0

အာဏာမှ ပြုတ်ကျသွားခဲ့သော ထိုင်းပါတီမှ ဥက္ကဋ္ဌဟောင်းသည် အာဏာသိမ်း စစ်အစိုးရအား ဆန့်ကျင်လှုပ်ရှားမည့် ပထမဆုံး ထိုင်းအတိုက်အခံအဖွဲ့ကို ဇွန်လ ၂၄ရက်က စတင်ဖွဲ့စည်းခဲ့ရာ ထိုင်းနိုင်ငံ ပြည်တွင်းပြည်ပမှ ထိုင်းစစ်အစိုးရ ဆန့်ကျင်ရေး သမားများအား အဖွဲ့တွင်းသို့ အတူတကွ စုစည်းနိုင်ရန် ကြိုးပမ်းလိုက်ခြင်းလည်း ဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပွေထိုင်းပါတီ၏ ဥက္ကဋ္ဌနှင့် ထိပ်တန်းဝန်ကြီးတစ်ဦး ဖြစ်ခဲ့သူ ဂျရူပွန် ရမ်ဆူဝမ်သည် “လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အတွက် လွတ်လပ်သော ထိုင်းနိုင်ငံသား အဖွဲ့အစည်း” ကို အမည်ဖော်ပြထားခြင်း မရှိသော ပြည်ပနိုင်ငံ တစ်ခုမှ နေ၍ ဦးဆောင်လိမ့်မည်ဟု အဖွဲ့ ဖွဲ့စည်းရေး အထိမ်းအမှတ် ကြေညာချက်ထဲတွင် ပါရှိသည်။

ထိုင်း စစ်အစိုးရသည် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ဟန့်တားလျက် ရှိပြီး လူရာနှင့်ချီကာ ဆင့်ခေါ်ခြင်း နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကာ ဆင့်ခေါ်ထိန်းသိမ်းခြင်း ခံခဲ့ရသူ အများစုမှာ ဝန်ကြီးချုပ်ဟောင်း ယဉ်လပ် ဦးဆောင်သော ဖြုတ်ချခံထားရသော အစိုးရအဖွဲ့၊ “ရှပ်နီ” အဖွဲ့ စသည်တို့နှင့် ဆက်နွယ်မှုရှိသော သူများ ဖြစ်ကြသည်။

ထိုင်းအဖွဲ့သစ်၏ ကြေညာချက်အား ဂျရူပွန် ရမ်ဆူဝမ် လက်မှတ် ရေးထိုးထားပြီး အာဏာသိမ်းခြင်းမှာ ကြီးကျယ်သော ခိုးယူမှု တစ်ခုပင် ဖြစ်ကြောင်း ၎င်းက ဝေဖန်ရှုတ်ချထားသည်။

“စစ်အစိုးရဟာ တရားဥပဒေ စိုးမိုးရေးကို ချိုးဖောက်လိုက်တာ ဖြစ်ပြီး၊ ဒီမိုကရေစီ စံနှုန်းတွေကို အလွဲသုံးစားလုပ်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ လူ့အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေ နဲ့ လူ့ဂုဏ်သိက္ခာတွေကို ဖျက်ဆီးနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံရေး စနစ်အား ကျောထောက်နောက်ခံ တောင့်တင်းသော ထိုင်းစစ်အစိုးရက စိတ်ကြိုက် အကွက်ဆင်နေခြင်းကို တိုက်ဖျက်ရန် နှင့် ဒီမိုကရေစီကို ပြန်လည်ဆောင်ကြဉ်းရန် ၎င်းတို့၏ အဖွဲ့အစည်းသစ်က ကြိုးပမ်းသွားမည်ဟုလည်း ဂျရူပွန် ရမ်ဆူဝမ် က ဆိုသည်။

အဖွဲ့အစည်းသစ်ထဲတွင် လွှတ်တော်အမတ်ဟောင်းများ၊ ပညာရှင်များ၊ “ရှပ်နီ” အဖွဲ့ ခေါင်းဆောင်များ နှင့် မေ ၂၂ ရက် အာဏာသိမ်းမှုကို ဆန့်ကျင်သော အခြားအတိုက်အခံများ ပါဝင်ကြကာ ထိုအဖွဲ့အစည်းသည် အမည်မသိရသေးသော ပြည်ပနိုင်ငံတစ်ခုတွင် အဓိက အခြေစိုက်လိမ့်မည် ဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top