ရွာလေးရဲ့ နာမည်က မင်းသမီးတဲ့။ ဒါပေမဲ့ လူတွေသိတဲ့ မင်းသမီးဆိုတာ ကကြိုးအလှ အသံကောင်းကောင်း စင်ပေါ်မှာ ပရိသတ်တွေ မြင်တွေ့နေရတဲ့ အလှဘုရင်မ တစ်ပါးလေ။ ဒါပေမဲ့ အခု မင်းသမီးက တမူးခရိုင် ခမ်းပတ် မြို့နယ်ခွဲထဲက ရွာလေးတစ်ရွာ။
လယ်ယာ ချောင်းမြောင်းတွေနဲ့ အရှေ့ဘက် တောင်ကြောမှာ ကျောက်မီးသွေး ထွက်တယ်။ သစ်ဝါးတွေ ပေါတယ်။ တမူးမြို့နယ် ရဲ့ဆန်အိုးကို ဖြည့်ပေးတဲ့ ရွာလေး။
ကလေး-တမူးလမ်းပေါ်ရှိတဲ့ ဘုတ်ကန် ကျေးရွာကနေ ၀င်သွားရင် ခြောက်မိုင်လောက် မြေလမ်းလေးအတိုင်း သွားရင် ရောက်တဲ့ရွာ။ ရွာလေးကို ချောင်းရေ မကြီးခင်က သာယာခြင်း၊ အေးချမ်းခြင်း၊ ချမ်းသာခြင်း စတဲ့ အင်္ဂါ ရပ်တွေနဲ့ ပြည့်စုံခဲ့တဲ့ရွာ။
မင်းသမီးရွာ ရေကြီးရေလျှံမှုဖြစ်တဲ့ သတင်းကိုတော့ သိနေတာ ကြာပါပြီ။ ဒါပေမဲ့ ကလေး -တမူး လမ်းပေါ်မှာရှိတဲ့ တံတားတွေ ကျိုးနေတာရယ် Eleven Media Group နဲ့ စေတနာရှင်များရဲ့ အလှူကိစ္စတွေ ဆောင်ရွက်နေတာကြောင့် မရောက်ဖြစ်။ တကယ် သွားဖြစ်တော့လည်း မင်းသမီးကျေးရွာ အတွက် ထောက်ပံ့ရေး လှူရင်း သတင်းယူရင်း ရောက်ခဲ့ရတာပေါ့လေ။ ကလေးမြို့က နေထွက်ရင် ခမ်းပတ်မြို့နယ်ခွဲ (ယခင် ခမ်းပတ်ရွာ) ကို ရောက်တဲ့အထိ လမ်းတွေ က ကောင်းမှကောင်း။ ဒါပေမဲ့ ခမ်းပတ်မြို့နယ်ခွဲ မှာပဲ တံတားနှစ်စင်း ကျိုးနေလို့ ကွင်းလမ်းက သွားရတယ်။ ကံမကြီးရွာက တံတားကျိုးလို့ ယာယီတံတား အသစ် လုပ်ပေးထားရတယ်။ ဘုတ်ကန်ကျေးရွာကို ရောက်ရင် လမ်းညွှန်ဆိုင်းဘုတ် အတိုင်း ၀င်လာလိုက်တော့ မင်းသမီးကျေးရွာကို မိနစ် ၂၀ လောက်ပဲ မောင်းရတော့တယ်။
အောက်တောင်း ကျေးရွာကို ကျော်လာပြီး ရွာသာရွာကို ရောက်တော့ ရွာရဲ့ကွင်းပြင်ထဲမှာ မိုးကာတွေနဲ့ ထိုးထားတဲ့ တဲတွေ တွေ့ရတယ်။
ဟိုးယခင်က အိမ်ကြီး အိမ်ကောင်းတွေနဲ့ နေလာခဲ့ကြတဲ့ မင်းသမီးရွာက ဒေသခံတွေရဲ့ ဒုက္ခသည်စခန်း။ ယာယီမိုးကာတဲ ကိုယ်စီနဲ့ မင်းသမီးကျေးရွာ ဒုက္ခသည် စခန်းမှာတော့ ရွာလုံးကျွတ်နီးပါး နေထိုင်ကြတယ်လို့ ပြောရမှာပေါ့ ။ သူတို့ရဲ့ တစ်သက်နဲ့ တစ်ကိုယ် ဘယ်သောအခါမှ မကြုံဖူးတဲ့ အတွေ့အကြုံ တစ်ခု တွေ့ခဲ့ရတဲ့ သူတွေလေ။ စွန်လည်ချောင်းနဲ့ ပါလာတဲ့ သဲနုန်းတွေက ရွာထဲက အိမ်တွေကို ဖုံးလွှမ်း၊ သူတို့ရဲ့လယ်ယာမြေတွေကို ဖုံးလွှမ်းပြီးတော့ နောက်ဆုံး သူတို့ရဲ့ဘ၀တွေကိုပါ ဖုံးလွှမ်းသွားခဲ့တာပေါ့။
“ဒီလို အဖြစ်မျိုး တစ်ခါမှ မကြုံဖူးဘူး။ ကိုယ်နိုင်သလောက် ကိုယ့်အထုပ်ကလေး ဆွဲပြီး ပြေးလာခဲ့ကြရတာ။ တစ်ရွာလုံး ဆိုပါတော့။ သူတို့နယ်မြေက စပါးထွက်တဲ့ ရွာကြီး တစ်ရွာဆိုတော့ သိုလှောင်ထားတဲ့ စပါးတွေ၊ ဆန်တွေလည်း တော်တော် ဆုံးရှုံး လိုက်ကြရပါတယ်။ အခုတော့ သူတို့ ရွာကို နေရာသစ် ပြောင်းရွှေ့ဖို့ မြေနေရာ ရှင်းနေကြပါတယ်” လို့ တမူးလူငယ် ကွန်ရက်မှ ကိုရင်ကိုဦးက ပြောပြပါတယ်။
ဒုက္ခသည် စခန်းလေးကို လှည့်ကြည့်တော့ မိုးကာ တဲလေးတွေနဲ့ သူ့အကန့် ကိုယ့်အကန့်နဲ့ တော်ရုံမိုးရွာတာက မိုးလုံပေမယ့်လည်း မိုးတအား သည်းခဲ့မယ် ဆိုရင်တော့ မိုးမလုံဘူးလို့ သိရပါတယ်။ Eleven Media Group ရဲ့ လှူစရာ ပစ္စည်းတွေကို လှူပြီးတော့ လူမနေတော့တဲ့ ရွာဟောင်းဆီကို ထွက်ခဲ့ပါတယ်။
ဒုက္ခသည် စခန်းကနေပြီး ၁၅ မိနစ်လောက် ဆိုင်ကယ် မောင်းလိုက်တော့ သဲနုန်းတွေ ဖုံးလွှမ်းနေတဲ့ လွင်ပြင်ကျယ်ကို ရောက်ပါတယ်။
သဲနုန်းလွင်ပြင်မှာ မင်းသမီးကျေးရွာ ဆိုင်းဘုတ်က မားမားမတ်မတ်။ ရွာဆိုင်းဘုတ်နဲ့ သိပ် မလှမ်းမကမ်း မှာတော့ အိမ်လေးတစ်အိမ်။ ဒေသခံအချို့က ရွာထဲမှာ ကျန်ခဲ့တဲ့ သူတို့ ပစ္စည်းလေးတွေ ကိုယ်စီ သယ်ယူလို့ ရွာထဲက ထွက်လာတာ တွေ့နေရပါတယ်။ ကျွန်တော်တို့လည်း အဲဒီ အိမ်လေးအနီးမှာ ဆိုင်ကယ်တွေ ထားပြီတော့ မင်းသမီး ကျေးရွာထဲကို ၀င်ရောက်ခဲ့ပါတယ်။ သူတို့ရွာကို ပို့ချခဲ့တာက သဲနုန်းတွေ ဖြစ်နေကာ နေပူပြီး မြေမာလာတော့ လမ်းလျှောက်ရတာ သိပ်မကျွံတော့ဘူး ။ ရွာအ၀င် ကနေပြီး ဘေးဘီ ၀ဲယာကို ကြည့်လိုက်တော့ သဲနုန်းတွေ ဖုံးလွှမ်းထားတာက တစ်မျှော်တစ်ခေါ်။
“ဒီနှစ်တော့ လယ်စိုက်လို့ မရတော့ဘူးလေ”ဆိုပြီး အတူ လိုက်လာတဲ့ ဒေသခံက ပြောပါတယ်။
ရွာအစွန်ဘက်က စပြီးကြည့်တော့ ဟိုတုန်းက မတ်တပ်ရပ်ပြီး လှုပ်ခဲ့ရတဲ့ ရေဘုံဘိုင်က သဲနုန်းတွေပေါ်ကို တစ်ထွာလောက် ပေါ်တော့တယ်။
“ဒီသစ်သားတန်းလေးတွေက ကျွန်မတို့ ခြံတိုင်ရဲ့အပေါ်ဆုံးပေါ့”လို့ ကျွန်တော့် ခြေထောက်နားက သစ်သား တန်းလေးကို လက်ညှိုးထိုးရင်း အိမ်ဝင်းရှင် အမျိုးသမီးကြီးက ပြောပါတယ်။ သူမရဲ့ အိမ်ကလည်း အောက် ထပ်က သဲတွေ နစ်မြုပ်နေပြီး အိမ်အပေါ်ထပ် တက်ဖို့က လှေခါးတောင် မလိုတော့။ သဲနုန်း တွေက အိမ်အောက်ထပ်ကို ဖုံးသွားပြီလေ။ ရွာထဲမှာက တိတ်ဆိတ်လို့ ။ လူသူမရှိတဲ့ အိမ်တွေက ခပ်များများ။ သူတို့ တစ်တွေ သူတို့ ရဲ့ အိမ်တွေကို စွန့်ခွာခဲ့ကြ ပါပကောလား။
ရွာထဲမှာ လူလတ်ပိုင်း အချို့ကို တွေ့လိုက်ရပါတယ်။ သူတို့ ခြံဝင်းအတွင်းမှာရှိတဲ့ နုန်းတွေ ဖုံးလွှမ်းနေတဲ့ ပက်လက် ရေတွင်း ၊ အိမ်အောက်မှာ မြုပ်နေတဲ့ လှည်းကို ခေါ်ပြပါတယ်။
“ကျွန်တော့် အိမ်အောက်မှာဆို လှည်းတစ်စီး ထိုးထားတယ်။ အခုဆိုရင် နုန်းတွေ ပို့သွားတာက အိမ်အပေါ် ထပ်ရောက်ဖို့အတွက်က ကိုးလက်မလောက် လိုပါတော့တယ်။ လှေကား ခုံကလည်း မြုပ်သွားတယ်လေ။ အခု ဆိုရင် ကျွန်တော်တို့ ရွာပြောင်းရွှေ့ဖို့ အတွက်ကလည်း ကျွန်တော်တို့မှာ အခက်အခဲ ရှိပါတယ်။ ကျွန်တော်တို့ တောင်သူ ဆိုတာက လယ်ယာလုပ်ကိုင်မှ ထမင်းစားရတာ၊ ငွေရတာပါ။ အခု ကျွန်တော်တို့ လယ်တွေပါ နုန်းတွေ ဖုံးသွားတော့ ဘာမှလုပ်ကိုင်လို့ မရတော့ဘူး။ ကျွန်တော်တို့ကို နိုင်ငံတော်က ကူညီမှသာ အဆင်ပြေမှာပါ။ မကူညီဘူး ဆိုရင်တော့ ဒီ နေရာပဲ ဖြစ်သလို နေပြီးတော့ နောက်တစ်ခါ ရေလာတယ် ဆိုရင်တော့ အသေခံရုံပဲ ရှိတော့တယ်။ အခု ရွာထဲမှာ လာနေတာကလည်း ဖြစ်လို့ လာနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အိမ် ကိုယ့်ရာဆိုတဲ့ သံယောဇဉ် လေးတွေနဲ့ လာနေကြတာပါ” လို့ မင်းသမီးရွာမှ ကိုမောင်တူးက ပြောပါတယ်။
စွန်လည်ချောင်း၊ မင်းသမီးချောင်း (ချောင်းမကြီးချောင်း) ရယ် နှစ်ခု ပေါင်းစီး ဆင်းလိုက်ပြီး နုန်းထုတွေ ပို့ချလိုက်တော့ ရွာမှာက ဒိုက်တွေ၊ အမှိုက်တွေနဲ့အတူ နုန်းတွေပါ ပို့ချခဲ့တာပါ။ ဒီလို ဖြစ်မယ်လို့ ဘယ်သူကမှ မျှော်လင့် မထားခဲ့ကြဘူးလေ။ အိမ် ကိုယ်စီမှာရှိတဲ့ ပစ္စည်းတွေ အကုန်လုံး ဆုံးရှုံးခဲ့ကြတဲ့ အပြင် ကျေးရွာ ၀င်းကျင်မှာရှိတဲ့ စိုက်ခင်း လယ်မြေတွေ အပေါ်လည်း ရွှံ့တွေ နုန်းတွေက ရှုမဆုံးတော့ပြီပေါ့။ ရွာအစွန်မှာဆိုရင် သစ်တိုသစ်စ၊ အမှိုက်တွေ၊ ဒိုက်တွေက အိမ်တွေထဲကို ရောက်ရှိနေပါတယ်။ ရွာရဲ့လမ်းမကြီး နေရာတွေမှာကို ခက်ခက်ခဲခဲ သွားလာ နေကြရဆဲ။ ချောင်းကလည်း ရွာကို ရေဦးတိုက်နေပြီဆိုတော့ သူတို့တစ်တွေ ရွာထဲကို ပြန်ဝင်ဖို့တောင် ထိတ်လန့်နေကြပါတယ်။ ဟိုတစ်ချိန်က စည်ကားခဲ့တဲ့ ရွာကြီးတစ်ရွာဆိုတာ အခုအချိန်မှာတော့ ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ မင်းသမီး ကျေးရွာမှာ အိမ်ထောင်စုပေါင်း ၃၄၇ ရှိပြီး လူဦးရေ ၁၈၄၉ ဦးရှိပါတယ်။ အခုတော့လည်း တိတ်ဆိတ်နေပါပြီ။ တချို့အိမ်တွေမှာ ဆန်အိတ်တွေက ရေနစ်လို့ ကျန်ခဲ့လို့။ တချို့ဆိုရင်လည်း မျိုးစပါးတွေက ကျန်ခဲ့လို့။ လုပ်ကိုင်စရာ လယ်ယာ ဆိုတာကလည်း နုန်းတွေ ဖုံးလွှမ်းလို့ မင်းသမီးရွာရဲ့ မြင်ကွင်းက ငိုခြင်းနဲ့ ကပြ အသုံးတော် ခံနေသလိုပေါ့။ ရွာရဲ့ဖရိုဖရဲဟန် ကလည်း စည်းလွတ်ဝါးလွတ် ကကြိုးတစ်ခုကို ကြည့်ရှုနေရသလို။ ရွာရဲ့တစ်ဖက်ထိပ်က ခွေးတွေရဲ့ အူသံကြီးက ဆွေးဆွေး မြေ့ မြေ့ကြီး။ လူတွေ ကိုယ်တိုင် မပြောပါနဲ့တော့ ဘာမှမသိဘူး ဆိုတဲ့ အဟိတ် တိရစ္ဆာန်တွေတောင်မှ ရွာ ပျက်နေပြီဆိုတာ ခံစား သိရှိနေပြီလေ။
“ကျွန်တော်တို့ အားလုံးမှာ ရွာကိုစွန့်ပြီး ဒုက္ခသည် စခန်းကို လာပြီးနေကြတယ်ဆိုတာ နေချင်လို့ နေကြတာမှ မဟုတ်တာ။ အလှူပေး လာတဲ့ အလှူရှင်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘ၀ကို ဘယ်လို ပြန်လည် ထူထောင်ရမလဲဆိုတာ တွေးမိတိုင်း ရင်လေးနေမိတယ်။ အစိုးရကတော့ ရွာနေရာ အသစ်ကို စက်တွေနဲ့ မြေထိုးပေးနေတယ်။ အစိုးရ အပါအ၀င် လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေက လုံ လောက်တဲ့ အဆင့်မဟုတ်ပေမယ့် အထောက်အပံ့ ကောင်းတစ်ခုတော့ ဖြစ်ပါတယ်။ အောက်ခြေ အဆင့်ဆင့် ကနေပြီး ကိုယ့်ရွာကို စေတနာထားပြီး လုပ်ပေးစေချင်ပါတယ်။ ဒုက္ခဖြစ်နေတဲ့ ကြားထဲမှာ ရွာသား အချင်းချင်း မညီညွတ်မှုတွေ ဖြစ်နေရင် ကူညီရတဲ့ အစိုးရ အဖွဲ့ဖြစ်ဖြစ်၊ လူမှုအဖွဲ့ အစည်းဖြစ်ဖြစ် ကူညီ ပေးရတာ စိတ်ပျက်သွားမှာ စိုးရိမ်ရတယ်။ မင်းသမီး ကျေးရွာကို ပြန်လည် ထူထောင်ရတဲ့
အခါမှာ ရွာသားတွေ အားလုံး ညီညွတ်မှ ဖြစ်မယ်။ ကျွန်တော်တို့အားလုံး အင်အားအပြည့်နဲ့ တစ်က ပြန်စ ရဦးမယ်လေ”လို့ မင်းသမီး ကျေးရွာသား ကိုဖိုးတုတ်က ပြောကြားခဲ့ပါတယ် ။
တစ်ရွာလုံးနီးပါး လှည့်ပတ်ကြည့်တော့ ရွာရဲ့ အိမ် အားလုံးလိုလိုတိုင်းက နုန်းမပို့ခဲ့တဲ့ အိမ်ရယ်လို့ မရှိ။ မပျက်စီး မဆုံးရှုံးခဲ့တဲ့ အိမ်ရယ်လို့မရှိ။ အားလုံးဟာ ပျက်စီးဆုံးရှုံးမှု အပြည့်နဲ့။ ချမ်းသာတဲ့သူက များများ ဆုံးရှုံးသလို ဆင်းရဲတဲ့သူကလည်း သူ့ အတိုင်းအတာနဲ့သူ ဆုံရှုံးကြတာပါပဲ။ တကယ်လို့ ရွာနေရာ ပြောင်းရမယ် ဆိုရင်လည်း ပြောင်းရွှေ့စရိတ်၊ ပြန်လည် ဆောက်လုပ်စရိတ်တွေ၊ ဒီကြားထဲ လယ်တွေ ပြန်စိုက်လို့ရအောင် ဆောင်ရွက် ရတာတွေ စီးပွားရေး ၊ လူမှုရေး၊ ပညာရေးကအစ ပြန်လည် ထူထောင်ကြရဦးမှာပါ။ ဟိုယခင်က အက၊ အလှ၊ အဆိုတွေနဲ့ တင့်တယ်နေတဲ့ မင်းသမီး ကံကြမ္မာ ဂြိုဟ်ဆိုးရဲ့ ကြည်စယ်မှုကြောင့် လှပတဲ့ ကကြိုးပါ ပျောက်ခဲ့ရပြီလေ။ သူတို့ရဲ့ဘ၀ကို အဆိုအက တွေနဲ့ ချောမောလှပအောင် ပြန်လည်ထူ ထောင်ဖို့အတွက် သူတို့အားမာန်တွေ ပြန်လည် ပြည့်ဖြိုးနိုင်ကြပါစေ။
‘ခြေလက်ခေါင်းခါး စည်းဝါးနရီ မှန်ကန်သည်...မိုးမလင်းမီ ရွှေသုဒ္ဒရီရေ ကကြိုးပျောက်မှာ စိုးမိသည်’ ဘယ်ဖက်က လာမှန်းမသိတဲ့ သီချင်းစာသားကို တိုးတိုးရွတ်ဆိုရင်း ရွှေမင်းသမီးရယ် ဘ၀လမ်းခရီး ချမ်းမြေ့ ပါစေကွယ်လို့ ဆုတောင်းရင်းဖြင့်...။
Writer:
ကိုဆူး (ချင်းတောင်ခြေ)
http://news-eleven.com/

Post a Comment