0

Published on: July 3, 2014
Written by: မင်းသိန်းနိုင်

ရန်ကုန်မြို့တွင် နှစ်ရက်အတွင်း လျှပ်စစ်ဓာတ်လိုက်မှုကြောင့် လူလေးဦး ထပ်မံသေဆုံးခဲ့ပြီး ၂ဝ၁၄ခုနှစ် ဇွန်၊ ဇူလိုင် နှစ်လအတွင်း ဓာတ်လိုက်သေဆုံးခဲ့သော လူဦးရေမှာ ၂၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းသို့ ဇူလိုင် ၁ ရက်၊ ၂ ရက်များတွင် လျှပ်စစ်ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်များမှာ မရမ်းကုန်းမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးလေးဦးမှာ အမျိုးသားများဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ဇူလိုင် ၂ ရက်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှစ်ခုမှာ နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တန်းဆေးရုံ၌ ဓာတ်လိုက်သေဆုံးသည့် အမျိုးသားနှစ်ဦး ရောက်ရှိနေကြောင်းသိရသဖြင့် သက်ဆိုင်ရာရဲတာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ သေဆုံးသူများမှာ ကျောက်တန်းမြို့နယ် ဦး.....(၆၅)နှစ်နှင့် ၎င်း၏သားဖြစ်သူ ကို.......(၁၈)နှစ်တို့ဖြစ်ကြောင်း သိရသည်။

သေဆုံးရခြင်းအား စစ်ဆေးရာ ယင်းနေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် ဦး.......သည် နေအိမ်ခြံဝင်းတွင်း ပေါက်တူးပေါက်နေစဉ် နေအိမ်ရှေ့လမ်းဘေး ဓာတ်တိုင်မှနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးအား ပေါက်တူးဖြင့်ပေါက်မိပြီး လျှပ်စစ်ကြိုးမှာ ဝဲဘက်လက်မောင်းအား ရစ်ပတ်ဓာတ်လိုက်နေစဉ် သားဖြစ်သူက လက်နှစ်ဖက်ဖြင့် ဝင်ဆွဲရာမှ နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်၊ ၂-လမ်းသွယ် (၁)လမ်းနှင့် အောင်မေတ္တာလမ်းထောင့်ရှိ ဗန်ဒါပင်အား ယင်းမြို့နယ်နေ ဂါလီနင်းသည့် ကို......(၃၄)နှစ်က တက်ခုတ်ရာမှ လမ်းပေါ်တွင် သွယ်တန်းထားသည့် ဓာတ်ကြိုးနှင့် သစ်ကိုင်းတို့ ထိမိဓာတ်လိုက်ကာ သတိမေ့သွားခဲ့ပြီး ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်းနှင့် ဇူလိုင် ၁ရက် တွင်လည်း ဒဂုံမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ပန်းရန်လုပ်နေသော အမျိုးသားတစ်ဦးမှာလည်း ရေစိုနေသည့် လေအေးပေးစက်ကိုကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ပင် ဇွန်လအတွင်း၌လည်း ကမာရွတ်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျကာ လူသုံးဦး ဓာတ်လိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်များအပါအဝင် အခြားဓာတ်လိုက် သေဆုံးခဲ့သူများမှာ (၂၂)ဦးအထိရှိကြောင်း သိရပြီး သေဆုံးသူအများစုမှာ စက်ရုံလုပ်သားများ၊ လျှပ်စစ်ဝန်ထမ်းများ၊ ဖုန်းပြုပြင်ရေးလုပ်သားများ၊ ပန်းရန်လုပ်သားများ ဖြစ်ကြပြီး အလုပ်လုပ်နေစဉ်အချိန်အတွင်း မတော်တဆမှုများကြောင့် ဓာတ်လိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်တွင် ဇွန် (၃၀)ရက်က ဖြစ်ပွားခဲ့သည့် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ လူသေဆုံးခဲ့သည့်ဖြစ်စဉ်မှ ဓာတ်ကြိုးပြတ်ကျသည့် ဓာတ်တိုင်အားတွေ့ရစဉ်

ACM Credit To :Eleven Media Group
http://www.ayechanmon-news1.com/
Photo: ရန်ကုန်မြို့တွင် နှစ်ရက်အတွင်း ဓာတ်လိုက်မှုကြောင့် လူလေးဦး ထပ်မံသေဆုံးခဲ့ပြီး ဇွန်၊ ဇူလိုင် နှစ်လအတွင်း ဓာတ်လိုက်သေဆုံးသူ ၂၆ ဦးအထိ ရှိလာ

Post a Comment

Top