ACM Re-Post 5-6-2014
Written by: ချမ်းမြေ့သူ
နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ဈေးကွက်ရရှိထားသည့် တောင်ကိုရီးယားအခြေစိုက် KM Healthcare ကော်ပိုရေးရှင်းက မြန်မာနိုင်ငံတွင် ခွဲစိတ်ခန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းအား မြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းဝင်ရောက် လုပ်ကိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုတင်ပြချက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ကော်မရှင်က မေ ၃၁ ရက်တွင်ပြုလုပ်သည့် အစည်းအဝေး၌ ခွင့်ပြုမိန့် ပြန်လည်ချပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကော်ပိုရေးရှင်း အနေဖြင့် လုပ်ငန်းအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ပြည်ပစက်မှုဇုန်နယ်မြေ၊ ညောင်အင်းကျေးရွာ၊ အထူးဇုန် ၃ တွင် လက်ခစားစနစ်ဖြင့် ခွဲစိတ်ခန်းတွင် အသုံးပြုသည့် တစ်ခါသုံး ဝတ်ရုံ၊ ခေါင်းအုပ်၊ နှာခေါင်းအုပ်၊ မျက်နှာဖုံး၊ ဖိနပ်ဖုံး၊ မိန်းမဝတ်ဝတ်ရုံ စသည့်ပစ္စည်းများကို ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် KM Healthcare Myanmar ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်မည်ဟု သိရသည်။
KM Healthcare ကော်ပိုရေးရှင်းသည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ISO 13485၊ CE၊ KGMP နှင့် KFDA စသည့် အသိအမှတ်ပြု လက်မှတ်များ ရရှိထားသော ခွဲစိတ်ခန်းတွင် အသုံးပြုသည့် တစ်ခါသုံး ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများကို အဓိက ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
ကုမ္ပဏီသက်တမ်း ၁၉ နှစ်ကျော် ကာလအတွင်း ကုမ္ပဏီမှထုတ်လုပ်သည့် ပစ္စည်းများကို တောင်ကိုရီးယားဈေးကွက်အပြင် အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ထိုင်း၊ အာဂျင်တီးနား၊ ယူအေအီး၊ ဘရာဇီး၊ တရုတ်၊ ဗြိတိန်၊ အီရန်၊ မလေးရှား၊ ရှရှား၊ ဆော်ဒီ အာရေးဗျနှင့် တောင်အာဖရိကနိုင်ငံ ဈေးကွက်များတွင် လက်လီလက်ကား ဖြန့်ဖြူးရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံရှိ လုပ်ငန်းပေါင်း ၉၃ ခုတွင် ခွင့်ပြုချက် ရယူထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ၂ဝ၁၄ ခုနှစ် ဧပြီ ၃ဝ ရက်အထိ ဒေါ်လာ ၃ဝ၆၅ သန်းကျော်ရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ပြုလုပ်သည့် နိုင်ငံများအနက် နံပါတ်ခြောက်နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
နိုင်ငံခြားဆေးကုမ္ပဏီတစ်ခုက ဆေးရုံဆေးခန်းသုံး ပစ္စည်းများအား ပြပွဲတစ်ခုတွင် မိတ်ဆက်ပြသစဉ်
Aye Chan Mon Credit To: Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment