ACM Re-Post 5-6-2014
Written by: ဝေယံဖြိုးဦး၊ မျိုးမင်းထက်
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးဆိုင်ရာ နည်းဥပဒေများ ဆက်လက်ထုတ်ပြန်ရန် ကြန့်ကြာနေမှုနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအား ယခုခေတ်သည် အမိန့်နှင့်အုပ်ချုပ်သည့်ခေတ် မဟုတ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။
နေပြည်တော်တွင် ဇွန် ၄ ရက်က ကျင်းပသည့် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက အဆိုတစ်ခု တင်သွင်းခဲ့ပြီး ယင်းအဆိုနှင့် ပတ်သက်၍ သက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်း ဖြေကြားမှုများ အပြီးတွင် သူရဦးရွှေမန်းက အထက်ပါကဲ့သို့ ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
မအူပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက “မြန်မာနိုင်ငံ လယ်ယာကဏ္ဍနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ခေတ်မီလာစေရန် စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်း၍ အထူးပြုဆောင်ရွက်ရန် နိုင်ငံတော်သမ္မတသို့ တိုက်တွန်းကြောင်း” အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုတွင် နိုင်ငံတော်အစိုးရမှလည်း ရေအကျိုးရှိရှိ အသုံးချရေး (Water Management)အနေဖြင့် ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားသော်လည်း ၎င်းလုပ်ငန်စဉ်တစ်ခု အနေဖြင့် လယ်ယာ၊ သားငါးဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုအတွက် လုံလောက်မှုမရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ထည့်သွင်းပြောကြားသည်။
အဆိုပါ နည်းဥပဒေများ ထွက်ရှိမှသာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ တောင်သူလယ်သမားများအား ငွေကြေးထောက်ပံ့ပေးရေးဆိုင်ရာ ကိစ္စများ၊ နည်းပညာပံ့ပိုးပေးရေးဆိုင်ရာ ကိစ္စများနှင့် ချေးငွေပမာဏ တိုးပေးရေးနှင့် အတိုးနှုန်းလျှော့ချရေးဆိုင်ရာ ကိစ္စများ ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောကြား . . . . .
“အထူးသဖြင့် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ခံစားရမည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေသည့်အတွက် ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရန် ကြိုတင်စီမံခန့်ခွဲ ဘက်စုံဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ဆိုသည်။
အဆိုနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြန်လည်ရှင်းလင်းရာတွင် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ခေတ်မီလာစေရန်အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် နည်းဥပဒေများ အသက်ဝင်လာပါက ပြည်ထောင်စု အစိုးရအဖွဲ့မှ အဖွဲ့ဝင်များပါသည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းဖြေကြားသည်။
ဝန်ကြီးဌာန၏ ပြန်လည်ရှင်းလင်း ပြောကြားချက်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သုံးသပ်ပြောကြားရာတွင် တောင်သူလယ်သမားများသည် များသောအားဖြင့် ဆင်းရဲသည့်အတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအား လွှတ်တော်က ပြဋ္ဌာန်းပေးခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။
“ဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်တယ်။ သို့ရာတွင် အခုချိန်ထိ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြီးခဲ့တဲ့ ဥပဒေဟာ ဒီနေ့အထိ ရှစ်လရှိတဲ့ အချိန်ထိ နည်းဥပဒေ ပေါ်ထွက်လာခြင်း မရှိဘူး” ဟု ဆွေးနွေးခဲ့သည်။
အဆိုပါ နည်းဥပဒေများ ထွက်ရှိမှသာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ တောင်သူလယ်သမားများအား ငွေကြေးထောက်ပံ့ပေးရေးဆိုင်ရာ ကိစ္စများ၊ နည်းပညာပံ့ပိုးပေးရေးဆိုင်ရာ ကိစ္စများနှင့် ချေးငွေပမာဏ တိုးပေးရေးနှင့် အတိုးနှုန်းလျှော့ချရေးဆိုင်ရာ ကိစ္စများ ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
“ဒုဝန်ကြီး ဆွေးနွေးသွားတယ်။ ဒီဥပဒေ အသက်ဝင်လာတယ်ဆိုရင် ဆောင်ရွက်လို့ ရပါတယ်။ ဒါဖြင့် ဘယ်တော့အသက်ဝင်မှာလဲ။ နည်းဥပဒေ ထွက်မှပေါ့” ဟု သူရဦးရွှေမန်းက ထပ်မံပြောကြားသည်။
ဆက်လက်ပြီး ၎င်းက “အဲဒီအခါမှာ တာဝန်ယူတဲ့သူတွေ အနေနဲ့ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရဲဖို့ လိုပါတယ်။ ခေတ်က အမိန့်နဲ့ အုပ်ချုပ်တဲ့ခေတ် မဟုတ်ဘူး။ ညွှန်ကြားချက်နဲ့ အုပ်ချုပ်တဲ့ခေတ်၊ ဥပဒေနဲ့ အုပ်ချုပ်တဲ့ခေတ်၊ ဥပဒေ အသက်ဝင်ဖို့ဆိုရင် လွှတ်တော်က ပြဋ္ဌာန်းလိုက်ရုံနဲ့ မပြီးသေးဘူး။ ဒီဥပဒေကို အကောင်အထည်ဖော်မယ့် နည်းဥပဒေ လုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာ စည်းမျဉ်းဥပဒေတွေ ထွက်ဖို့လိုတယ်” ဟု ဝေဖန်ပြောကြားသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ကြွယ်ဝချမ်းသာသည့် ပြည်ထောင်စုဝန်ကြီးများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး သူ၏သားသမီးများမှာလည်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြင့်ဇေယျာကုမ္ပဏီ အမည်ဖြင့် အကျိုးတူလယ်ယာ လုပ်ကိုင်ရန်ဆိုကာ လယ်ယာမြေများ သိမ်းယူထားခဲ့ပြီး နေပြည်တော်တွင်လည်း စိုက်ပျိုးရေးခြံအချို့ ရယူလုပ်ကိုင်လျက် ရှိကြောင်းနှင့် တိုင်းဒေသကြီး အချို့တွင်လည်း ဌာနအမည်ခံ၍ မြေ၀ယ်ယူထားမှုများရှိကြောင်း သတင်းထွက်ပေါ်လျက် ရှိသည်။
ဇွန် ၄ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား တွေ့ရစဉ်
Aye Chan Mon Credit To: Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment