Home
»
နိုင်ငံရေး
» လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှု ဖျက်ဆီးသူ ထိရောက်စွာ အရေးယူသင့်ပြီ
ပြီးခဲ့သည့် ၂၀၁၂ ခု နောက်ပိုင်း မြန်မာနိုင်ငံတွင် ဘာသာရေးလူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခများ မကြာခဏဆိုသလို ဟိုဒေသသည် ဒေသတွင် ဖြစ်ပွားလာခဲ့ရာ ယင်းပဋိပက္ခများ ဖြစ်ပွားဖို့ အကြောင်းခံပုံမှာ ဆင်တူယိုးမှားချည်း ဖြစ်နေလေ့ရှိသည်။ ထိုဆင်တူယိုးမှား ပဋိပက္ခအကြောင်းခံပုံ၊ စတင်လာပုံ ထို့နောက် ကျယ်ပြန့်ကာ ထိန်းသိမ်းမနိုင်ဖြစ်ပြီး လူ့အသက်များ ဆုံးရှုံး၊ လူနေအိမ်၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းများပါ ထိခိုက်ရသည့် အခြေအနေထိ ဆိုက်ရောက်ခဲ့သည်ကလည်း စိတ်မချမ်းမြေ့ ဖွယ်ရာမြင်တွေ့နေရသည်။ အများပရိသတ်အခေါ်အရ “ဇာတ်လမ်းဟောင်းကြီး”ကို အကြိမ်ကြိမ် ဖြစ်ပျက်ခွင့်ပြုထားသည့် အစိုးရအပေါ် ယခုအခါသတင်းမီဒီယာများသာမက အများပြည်သူကပါ မေးခွန်းထုတ်လာကြသည့် အခြေအနေထိရောက်နေပေသည်။
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည်လည်း ယခင့်ယခင်ပဋိပက္ခများကဲ့သို့ပင် ဖြစ်ပျက်လေ့ရှိသည့် ရာဇ၀တ်မှုခင်းတစ်ခုကို အခြေပြုပြီး သတင်းမှားဖန်တီးထုတ်လွှင့်ကာ လူအများကို လှုံ့ဆော်ရာမှ အစပြုခဲ့ပေသည်။
ရာဇ၀တ်မှုဖြစ်ပွားလျှင် သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ အပြစ်ရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်ရန်သာ ဖြစ်သော်လည်း ရာဇ၀တ်မှုတစ်ခုကို အခြေပြုပြီး တည်ငြိမ်အေးချမ်းနေသည့် လူမှုအဖွဲ့အစည်းကို အကြမ်းဖက်မှု ၀ဲဂယက်ထဲရောက်အောင် ဆွဲချမည့်သူများရှိနေသည်မှာ အငြင်းပွားစရာ မရှိပေ။
လူမှုအဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှုကို တမင်တကာဖျက်ဆီးသူများသည် လူအများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု Crime against Humanity ဟုပင် ခေါ်ဆိုရမည့် အနေအထားမျိုးဖြစ်ပေသည်။ ဤနေရာတွင် အစိုးရသည် ဇာတ်လမ်းဟောင်း အစပြုသည့် အရိပ်လက္ခဏာ တွေ့လာရသည်နှင့် အကြမ်းဖက်မှုကို လှုံ့ ဆော်သည့်သူ အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူရန် အရေးကြီးဆုံးဖြစ်ပေသည်။
အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင်ဖြစ်စေ၊ အင်တာနက်အွန်လိုင်းပေါ်တွင်ပင်ဖြစ်စေ အကြမ်းဖက်မှုကို လှုံ့ဆော်သည့် လုပ်ရပ်များကို အစိုးရအက ပြတ်ပြတ်သားသားအရေးယူရန် အချိန်တန်ပြီဖြစ်ပေသည်။ ယင်းတာဝန်ကို မြန်မြန်ဆန်ဆန် မလုပ်ဆောင်သဖြင့်လည်းကောင်း၊ ထိထိမိမိ မလုပ်ဆောင်သဖြင့် လည်းကောင်း ယခုကဲ့သို့ ပြဿနာများ မကြီးထွားသင့်ဘဲ ကြီးထွားလာနေရခြင်း ဖြစ်သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့် အစိုးရအဖွဲ့ဖြစ်သဖြင့် ယခင်အာဏာရှင်စနစ်ကကဲ့သို့ သိမ်းကျုံးဖမ်း၊ သိမ်းကျုံးပြစ်ဒဏ်ပေးသည့် အရေးယူမှုမျိုးကိုလည်း အားမပေးပေ။ သို့သော်အခြားသော အစွန်းတစ်ဖက်ဖြစ်သည့် ဆိုင်ကယ်အုပ်စုကြီးများဖြင့် လှုံ့ဆော်သူ၊ အကြမ်းဖက်သူများ လက်နက်၊ တုတ်ဓား ကိုင်ဆောင်သွားလာနေသူများထဲမှ တစ်ယောက်တလေကိုမျှ အစိုးရက ဖမ်းဆီးအရေးမယူနိုင်ခြင်းသည် လူမှုအဖွဲ့အစည်းကို ချောက်ချားစေသည်။
တစ်ဖက်တွင် တရားဥပဒေအပေါ် ယုံကြည်ကိုးစားမှု ဆိတ်သုဉ်းပြီး လက်စားချေမှုများ၊ အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် တုံ့ပြန်မှုများ ဖြစ်ပေါ်စေပေသည်။ ပြီးခဲ့သည့် ရက်ပိုင်း မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အချို့တွင် နေ့ခင်းကြောင်တောင်မှာပင် ဓားများ၊ တုတ်များ ကိုင်ဆောင်ပြီး မြို့လယ်လမ်းများပေါ်တွင် သွားလာလှုံ့ဆော်သည့် အပြုအမူများကို အစိုးရက တားဆီးအရေးယူနိုင်ခြင်းမရှိသည်မှာ အများပြည်သူလူထုကို ကြောက်လန့်စေပြီး အစိုးရအပေါ် သံသယများဝင်လာစေနိုင်သည်အထိ ဆိုးကျိုးများ သက်ရောက်စေနိုင်ပေသည်။
အစိုးရ၏ ကိုင်တွယ်မှု အားနည်းခြင်းနှင့်ပတ်သက်၍ အချို့သော သူများ၏အမြင်တွင် အစိုးရက ယခုအခြေအနေကို တမင်တကာ ဖြစ်ပျက်စေသလားဆိုသည်အထိ ရှုမြင်သုံးသပ်မှုများ ရှိနေသည်ကိုလည်း ကြားသိနေရသည်။
မည်သို့သော အကြောင်းတွေရှိနေသည်ဖြစ်စေ လူမှုအဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရေး နှစ်ကာလများစွာ တစ်ယောက်နှင့် တစ်ယောက် အတူတကွယှဉ်တွဲနေထိုင်လာကြသူများအကြား သံသယနှင့် ရန်ဘက် အသွင်ဆောင်လာအောင် ရန်မီးမွှေးသူများအား မြန်ဆန်ထိရောက်စွာ အရေးယူသင့်ပြီဖြစ်ကြောင်း မဇ္ဈိမက လေးနက်စွာ တိုက်တွန်းရေးသားလိုက်ရပေသည်။
(ဇူလိုင်လ ၇ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)
ACM Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/
Post a Comment