0

Published on: June 20, 2014

ဟုမ္မလင်းမြို့နယ် မြို့မရဲစခန်းတွင် ဇွန် ၁၉ ရက် နံနက် ၃ နာရီခန့်က အချုပ်ခန်းဖောက်ထွင်းပြီး အချုပ်သားများ ထွက်ပြေးမှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“ဇွန် ၁၉ ရက် မနက် တစ်နာရီလောက်မှာ ဖြစ်တာပါ။ အချုပ်ခန်းက ဆွေးနေတော့ ကြမ်းကနေဖောက်တာ။ အချုပ်ခန်းအဟောင်း နဲ့ အသစ်ရှိတယ်။ မနက် ၃ နာရီလောက်ကျတော့ ဝုန်းဒိုင်းအသံကြားလို့ မေးတော့ သံပုံးကျတာပါလို့ ပြောတယ်။ နှစ်ယောက် ထွက်သွားတာ မြင်လိုက်တယ်။ ဒါနဲ့ ဖမ်းလိုက်တယ်။ ပြေးတာအားလုံး ရှစ်ယောက်ပါ။ နှစ်ယောက်ကို ပထမမိတယ်။ နောက် လေးယောက်ထပ်မိတယ်။ အခုပြေးတာက အချုပ်ခန်းဟောင်းထဲကနေ ပြေးကြတာ။ အခုလောလောဆယ်တော့ အချုပ်ပြေး နှစ်ယောက် လွတ်နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ရဲစခန်းထဲက အချုပ်ခန်းမှာက အချုပ်သား ၁ဝဝ ကျော်လောက် ရှိတယ်။ အဲဒီအချိန်မှာ စခန်းထဲမှာ အရာရှိတွေလည်း မူးယစ်ဖမ်းဖို့အလုပ်ကိစ္စနဲ့ အစည်းအဝေးတစ်ခု လုပ်နေကြတယ်လို့ ပြောတယ်” ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေး မှ ပြောကြားခဲ့သည်။

အဆိုပါ ဟုမ္မလင်းရဲ စခန်းအတွင်းတွင် ၂ဝ၁၃ ခုနှစ်အတွင်းက အချုပ်ခန်းဆူပူမှုဖြစ်ပွားခဲ့ပြီး အချုပ်သားဦးရေ များပြားခြင်း နေထိုင်ရကျဉ်းကျပ်ခြင်းများကြောင့် အချုပ်သားများမှ ဆူပူမှုပြုလုပ်ခဲ့ပြီး မြို့မိမြို့ဖနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးတို့မှ ဝင်ရောက်ညှိနှိုင်းမှုကြောင့် ပြေလည်မှုရရှိခဲ့သည်ဟု သိရသည်။

ဟုမ္မလင်းမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အလုပ်ရှုပ်နေ၍ နောက်မှမေးရန် ပြောကြားခဲ့သည်။ “ဒီဖြစ်စဉ်ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ တပ်ဖွဲ့ကိစ္စဖြစ်နေလို့ ပြောလို့မရပါဘူး”ဟု စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှ ပြောကြားသည်။ အောင်သူထွန်း

Aye Chan Mon Credit To:Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top