0

ကေဇူး၊ နန်းမြင့်| အင်္ဂါနေ့၊ ဇူလိုင်လ ၈ ရက်၊ ၂၀၁၄ ခုနှစ်

လိုင်စင်မဲ့ ကန်ထရိုက်လုပ်ငန်းရှင်များ ဆောက်လုပ်ထားသည့် တရားမ၀င် အဆောက်အအုံများကို ရန်ကုန် မြို့တော်စည်ပင်က ဖြိုဖျက်အရေးယူတော့မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးသန်းဌေးက ဇူလိုင်လ ၇ ရက်တွင် ပြောကြားလိုက်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“နည်းဥပဒေကို အတည်ပြုတဲ့နေ့ က စပြီးလုပ်မယ်၊ နောက်လလည်း ဖြစ်ချင် ဖြစ်မယ်။ ဒီနှစ်ထဲမှာ ဖြစ်မှာပေါ့။ ဖြိုဖျက်တဲ့ စရိတ်ကုန်ကျငွေကိုပါ တရားမ၀င် ဆောက်လုပ်သူက ပေးလျော်ရမယ်”ဟု ဦးသန်းဌေး က ဆိုသည်။

၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေပုဒ်မ (၄၈)ပါ ပြဋ္ဌာန်းချက်အရ တရားမ၀င် အဆောက်အအုံများကိုဖြိုဖျက်သည်အထိ အရေးယူနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ထိုဥပဒေကို အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းဥပဒေရေးဆွဲပြီးဖြစ်ပြီး ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြုပြီးပါက နည်းဥပဒေ အကျိုးသက်ရောက်မည် ဖြစ်သည်။ လက်ရှိတွင် တရားမ၀င်ကန်ထရိုက်များကို သတိပေးခြင်း တရားစွဲဆိုခြင်းတို့ ပြုလုပ်လျက်ရှိပြီး တစ်ရက်လျှင် အနိမ့်ဆုံးဒဏ်ငွေ တစ်သောင်းမှ အမြင့်ဆုံး ငါးသိန်းအထိ ဒဏ်ရိုက်သည့်စနစ်ဖြင့် အရေးယူလျက်ရှိသည်။

လက်ရှိ ကန်ထရိုက်တိုက်အများစု ဆောက်လုပ်နေရာတွင် ကန်ထရိုက်က တိုက်ဆောက်ရန် အသိသက်သေအဖြစ် ရပ်ကွက်လူကြီးကို နှစ်သိန်း၊ အသိသက်သေ ရှေ့နေကို သုံးသောင်းနှင့် အစိမ်းဘုတ်(ခွင့်ပြုချက်ရ ဆောက်လုပ်ခွင့်) ကျရန်ခွင့်ပြု ချက်လက်မှတ်ရရန် ၃၅ သိန်းမှ သိန်း ၆၀ အထိ ပေါက်ဈေးရှိပြီး တိုက်ဆောက်သည့် အင်ဂျင်နီယာများမှာလည်း ကန်ထရိုက်၏ ကိုယ်ပိုင်အင်ဂျင်နီယာများ မဟုတ်ဘဲ နီးစပ်သူ အင်ဂျင်နီယာများ၏ နာမည်ကို ယူသုံးကာ ဆောက်လုပ်နေကြသည်များ ရှိနေသည်။

တရားမ၀င်ကန်ထရိုက်များကို အရေးယူမည့်ကိစ္စနှင့်ပတ်သက်၍ Smart Point ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးမင်းအောင်က “ကုမ္ပဏီမရှိဘူး ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်ရင် ဥပဒေမလိုက်နာသူရဲ့ တာဝန်ပဲ။ အဓိကကတော့ မြေရှင်ကလည်း ကန်ထရိုက်မှန်မှန်ကန်ကန် ဟုတ်ရဲ့လား သိဖို့လိုတယ်”ဟု မဇ္ဈိမကို ပြောသည်။

ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်မည်ဆိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အသေးစား ကန်ထရိုက် လုပ်ငန်းအတွက် အာမခံကြေး သိန်း ၂၀၀ ပေးသွင်းရပြီး အကြီးစားကန်ထရိုက် လုပ်ငန်းရှင်များက သိန်းငါးရာ အာမခံထားရမည် ဖြစ်သည်။ထို့ပြင် အဆောက်အအုံတစ်ခုချင်းစီအတွက်လည်း သိန်း ၅၀ ထပ်မံပေးသွင်းရမည်ဖြစ်သည်။

ACM Credit To:Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top