ရန်ကုန်၊ACM Re-Post 1-6-2014
လုပ်ငန်းရှင်များအနေနှင့် ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ရာတွင် အမြတ်အစွန်း တစ်ခုတည်းကို မကြည့်ကြဘဲ အလုပ်သမားများ၏ လူမှုဘဝ၊ ကျန်းမာရေး ကောင်းမွန်ပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစွာ အလုပ်လုပ်နိုင်ရန် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
ရန်ကုန်မြို့တော်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် မေလ ၃၁ ရက်နေ့က အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနနှင့် Global Enchanting Education Center တို့ ပူးပေါင်းကျင်းပသည့် Road to Safety Seminar တွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
လုပ်ငန်းလုပ်ကိုင်ရာတွင် လူမှုပတ်ဝန်းကျင် ထိခိုက်မှု မရရှိစေရေးကို ဆောင်ရွက်သည့်စနစ် Corporate Social Responsible (CSR) ကို ထည့်သွင်း စဉ်းစားရန် လိုကြောင်း၊ လုပ်သားများ၏ လူမှုဘဝနှင့် ကျန်းမာရေး ကောင်းမွန်ပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစွာ လုပ်ကိုင်နိုင်လျှင် ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်စွမ်းအားကို တိုးတက်စေမည် ဖြစ်ကြောင်း ဦးအေးမြင့်က ဆိုသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စတင်ရာတွင် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်းကျပ်သည့် ဥပဒေ၊ နည်းဥပဒေများကို ချမှတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ တောင်ကိုရီးယား လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအေဂျင်စီ (KOSHA)၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ နည်းပညာ ပံ့ပိုးမှုဖြင့် ရေးဆွဲထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းကို မကြာမီ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး ဆိုသည်မှာ အလုပ်ရှင် တိုင်းထားရမည့် ကျင့်ဝတ်တစ်ခု ဖြစ်ပြီး လုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုသည်မှာ အလုပ်ရှင်တိုင်းအတွက် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်ကြောင်း လက်ဝါးအထည်ချုပ် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် မှုခင်းများအနက် လုပ်ငန်းခွင် မတော်တဆမှု၊ ပေါ့လျော့မှု၊ ဂရုမစိုက်မှုတို့ကြောင့် ဖြစ်သည့် သေဆုံးမှုမှာ ၂၅ ရာခိုင်နှုန်း ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောဆိုသည်။
Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment