0

ရန်ကုန်၊ACM Re-Post 1-6-2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)၊ မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်း အတွင်းမှ မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းနှင့် ပြည်တွင်းမြေပိုင် ကုမ္ပဏီတစ်ခုတို့ သုံးပွင့်ဆိုင် ပူးပေါင်း၍ ထောက်ကြန့်မြို့ တိုးဂိတ်အနီးတွင် ယာဉ်ရပ်နားစခန်းသစ် တစ်ခု တည်ဆောက်ခွင့်ပြုရန် YCDC နှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းထံမှ စုံစမ်းသိရသည်။

“တကယ်လုပ်ဖြစ်မယ်ဆို ထောက်ကြန့် တိုးဂိတ်နားမှာ ရှိတဲ့ မြေဧက ၂၀၀ ကျော် အကျယ်ရှိတဲ့ နေရာမှာ ဆောက်ဖို့ ရည်ရွယ်ထားပါတယ်” ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) က ယာဉ်ရပ်နားစခန်းများကို ယာယီအနေနှင့်သာ ခွင့်ပြုထားခြင်းကြောင့် ပုဂ္ဂလိကပိုင် မြေပေါ်တွင် ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်ခွင့် ပြုသင့်ပြီး မိမိတို့ကို မြေနေရာ ကူညီမည့် ပုဂ္ဂလိက ကုမ္ပဏီအချို့ ရှိကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

ယင်းသို့ တောင်းဆိုနိုင်ရန် မြို့တော်စည်ပင်နှင့် ရန်ကုန်မြို့တော်ဝန်တို့ကို မေလကုန်အတွင်း သွားရောက် တွေ့ဆုံသွားမည် ဖြစ်ကြောင်း အဆိုပါအသင်းမှ စာရင်းစစ်ချုပ် (ကားဝယ်ရောင်း) ဦးအေးကျော်က ပြောကြားသည်။

“ကျွန်တော်တို့ကို ကူညီမယ့်သူ ရှိပါတယ်။ တကယ်လို့ စည်ပင်က ကိုယ်ပိုင်မြေ မရှိဘူးဆိုရင် ကျွန်တော်တို့ကို ခွင့်ပြုပါ။ ဒါပေမဲ့ လုံခြုံရေးပိုင်းကိုတော့ သူတို့ကို တာဝန်ယူစေလိုပါတယ်။ အခု အသစ်ပြောင်းမယ့် နေရာက ကျွန်တော်တို့အတွက် လူနေရပ်ကွက်တစ်ခု ဖြစ်နေတဲ့အတွက် အန္တရာယ် ရှိပါတယ်။ မီးရေးထင်းရေး ဖြစ်ရင် ဘယ်လို တာဝန်ယူပေးမှာလဲ။ မင်းရဲကျော်စွာမှာက ပြဿနာ မရှိဘူး။ ဘေးမှာက သူနာပြုတက္ကသိုလ်ပဲ ရှိတာ။ အဲ့ဒါကြောင့် အဲ့ဒီကို ပြောင်းဖြစ်လည်း ယာယီပဲ ပြောင်းမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ ယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရန် မိမိတို့ မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းကို ကူညီမည့် ကုမ္ပဏီနှစ်ခုခန့် ရှိပြီး မြေဧက ၆၅ အကျယ်ရှိသည့် မြေနေရာတစ်ခုနှင့် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် မြေနေရာများ ရှိကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ မော်တော်ယာဉ် ရပ်နားစခန်းများကို နေရာနှစ်ခုသို့ ပြောင်းရွှေ့ခိုင်းခဲ့ပြီး သီရိမင်္ဂလာ ယာဉ်ရပ်နားစခန်းနှင့် မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်း ဟူ၍ ယာယီအဖြစ်၂၀၁၂ ခုနှစ်အတွင်းက ပြောင်းရွှေ့ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်းကိုလည်း လှိုင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ခိုင်းထားကြောင်း အဆိုပါ မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်းထံမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်း (ယာယီ) ကို ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း ကြေညာထားပြီး အသစ်ပြောင်းရွှေ့ရမည့် လှိုင်မြို့နယ် အမှတ် (၁၃) ရပ်ကွက် အတွင်းရှိ မြေနေရာ ပြင်ဆင်မှုများကို မေလကုန်ပိုင်းအတွင်း အပြီးသတ် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ စုံစမ်းသိရသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top