ACM Re-Post 1-6-2014
ထိုင်းစစ်အစိုးရအဖွဲ့အကြီးအကဲက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အချိန်ယူရမည်ဖြစ်သောကြောင့် အနည်းဆုံး တစ်နှစ်ကြာပြီးသည့်တိုင် ရွေးကောက်ပွဲများ ပြုလုပ်မည်မဟုတ်ဟု မေ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။
သူက နိုင်ငံတကာ၏ ဝေဖန်သတိပေးမှုများ မြင့်တက်လာနေသည့် မကြာသေးမီက စစ်အာဏာသိမ်းမှုကို ကာကွယ်ပြောဆိုရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပရာယွတ်၏ ရွေးကောက်ပွဲအတွက် အချိန်သတ်မှတ်မှုကို အမေရိကန်က ပယ်ချခဲ့ပြီး ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရန် တောင်းဆိုခဲ့သည်။ ထို့ပြင် အာဏာသိမ်း စစ်အစိုးရက ထိန်းသိမ်းထားသူများကို ပြန်လွှတ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ် ကပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က စစ်အာဏာသိမ်းကြောင်း ကြေညာခဲ့ပြီးနောက် ပထမဆုံးအဖြစ် ရုပ်မြင်သံကြားမှတစ်ဆင့် နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားရာတွင် ပရာယွတ်ချန်အိုချာက စစ်အစိုးရအဖွဲ့သည် လူဦးရေ ၆၇ သန်းရှိသော ထိုင်းနိုင်ငံကို ၁၅ လခန့် အတွင်း ဒီမိုကရေစီစနစ်သို့ ပြန်လည်ဦးလှည့်ရန်အတွက် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
မေ ၂၆ ရက်တွင် ဘုရင်၏ အတည်ပြုမှုကို ရရှိခဲ့သော ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပထမ သုံးလအတွင်း အပြင်းအထန်သဘောထားကွဲလွဲနေသည့် ထိုင်းနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကထား ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ ယင်းနောက် တစ်နှစ်ကြာမည့် ဒုတိယအဆင့်အတွင်း ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့သစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသစ်ကို အသားကျအောင် ပြုလုပ်မည်ဖြစ်ပြီး ယင်းနောက်တွင်မှ ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဟု ဆိုသည်။
“တတိယအဆင့်ကတော့ ဘက်ပေါင်းစုံက လက်ခံနိုင်မယ့် ပြီးပြည့်စုံတဲ့ ဒီမိုကရေစီစနစ်အောက်မှာ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ပါပဲ။ ကျွန်တော်တို့အနေ နဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ရာ ကောင်းမွန်ပြီး ရိုးသားတဲ့ လူတွေရနိုင်အောင် ဥပဒေတွေကို ခေတ်နဲ့လျော်ညီအောင် ပြုလုပ်မှာပါ” ဟု ပရာယွတ်က ပြောကြားခဲ့သည်။
ထိုင်း ခေတ်သစ်သမိုင်း၌ ၁၉ ကြိမ်မြောက် အာဏာသိမ်းမှုအဖြစ် ထိုင်းစစ်တပ်သည် မေ ၂၂ ရက်၌ အာဏာသိမ်းယူခဲ့ပြီး ထင်ရှားသောနိုင်ငံရေးသမားများ၊ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ များစွာတို့ကို ထိန်းသိမ်းခဲ့သည်။
ထိုင်းအာဏာပိုင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းခဲ့ပြီး ညမထွက်ရအမိန့်နှင့် မာရှယ်လောအောက်၌ အရပ်ဘက်ဆိုင်ရာ လွတ်လပ်ခွင့်များကို လျှော့ချခဲ့သည်။ ၎င်းအပြင် ပရာယွတ်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နေ့စဉ်နီးပါး ဆန္ဒပြမှုများအား ရင်ဆိုင်နေရမှုကို ကာကွယ်ရန် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ သူက အတိတ်ကအကွဲအပြဲများဖြစ်အောင် လှုံ့ဆော်ရာ၌ အသုံးပြုခဲ့သည့်အတွက် စာနယ်ဇင်းများနှင့် လူမှုရေးမီဒီယာများအား ကန့်သတ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
(ထိုင်းစစ်ဦးစီးချုပ် ပရာယွတ်ချန်အိုချာ နိုင်ငံသို့ ရုပ်သံမိန့်ခွန်းပြောကြားနေမှုကို မေ ၃၀ ရက်တွင် ဘန်ကောက်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဖွင့်ထားစဉ်)
Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment