0

Published on: June 20, 2014
Written by: 
ကြည်နိုင်
7 Day နှင့် The Voice သတင်းစာတွင် ဖော်ပြခဲ့သည်များနှင့်ပတ်သက်၍ မြန်မာသံတော်ဆင့်ဂျာနယ်မှ ဇွန် ၁၈ ရက်က ကြေညာချက်ပြန်လည်ထုတ်ပြန်ခဲ့ရာ အဆိုပါသတင်းစာနှစ်စောင်၏ ကျင့်ဝတ်ဖောက်ဖျက်ဖော်ပြခဲ့သော ဖြစ်စဉ်များအားဖော်ပြရန် အသင့်ရှိနေဟု တုံ့ပြန်ခဲ့သည်။

ဇွန် ၁၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် “သာသနာရေးဝန်ကြီးပြောကြားချက် အမှန်တကယ် ဟုတ် မဟုတ် တိုင်းအစိုးရက သံတော်ဆင့်ဂျာနယ်တာဝန်ရှိသူများအား ခေါ်မေး” ခေါင်းစဉ်နှင့် ဇွန် ၁၈ ထုတ်7 Day News ဂျာနယ်တွင် “သံတော်ဆင့်ဂျာနယ်တွင် ဖော်ပြမှုနှင့်ပတ်သက်၍ အလိုတော်ပြည့်ဆရာတော် စာနယ်ဇင်းကောင်စီသို့ တိုင်ကြား” ခေါင်းစဉ်ဖြင့် မဟာသန္တိသုခကျောင်း ချိပ်ပိတ်မှုသတင်းနှင့်စပ်လျဉ်းပြီး ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ဇွန် ၁၅ ရက်ထုတ် The Voice သတင်းစာတွင် “သန္တိသုခကျောင်းတိုက်နှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်ဂျာနယ် ဖော်ပြချက် အလိုတော်ပြည့်ဆရာတော်ကြီး၏ မိန့်ကြားချက်များ မဟုတ်ဟုဆို” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည်။

ယင်းသို့ အသီးသီးရေးသားဖော်ပြမှုများ ပြီးနောက် မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာအဖွဲ့က ဇွန် ၁၈ ရက် ရက်စွဲဖြင့် သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါ သတင်းစာ၊ ဂျာနယ်များ၏ ဖော်ပြချက်များတွင် မြန်မာသံတော်ဆင့်သည် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ပိုင်ဆိုင်သည့်ဂျာနယ်ဖြစ်သယောင် ရေးသားခဲ့ခြင်းအပါအဝင် မြန်မာသံတော်ဆင့်ကို အများပြည်သူ အထင်အမြင်လွဲမှားစေသည့်သတင်းများ အကျယ်တဝင့် တိုက်ခိုက်ဖော်ပြခဲ့ကြောင်း၊ The Voice သတင်းစာသည်လည်း အလားတူ စွပ်စွဲရေးသားဖော်ပြခဲ့နေသည်ကို တွေ့ရသည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

ထို့ကြောင့် “မြန်မာသံတော်ဆင့်အပေါ် မဟုတ်မမှန်သတင်းများအား ဆက်လက်ရေးသားဖော်ပြမည်ဆိုပါက ယခင်တပ်မတော်အစိုးရနှင့် လက်ရှိအစိုးရအဖွဲ့တို့နှင့် ဆက်နွှယ်မှုရှိနေသော The Voice နှင့် 7 Day သတင်းစာ၊ ဂျာနယ်တို့၏ အများပြည်သူတို့အပေါ် ကျင့်ဝတ်ဖောက်ဖျက်၍ ဖော်ပြခဲ့သောဖြစ်စဉ်များအား မြန်မာသံတော်ဆင့်မှလည်း တုံ့ပြန်ဖော်ပြရန် အသင့်ရှိနေပါသည်။ မြန်မာသံတော်ဆင့်အပေါ် ထိခိုက်ပုတ်ခတ် ရေးသားထုတ်ဝေနေသည့် The Voice နှင့် 7 Day သတင်းစာတို့အနေဖြင့် သတိပြုဆင်ခြင်နိုင်ရန် ပြင်းထန်စွာသတိပေးလိုက်သည်” ဟု သတိပေးစာတွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် 7 Day သတင်းစာသည် ယခင် ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်၏ သားပိုင်ဆိုင်သော သတင်းစာဟု ဖော်ပြခဲ့ပြီး သံတော်ဆင့်သည် မည်သည့်ပြည်ထောင်စုဝန်ကြီးများ၏အထောက်အပံကိုမျှ ရယူထားခြင်းမရှိဘဲ ကိုယ်ပိုင်ရပ်တည်လျက်ရှိသည့် ပုဂ္ဂလိက မီဒီယာစစ်စစ်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်ဂျာနယ်၏ ယင်းသို့ ကြေညာချက်ထုတ်ပြန်မှုအပေါ် 7 Day သတင်းစာနှင့်ဂျာနယ်၏ အမှုဆောင်အယ်ဒီတာ ကိုအားမာန်က “ပထမသတင်းက သူတို့ကိုခေါ်တွေ့တယ်ဆိုလို့ ဖြစ်စဉ်ထူးခြားလို့ သတင်းဖြစ်လို့ ဆိုင်ရာ၊ စာပေစိစစ်ရေးရယ်၊ သံတော်ဆင့်ရယ် မေးပြီး ဖြစ်စဉ်အတိုင်း ရေးပြထားတာပါ။ ဒုတိယသတင်းဆိုရင်လည်း အလိုတော်ပြည့်ကနေ ကြေညာချက်ထုတ်ပြီး Press Council ကို ပို့တယ်ပေါ့။ ပြီးတော့ တိုက်မူအတိုင်းသတင်းနဲ့ ပက်သက်တဲ့ဆိုင်ရာလူတွေကို မေးပြီးမှ သတင်းတွေကို ဖော်ပြခဲ့တယ်။ သတင်းနှစ်ပုဒ်လုံးမှာပါတဲ့ အချက်အလက်တွေက ခိုင်မာတယ်။ Opinion လိုမျိုး ကိုယ်တိုင်ဝင်ပြောထားတာ ရေးထားတာ ဘာမှမရှိ ဘူး” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဆက်လက်ပြီး The Voice သတင်းစာ၊ ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “သူတို့ သတိပေးစာထုတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး။ No Comment ပါ။ ကျွန်တော်တို့ တတ်နိုင်သလောက် ကျင့်ဝတ်နဲ့အညီ ရေးပါတယ်။ မျှတအောင် လုပ်ပါတယ် ” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ကျွန်တော်တို့ပြောချင်တာတွေ၊ သဘောထားတွေက ဒီကြေညာချက်ထဲက အတိုင်းပါပဲ” ဟု မြန်မာသံတော်ဆင့်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ(သတင်း) ဦးအောင်ထွန်းလင်းက ဇွန် ၁၉ ရက်တွင် ပြောကြားသည်။

Aye Chan Mon Credit To:Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top