ACM Re-Post 1-6-2014
Written by: ချမ်းမြေ့သူ
အမေရိကန်အခြေစိုက် Colgate-Palmolive ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများလာရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကုန်ထုတ်လုပ်ငန်းများ လာရောက်လုပ်ကိုင် နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်အတွင်းက Colgate-Palmolive ကုမ္ပဏီမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အချက်အလက်များကို လာရောက်ဆွေးနွေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုအခါ လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကနဦးပြင်ဆင်မှု အနေဖြင့် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် Colgate-Palmolive (Myanmar) Ltd အမည်ဖြင့် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ မေ ၂၉ ရက်တွင် One Stop Service စနစ်ဖြင့် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး လုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစားမှာ စက်မှုလုပ်ငန်း အမျိုးအစားဖြစ်ကြောင်း သိရသည်။
Colgate-Palmolive ကုမ္ပဏီသည် လူသုံးကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ကုန်ပစ္ပည်းများကို အဓိကထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် သုံးစွဲမှုများသည့် ကုန်အမှတ်တံဆိပ်များဖြစ်ကာ နိုင်ငံပေါင်းများစွာတွင်လည်း ဈေးကွက်ရရှိထားသည့် ကုန်ပစ္စည်း အမှတ်တံဆိပ်များဖြစ်ကြောင်း သိရသည်။
Colgate-Palmolive ကုမ္ပဏီကို ၁၈၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရုံးချုပ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အခြေစိုက်ထားပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် စက်ရုံများတည်ထောင် လုပ်ကိုင်လျက်ရှိပြီး ယခုအခါ မြန်မာနိုင်ငံတွင်လည်း စက်ရုံတည်ထောင်ကာ ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိသည်။
ထုတ်ပြန်ချက်များအရ ၂၀၁၂ ခုနှစ်တွင် လုပ်ငန်းမှ အသားတင်ဝင်ငွေ ဒေါ်လာ ၂ ဒသမ ၄၇၂ ဘီလျံရရှိခဲ့ကြောင်း သိရသည်။
အမေရိကန်အခြေစိုက် ကုမ္ပဏီအများစုမှာ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာ၌ အမေရိကန်အခြေစိုက် ကုမ္ပဏီများမှ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်ခြင်းမျိုးမရှိဘဲ အာရှနိုင်ငံများတွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီရုံးခွဲများမှတစ်ဆင့် လုပ်ငန်းလုပ်ကိုင်လေ့ရှိကြောင်း သိရသည်။
Colgate-Palmolive ရုံးအား တွေ့ရစဉ် (ဓာတ်ပုံ-www.foxbusiness.com)
Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment