော့ ရေတွေရှား။ စိုက်ပျိုးသီးနှံ တွေအထွက်လျော့တဲ့အပြင်တော မီးတွေလည်း အကြီးအကျယ် လောင်နေပါတယ်’’ဟု ဒေါက်တာ ထွန်းလွင်ကပြောသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၁၆ နွေဦးပေါက်ချိန်ထိ ရှိနေနိုင်ပြီး ၁၉၉၇ တွင် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသည့် အယ်လ်နီညို ဖြစ်စဉ်ထက် လျော့ပါးဖွယ်မရှိဟု အပြည်ပြည်ဆိုင်ရာ ပင်လယ်သမု ဒ္ဒရာနှင့်လေထုတိုင်းတာ စောင့် ကြည့်ရေးအဖွဲ့ (NOAA)က ထုတ် ပြန်ထားသည်။
၁၉၉၇ က အားအလွန် ကောင်းသော အယ်လ်နီညိုဖြစ်ခဲ့ သောကြောင့် ကမ္ဘာ့မိုးလေ၀သဖြစ်စဉ်သည် ကမောက်ကမဖြစ်ခဲ့ပြီး မိုးအလွန်ခေါင်ခြင်း၊ ရေအလွန် အမင်းကြီး ခြင်းတို့ ခံစားခဲ့ရသည်။ ထိုစဉ်က အမေရိကန်အနောက်ပိုင်းနှင့် အင်ဒိုနီးရှားတို့တွင်ရေခန်း ခြောက်မှု များဖြစ်ပေါ်ခဲ့သလို အာ ဖရိကတွင်လည်း ကူးစက်ဗိုင်း ရပ်စ်ပိုးများ ပျံ့နှံ့ပေါက်ပွားအောင် တွန်းအားပေးခဲ့သည်ဟုဆိုသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကော်ဖီဈေးနှုန်းလည်း မြင့်တက်ခဲ့ သည်
‘‘ကျွန်တော်တို့ကတော့ အကြံပြုပြောကြားထားပါတယ်။ စိုက်ပျိုးရေးကို သတိထားဖို့ ပြောထားပါတယ်။ တခြားနိုင်ငံတွေမှာ တော့ ပြင်ဆင်မှုတွေစနေပါပြီ’’ဟု ဦးကျော်မိုးဦးကဆိုသည်။
မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုအားနည်းသောကြောင့် အင်တိုက်အားတိုက် ပြင် ဆင်ရန်၊ ဖြစ်လာမှ ဆောင်ရွက် သည့်အနေအထားမျိုးထက် ယခုကတည်းက ပြင်ဆင်ရန်၊ပညာပေး ရန်လည်း တိုက်တွန်းထားသည်ဟု အထက်ပါပုဂ္ဂိုလ်က အကြံပြု သည်။
‘‘ဒီနိုင်ငံက စိုက်ပျိုးရေးက မိုးကို ၉၀ ရာခိုင်နှုန်းလောက်မှီခိုနေရ တယ်။ ၁၀ ရာခိုင်နှုန်းကတော့ ဆည်ရေသောက်ပေါ့။ ရာသီဥတုကို ခံနိုင်ရည်ရှိဖို့အတွက်ဆိုရင် မြစ်ရေတင်စီမံကိန်းတွေ၊ မြေအောက်ရေစီမံကိန်းတွေနဲ့ ဆည်ရေသောက်စီမံကိန်းတွေ ပြင်ဆင် ထားသင့်တယ်။ လာမယ့်နှစ်ကတော့ သေချာပေါက် ဆန်ဈေး တက်နိုင်တယ်’’ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက ပြောသည်။
ယခုနှစ် မိုးရာသီတွင် မိုး သည်းထန်စွာရွာသွန်း၍ နှစ်ပေါင်း ၇၀ တွင် အဆိုးရွားဆုံးရေလွှမ်းမိုး မှုကို ဒေသအများစုတွင် ကြုံတွေ့ ထား၍ လယ်ဧက ၁ ဒသမ ၉သန်းခန့် ရေနစ်မြုပ်ခဲ့ပြီး စိုက်ပျိုးချိန်လည်း ထင်သလောက် အချိန်မရလိုက်၍ တောင်သူများ အခက်အခဲကြုံနေသည်။ ထို့အပြင် လာမည့်နှစ်တွင် မိုးခေါင်ရေရှားမည်ဆိုပါက စိုက်ပျိုးရေးတွင် ရေပြဿနာ အ ခက်အခဲကြုံနိုင်၍ အစိုးရက အ လေးထားကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်းဒေါက်တာထွန်းဝင်းက သတိပေးပြောကြားသည်။
လာမည့်နှစ်အတွက်အရန် ဆန် ၁ သန်းခွဲထားရှိမှုသည် လုံလောက်မည်မဟုတ်သောကြောင့် ဆန်ဈေးနှုန်းတည်ငြိမ်စေရန် အရန်ဆန်များကို ထိုထက်များများ ဖြည့်တင်းထားရန် ဒေါက်တာ ထွန်းဝင်းက အကြံပြုသည်။
မိုးလေ၀သနှင့်ဇလဗေဒ ပ ညာရှင် ဒေါက်တာထွန်းလွင်က စိုက်ပျိုးရေးကဏ္ဍသည် အရေးကြီး ဆုံးဖြစ်၍ ပြင်ဆင်ထားရန် သတိ ပေးထားပြီး အယ်လ်နီညိုဖြစ်စဉ် သည် ၂၀၁၆ မိုးကြို၊ မိုးဦးကာလ ကို သက်ရောက်မှုရှိစေမည်ဟု ခန့်မှန်းထားသည်။
အလွန်ခြောက်သွေ့မည်ဖြစ်ပြီး နေအပူချိန်မြင့်တက်မည့်အပြင် လာမည့် ၂၀၁၆ မိုးကြို၊ မိုးဦးကာလတွင် မုတ်သုံအ၀င်နောက်ကျနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ ၎င်းက ၂၀၁၆ သည် ငွေမလို ရေကိုလိုသည်စကားပုံ မှန်ကန်လာမည်ဟု တစ်ထစ်ချ ဟောကိန်း ထုတ်လိုက်သည်။
http://www.7daydaily.com/story/46997

Post a Comment