0

Published on: July 3, 2014
Written by: နန်းစုနှင်းထွေး

ထိုင်းနိုင်ငံမဲဆောက်အပါအ၀င်တာ့ခ်ခရိုင်ကိုးမြို့နယ်တွင်စက်ရုံညအလုပ်သမားများမှလွဲ၍ အလုပ်သမားအများစုမှာ ကုန်ကျစရိတ်မတတ်နိုင်၍ အထောက်အထားပြုလုပ်နိုင်ခြင်းမရှိကြောင်း ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဥက္ကဋ္ဌဦးမိုးကြိုးက ပြောကြားသည်။

ထိုင်းနိုင်ငံရောက် တရားမ၀င်အလုပ်သမားများကိုထိုင်းအစိုးရက ဇွန် ၃၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ မှတ်ပုံတင် ပြုလုပ်ပေးလျက်ရှိရာ သက်တမ်းမှာ ရက် ၆၀ သာဖြစ်ပြီး ယင်းရက်ပေါင်း ၆၀ အတွင်း အလုပ်ရှင်မှ အလုပ်သမားကို ခေါ်ဆောင်၍ နိုင်ငံသား စိစစ်ကာ အလုပ်လုပ်ခွင့်လက်မှတ်ကို ဥပဒေနှင့်အညီပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

“အလုပ်သမား လေးသိန်းလောက်ရှိတဲ့ ကျွန်တော်တို့မဲဆောက်ပါအ၀င်တာ့ခ်ခရိုင် ကိုးမြို့နယ်မှာတော့စက်ရုံအချို့ကလွဲလို့ အထောက်အထားမဲ့ အများစုက သိသိသာသာစာရင်းတင်မလုပ်ကြဘူး။ အများစုက ကုန်ကျစရိတ် မတတ်နိုင်တော့မဲဆောက် အလုပ်သမားရှာဖွေရေးရုံးက ခြောက်ကပ်လို့နေတယ်။ ယာယီအလုပ်သမားလက်မှတ် လာလုပ်တဲ့သူသိပ်မရှိဘူး”ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှဥက္ကဋ္ဌဦးမိုးကြိုးက ဆိုသည်။

“ရက် ၆၀ မပြည့်ခင် ယာယီနိုင်ငံကူးလက်မှတ်နဲ့ ယာယီအလုပ်သမား လက်မှတ်တွေကို အလုပ်ရှင်ထောက်ခံမှုနဲ့လုပ်ရမှာ။ သက်တမ်းကလည်း ရက် ၆၀(၂လ)ပဲရှိတာ၊ နှစ်လနေရင် ထပ်လုပ်ရမှာမို့ ကုန်ကျစရိတ် ထူးထူးခြားခြား သက်သာတာတော့ မဟုတ်ဘူး”ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီမှဥက္ကဋ္ဌဦးမိုးကြိုးက ဆိုသည်။

အထောက်အထားပြုလုပ်မည့်သူများအနေဖြင့် အလုပ်ရှင်၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းတို့ကို ယူဆောင်လာရမည်ဖြစ်ပြီး ကုန်ကျစရိတ်များအနေဖြင့် ထောရော ၃၈/၁ အတွက် ဘတ် ၈၀ ၊ ကျန်းမာရေးစစ်ဆေးခ ဘတ် ၅၀၀၊ ကျန်းမာရေး အာမခံလက်မှတ် ဘတ် ၅၀၀ (သုံးလစာ)၊ အလုပ်လုပ်ခွင့်လက်မှတ် ၂၂၅ ဘတ် စုစုပေါင်း ၁၃၀၅ ဘတ် ကုန်ကျမည်ဖြစ်ပြီး သက်တမ်း မှာ ရက် ၆၀ သာရှိကြောင်း သိရသည်။

မဲဆောက်သည် တရားမ၀င်မြန်မာအလုပ်သမားအများဆုံးရှိရာ ဒေသဖြစ်ရာ တရားမ၀င်အလုပ်သမားများကို ဖမ်းဆီးရာတွင် ထိုင်းအစိုးရအနေဖြင့်မဲဆောက်ရှိ တရားမ၀င်မြန်မာ အလုပ်သမားများကိုပထမဆုံးဖမ်းဆီးစစ်ဆေးမှုပြုလုပ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းရှိမြန်မာအချို့အားတွေ့ရစဉ်

ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/
Photo: မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်ကိုးမြို့နယ်တွင်ကုန်ကျစရိတ်မတတ်နိုင်၍ အလုပ်သမားအများစု အထောက်အထား မပြုလုပ်နိုင်

Post a Comment

Top