0
[ Opinion ]
ကျွန်တော့်မိတ်ဆွေ မူလတန်း ကျောင်းအုပ်ဆရာကြီး ကိုချစ်မောင်ခင်က ကျွန်တော့်ထံကို ပညာရေး ဝန်ကြီးထံ အိတ်ဖွင့်ပေးစာဆိုပြီး ပို့ပေးလိုက်တာကြောင့် The Voice Daily ကို တစ်ဆင့် ပို့ပေးလိုက်ပါတယ်။ အဲဒီကတစ်ဆင့် ဇူလိုင်လ ၄ ရက်နေ့ထုတ် သတင်းစာမှာ ဖော်ပြခဲ့တာ ဖတ်လိုက်ရပါတယ်။
ကိုချစ်မောင်ခင်အကြောင်း နည်းနည်း ပြောချင်တယ်။ ကျောင်းတွေမှာ ကျူရှင်ပြန်သင်ပြီး တပည့်တွေဆီက ငွေကောက်ကာ၊ ဆရာတွေ ဆရာမတွေကို ပြန်ခွဲပေးရမယ် ဆိုပြီး အမိန့်တွေ ထုတ်ခဲ့တုန်းက ကျွန်တော်တို့မြို့နယ်မှာ အဲဒီအမိန့်ကို ရဲရဲတောက် ဆန့်ကျင်ပြီး ခင်ဗျားတို့ အချိန်ပိုသင်ဆိုရင် သင်ပေးမယ်။ ပိုက်ဆံမကောက်ဘူး။ ဆရာတွေ၊ ဆရာမတွေကိုလည်း ကျောင်းသားတွေဆီက ပိုက်ဆံကို အပိုငွေအဖြစ် မကောက်ရဘူး။ ငါ့ကျောင်းမှာ အဲဒါကို ခွင့်မပြုဘူး။ မကျေနပ်ရင် ကြိုက်တဲ့ဆီ တိုင်နိုင်တယ် ဆိုပြီး ဆန့်ကျင်ခဲ့တဲ့ ကျောင်းအုပ်ကြီးတစ်ယောက် ဖြစ်ပါတယ်။
ကိုချစ်မောင်ခင်ကို ကျူရှင်လည်း မသင်၊ ပိုက်ဆံလည်း မကောက်ဘူးဆိုပြီး ဆန့်ကျင်နေတာကြောင့် ချမ်းသာတယ် ထင်ရင် မှားလိမ့်မယ်။ ကိုချစ်မောင်ခင်က မိသားစု ငါးယောက်ကို ကျောင်းအုပ်လစာနဲ့ မလောက်လို့၊ ညဘက် မရှက်မကြောက် ဆိုက်ကားနင်းနေတဲ့သူပါ။ သူက အပိုဝင်ငွေ ဆိုတာကို သမ္မာအာဇီဝနဲ့ ရှာစားတာပဲ လက်ခံတယ်။ ကျောင်းသားတွေဆီက ပိုက်ဆံယူပြီး စာသင်တယ် ဆိုတာကို လုံးဝလက်မခံဘူး။ သူ့ခံယူချက်က ကျောင်းဆရာအလုပ်ကို ငတ်မယ်မှန်း သိရက်နဲ့ လုပ်တယ်။ မလောက်ငနိုင်ဘူး ဆိုတာ သိရက်နဲ့ လုပ်တယ်။ ဒါဟာ စေတနာ၊ ဝါသနာကြောင့် လုပ်တာ။ စလုပ်ကတည်းက သိနေလျက်သားနဲ့ ဝင်လုပ်ကြပြီးမှ ကျောင်းဆရာအလုပ်နဲ့ ကျောင်းသားတွေထံက အပိုငွေ ပြန်ရှာရတာကို ဇာတ်တူသားစားတဲ့ အလုပ်ဆိုပြီး သူ့တစ်သက် လက်မခံဘဲ ဆန့်ကျင်ခဲ့တယ်။ ဒါကြောင့်လည်း သူက အချိန်အားရင် ဆိုက်ကားနင်းတယ်။ မိန်းမက ဈေးထဲမှာ ကန်စွန်းရွက် ရောင်းတယ်။ ဒီလိုနဲ့ သားသမီးတွေကို ဘွဲ့တွေရအောင် ကျောင်းထားနိုင်ခဲ့တယ်။
ကျူရှင်ဆိုတာ ထားမှဖြစ်မယ်လို့ လုပ်ထားတဲ့ ပညာရေးစနစ်ကိုက ခွင်ဖန်ထားတဲ့ ပညာရေးစနစ် ဆိုတာ ထင်ရှားနေတယ်။ ပြောချင်သူတွေကတော့ ဆရာဝန်တွေတောင် ပြင်ပမှာ ဆေးခန်းဖွင့်ပြီး ငွေရှာနိုင်သေးတာ၊ ငါတို့ ကျောင်းဆရာတွေက ဘာဖြစ်လို့ ငွေမရှာနိုင်ရမလဲ ဆိုပြီး ပြောကြတယ်။ ဆေးခန်းဖွင့်ပြီး ဝင်ငွေရှာတာနဲ့၊ ကျူရှင်ဖွင့်ပြီး ဝင်ငွေရှာတာ တူသလားဆိုတာ ပြန်စဉ်းစားသင့်တယ်။ လိုအပ်ချက်နဲ့ ပြန်ပြီး တိုင်းတာသင့်တယ်လို့ ထင်ပါတယ်။
ပညာရေးမှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကျူရှင်ပြန်ထား နေရတာကို လိုအပ်ချက်ကြောင့်လား ဆိုတာ ကျူရှင်သင်ချင်သူတွေ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး မေးကြည့်စေချင်ပါတယ်။
ကျောင်းလွှတ်ရင် အိမ်ခေါ်ပြီးတော့ စာကျက်ခိုင်းတာ၊ ကျောင်းကစာကိုပဲ အလွတ်ပြန်ရွတ်ခိုင်းနေတာ၊ စာမေးပွဲမှာ မေးမယ့်စာတွေကို “၏” “သည်” မရွေ့ ပြန်ပြီး ကျက်ခိုင်း၊ ရေးခိုင်းနေတာ လိုအပ်ချက်လား ဆိုတာ ဆရာတွေ ပြန်ပြီး စဉ်းစားစေ့ချင်တယ်။ အင်္ဂလိပ်စာမှာ ပိုတော်၊ ပိုတတ်အောင် ဘာတွေ သင်ပြနိုင်ခဲ့သလဲ။ ပိုတော် ပိုတတ်အောင် သင်ပြန်ရင်လည်း အဲဒီတတ်ထားတာ တွေဟာ ခင်ဗျားတို့ ပြဋ္ဌာန်းထားတဲ့ ကျောင်းစာထဲမှာ ပိုတွေး၊ ပိုရေးလို့ ရသလား။ သင်္ချာမှာ မာလကာသီးလို့ သင်ထားရင်၊ သံပရာသီးလို့ ပြောင်းမေးလိုက်တာနဲ့ ချာချာလည်သွားပြီး မဖြေနိုင်တာ ကျူရှင်တွေရဲ့ စွမ်းဆောင်နိုင်စွမ်းလား။
အမှန်တော့ ပညာရေးစနစ်ကို ကျူရှင် ခိုးသင်ပြီး၊ ခိုးစားနိုင်အောင် ဖန်တီးထားတာ။ ပညာရေး ဝန်ကြီးတွေ အဆက်ဆက် ကျူရှင်မသင်နိုင်တဲ့ ပညာရေး၊ ကျူရှင်မလိုတဲ့ ပညာရေး၊ ကျူရှင် တကယ်လိုတယ် ဆိုရင်လည်း စွမ်းဆောင်ပြနိုင်ရင် စွမ်းဆောင်ပြနိုင်သလောက် ဂုဏ်ပြုခံနိုင်တဲ့ ပညာရေးမျိုးကို ဘယ်သူတွေ စီစဉ်ခဲ့လို့လဲ။ နှစ်ပေါင်းများစွာ ချဉ်ဖတ်အိုးကြီးလို ပုပ်သိုးနေတဲ့ စာဟောင်းစာသိုးတွေကိုပဲ ဒါသင်၊ ဒါဖတ်၊ ဒါမှတ်၊ ဒါကျက်၊ ဒါရေးမှ အမှတ်ပေးတာကို ခင်ဗျားတို့ ကျင့်သုံးလာခဲ့တာ ဘယ်နှနှစ်လောက် ရှိနေပြီလဲ။ ပြောတော့ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မယ်တဲ့။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ အိုဘားမားအစိုးရ တက်လာကတည်းက သူတို့နိုင်ငံက ကျောင်းသားတွေကို STEM နဲ့ သွားဖို့ ခုထိကြိုးပမ်းနေဆဲပဲ။ STEM ဆိုတာကိုရော ခင်ဗျားတို့ ပညာရေးဌာနက မျက်ခြည်ပြတ်နေပြီလား။ Science, Technology, English, Mathematics ဆိုတာကိုပဲ အလေးထားပြီး ကမ္ဘာ့အဆင့်မီအောင် သင်ပေးပါလို့ အိုဘားမားက ပညာရေးဌာနကြီးကို အားကိုးအားထားပြုပြီး တောင်းပန်ထားချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ပြဋ္ဌာန်းစာအုပ်တွေထဲမှာ ခေတ်မီနည်းပညာနဲ့ ပတ်သက်တာတွေကို အရိပ်အယောင် တွေ့နေရပြီလား။
အများကြီးပါဗျာ။ ပြန်ပြီး စဉ်းစားသင့်တာတွေ။
ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးအောင် လုပ်ချင်ရင် ကမ္ဘာမှာ ဘာတွေလုပ်နေသလဲ ဆိုတာ မျက်ခြည်ပြတ်လို့ မရဘူး။ အိုဘားမားက သူတို့နိုင်ငံက ကလေးတွေ STEM ကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ပေးရင် နိုင်ငံတိုးတက် ဖွံ့ဖြိုးမှာ မဟုတ်ဘူး။ ပညာရေး အဆင့်နိမ့်သွားရင် နိုင်ငံကျဆုံးသွားမယ်။ လက်ရှိအနေအထားမှာ အမေရိကန်က ကျောင်းသားတွေဟာ သင်္ချာနဲ့ သိပ္ပံစွမ်းအားမှာ တောင်ကိုရီးယား၊ တရုတ်တို့ထက် နိမ့်ကျနေတာကို သမ္မတက ဝေဖန်ပြီး အဲဒီကဏ္ဍတွေမှ ကမ္ဘာ့အဆင့်မီအောင် ပြဋ္ဌာန်းကြပါ၊ သင်ကြပါလို့ ဝုန်းဒိုင်းကြဲပြီး ဆောင်ရွက်နေချိန်မှာ ကျွန်တော်တို့ နိုင်ငံက ပညာရေး ဝန်ကြီးက ကျူရှင်မသင်ရတဲ့ ပညာရေးလောက တစ်ခုကို သိက္ခာရှိအောင် ကြံဆောင်ပြီး၊ ဆရာဆရာမတွေ စားဝတ်နေရေး ဖူလုံအောင် ကြံဆောင်ပေးရမယ့် အစား၊ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းခွင့်နဲ့ လုပ်စားကိုင်စားခွင့် ပေးလိုက်မယ်ဆိုပြီး ဖြေရှင်းလိုက်တာကိုတော့ ခေါင်းရှောင်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ခေါင်းမဆောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို့သာ သုံးသပ် ဆင်ခြင်မိကြောင်းပါခင်ဗျာ။

အငြိမ်းစားကျောင်းဆရာတစ်ဦး

(ဤကဏ္ဍတွင် ဖော်ပြချက်များ သည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice Daily ၏ အာဘော်မဟုတ်ပါ)

ACM Credit To:The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top