0

Written by Mizzima News
-----------------------------------
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်မှာ နေတဲ့ မရတနာဖြိုးက မေးလ်နဲ့ ပေးပို့လာတဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။
စာရေးပေးပို့သူဟာ ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးဖြစ်ပြီး သတင်းစာနဲ့ ဂျာနယ်တွေကို နေ့စဉ်ဖတ်ရှုတဲ့သူ တစ်ဦးလည်း ဖြစ်လို့ သူဖတ်ရတဲ့ သတင်းတွေထဲမှာ သင်္ကြန်ပွဲတော်အတွက် မော်တော်ယာဉ်လိုင်းတွေကို ဘယ်လိုစီစဉ်ထားတယ်၊ ဖောက်ဖျက်ရင် ဘယ်လိုအရေးယူမယ်လို့ ဖတ်လိုက်ရတဲ့အတွက် ဒီနှစ်တော့ တခြားနှစ်တွေနဲ့ မတူဘဲ ထိထိရောက်ရောက် အရေးယူမယ်လို့ ထင်ထားခဲ့ပါတယ်။
ဒါပေမယ့် သင်္ကြန်ရောက်တဲ့အခါ ဖတ်လိုက်ရတဲ့ အကြောင်းအရာတွေနဲ့ ပြောင်းပြန်ဖြစ်နေတာကို သိမြင်ကြုံတွေ့ခဲ့ရတဲ့ သူ့အတွေ့အကြုံကို စာဖတ်သူတွေကို သိစေချင်လို့ ရေးပို့လိုက်တဲ့ စာလို့ဆိုပါတယ်။
သင်္ကြန်အကြိုနေ့မှာ လှိုင်သာယာက ဆုံးသွားတဲ့ ဦးလေး နာရေးကို လိုက်ပို့ဖို့အတွက် သွားတဲ့အခါ မြို့ထဲကနေ သမိုင်းလမ်းဆုံကိုပဲ စီးလို့ရပြီး ကားခက အရင် ၂၀၀ ကျပ်လမ်းကို ၅၀၀ ပေးခဲ့ရပါတယ်။ သမိုင်းလမ်းဆုံကနေ လှိုင်သာယာကို ထပ်ပြီး ကားစီးတဲ့အခါ ၅၀၀ ကျပ် ပေးရပြန်ပါတယ်။
သတင်းထဲမှာတော့ ယာဉ်စီးခနှုန်းကို အရင်သတ်မှတ်ထားတဲ့ နှုန်းအတိုင်းပဲ ပေးရမယ်လို့ ဖတ်မိခဲ့တာ မျက်စိမှားနေလားလို့ ထင်ခဲ့မိပါတယ်လို့ ရေးပါတယ်။ သင်္ကြန်အကျနေ့မှာတော့ မိတ်ဆွေတစ်ဦး ကွယ်လွန်တဲ့အတွက် တာမွေ ကျောက်မြောင်းကို ပန်းဆိုးတန်းမှတ်တိုင်က စီးတာ အရင် ၂၀၀ လမ်းကို ၅၀၀ ကျပ် ပေးရပြန်ပါတယ်။ အကြတ်နေ့နဲ့ အတက်နေ့တွေမှာတော့ ဥပုလ်စောင့်ဖို့ ရွှေတိဂုံဘုရားသွားတဲ့အခါ အရင်ဆူးလေနဲ့ ဗဟန်းသုံးလမ်းကို ၁၀၀ ကျပ်သာပေးရတဲ့ ဘီအမ် ကားက သုံးရာတောင်းတယ်လို့ ရေးပါတယ်။
သူပြောချင်တာက မလိုက်နာဘူးဆိုတာကို သိရက်နဲ့ ညွှန်ကြားချက်တွေ စည်းကမ်းတွေ မထုတ်စေချင်ပါဘူးတဲ့။ သတင်းတွေထဲမှာ အရင်တိုင်းပဲပေးရမယ်လို့ ပါလာပြီး တကယ်ကျတော့ ပိုတောင်းတာကို ပေးရတဲ့ ခရီးသည်တွေ အနေနဲ့ ခံရခက်သလို တာဝန်ရှိသူတွေကိုလည်း အယုံအကြည် ကင်းမဲ့စေပါတယ်။
ဒါကြောင့် ထိထိရောက် မလုပ်နိုင်ဘဲနဲ့တော့ ဘာမှမပြောဘဲ ဒီအတိုင်းလေး နေတာကမှ အဆင်ပြေဦးမယ်။ မလိုက်နာဘူးဆိုတာ သိရက်နဲ့ ညွှန်ကြားချက်တွေထုတ်ရင် ပြောရင်၊ ပြည်သူတွေစိတ်ထဲမှာ အစိုးရကိုလည်း အကြည်ညို ပျက်စေတာကို၊ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးအနေနဲ့ မဖြစ်စေချင်လို့ စာရေးပေးပို့ခဲ့တာပါလို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

Post a Comment

 
Top