0

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင်းရှိ ရဲစခန်းတစ်ခုကို ကားတစ်စီးဖြင့် ဝင်တိုက်ကာ ဖောက်ခွဲရေးပစ္စည်းများ ဖောက်ခွဲခဲ့သည့် တိုက်ခိုက်ရေးသမား ၁၃ ဦးကို တရုတ်ရဲများက ပစ်သတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာန၏ ဖော်ပြချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ရှင်ကျန်းဒေသသည် မွတ်ဆလင် အူဂါများ နေထိုင်ရာဒေသဖြစ်ပြီး ယခင်ကလည်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကာ လွတ်လပ်သော အရှေ့တာ့ကစ်စ္စတန်နိုင်ငံ ထူထောင်လိုသည့် အစ္စလာမ္မစ် ခွဲထွက်ရေးဝါဒီများ၏ လက်ချက် ဖြစ်သည်ဟု တရုတ်ခေါင်းဆောင်များက ပြစ်တင်ထားသည်။

စနေနေ့ နံနက်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် ရဲအရာရှိသုံးဦး ဒဏ်ရာအနည်းငယ် ရရှိသွားပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယီချန်ကောင်တီ နယ်မြေတွင်းရှိ ရဲစခန်း အဆောက်အအုံတစ်ခုကို လူဆိုးများက ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်အတွင်းကလည်း တရုတ်-ပါကစ္စတန် နယ်စပ်ဒေသ အနီးတွင်ရှိသော ယီချန်ဒေသတွင် ဓားကိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ပြီး တိုက်ခိုက်ရေးသမား ခုနစ်ဦးလည်း ပစ်သတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် လအတွင်းကလည်း ရှင်ကျန်းပြည်နယ်မြို့တော် အူရန်ကွီတွင် အသေခံဗုံးခွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၃၉ ဦး သေဆုံးခဲ့ပြီး မတ်လအတွင်းကလည်း ယူနန်ပြည်နယ် ကူမင်းမြို့တော်တွင် ဓားကိုင်တိုက်ခိုက်မှု တစ်ရပ်ကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့သည်။ ယင်းကဲ့သို့သော အကြမ်းဖက်မှုများ တိုးပွားလာခြင်းကြောင့် အကြမ်းဖက် ရာဇဝတ်များအပေါ် ဖိနှိပ်မှုတိုးပွားလာပြီး အစွန်းရောက်ဝါဒ ဖြန့်ဖြူးသူများ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူများကို တရုတ်အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းလျက် ရှိသည်။

တရုတ်နိုင်ငံသည် အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ တစ်ဒါဇင်ကျော်ကို ပြီးခဲ့သည့်လအတွင်း သတ်ဖြတ်ခဲ့ပြီး တီအန်မင် ရင်ပြင်တွင် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူ သုံးဦးကိုလည်း သေဒဏ်ချမှတ်ခဲ့သည်။

သယံဇာတကြွယ်ဝပြီး မဟာဗျူဟာမြောက် တည်ရှိသော ရှင်ကျန်းပြည်နယ်တွင် အကြမ်းဖက်မှုများ တိုးပွားလာလျက်ရှိပြီး ဒေသခံအူဂါများအပေါ် ဘေဂျင်း ဗဟိုအစိုးရအဖွဲ့က ပြင်းပြင်းထန်ထန် ဖိနှိပ်ခြင်းကြောင့် အကြမ်းဖက်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု အူဂါပြည်ပြေး အုပ်စုများနှင့် လူ့အခွင့်အရေး အုပ်စုများက ထောက်ပြသည်။

ယင်းကဲ့သို့ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကို တန်ပြန်ရန် ရှင်ကျန်းဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုသစ်များ လုပ်ဆောင်ရန်၊ ဆင်းရဲမွဲတေမှု လျှော့ချရန်နှင့် တိုင်းရင်းသား စည်းရုံးညီညွတ်မှု မြင့်တင်ရန် တရုတ်ခေါင်းဆောင်များက တိုက်တွန်းလျက် ရှိသည်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top