0

ယခုနှစ် အတွင်း ဟိုတယ်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုများကြောင့် လုပ်သား နှစ်သောင်းကျော်အား အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။ ““အဓိက ကတော့ ပြည်ပ ရင်းနှီးမြှုပ်နှံတွေ များများ ၀င်လာဖို့ လိုတယ်။ ဒါမှ နိုင်ငံတကာ စံနှုန်း အတိုင်း လစာတို့၊ ခံစားခွင့်တွေ ရရှိမှာဖြစ်တယ်””ဟု ရန်ကုန် ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဟိုတယ် ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကြောင့် လုပ်သား တစ်သောင်း ၀န်းကျင်အား အလုပ်အကိုင် ဖန်တီး ပေးနိုင်ခဲ့သည်။
ဟိုတယ်ကဏ္ဍနှင့် ဆက်စပ်၍ ခရီးသွားလာရေး လုပ်ငန်းကုမ္ပဏီ များ၊ ပို့ဆောင်ရေး လုပ်ငန်းများတွင် ဧည့်လမ်းညွှန်နှင့် အခြေခံ ၀န်ထမ်း စသည် တို့အတွက် အလုပ်အကိုင်များ ပေါ်ထွက်လာမည် ဖြစ်ကြောင်း သိရသည်။““ဟိုတယ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ပိုပြီး ၀င်ရောက် လာဖို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တာတွေ လုပ်ထုံး လုပ်နည်း အချို့ကို ဖြေလျော့ ပေးတာတွေ ဆောင်ရွက် နေတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင် အများကြီး ရရှိလာမယ် လို့ ခန့်မှန်းထားတယ်””ဟုဟိုတယ် နှင့် ခရီး သွားလာရေး ၀န်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင် ကပြောသည်။
အဆိုပါ လုပ်သားများ လုပ်ငန်းခွင်တွင် ၀န်ဆောင်မှု အရည်အသွေးများ တိုးတက် ကောင်းမွန် လာစေရန် အတွက် သင်တန်းများ ပို့ချပေးနေပြီး ပုဂ္ဂလိက ကုမ္ပဏီများမှလည်း သင်တန်းများ ဖွင့်လှစ်ကာ သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း (၉၈၈) လုံး၊ အခန်းပေါင် (၃၈၁၄၂) ခန်းရှိ ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ စာရင်းများ အရသိရသည်။ မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ တစ်နှစ်ထက် တစ်နှစ် မြင့်တက် လာလျက်ရှိပြီး ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ (၄၀၀၃၅ ဒသမ ၂၁) သန်းရှိကာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ ကျပ်သန်း (၄၇၀၄၅ ဒသမ ၃၄) သန်း ရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် နှင့် နှိုင်းယှဉ်ပါက သုံးဆနီးပါး မြင့်တက် လာကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

““ကျွန်တော် ဌာနက ရင်းနှီးမြှုပ်နှံမှုတွေမှာ လုပ်သား အခြေပြုတဲ့ လုပ်ငန်းတွေကို အဓိကထားပြီး ခွင့်ပြု ပေးနေတယ်။ အဲဒီအထဲမှာ မှ ဟိုတယ်တို့၊ အထည်ချုပ်တို့ လုပ်ငန်းတွေ ပိုပြီး ၀င်ရောက်လာတယ်””ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

ထို့အပြင် ခရီးသွားကဏ္ဍမှ ၀င်ငွေ ရရှိမှုမှာလည်း ၂၀၁၁ ခုနှစ်တွင် ကန်ဒေါ်လာ (၃၁၉)သန်း၊ ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ (၅၃၄) သန်း နှင့် ၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ (၆၈ ဒသမ ၁၁) သန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ (၇၅၀)သန်း ခန့်ရရှိလာမည် ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

Aye Chan Mon Credit To: Messenger News Journal
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top