0

Published on: June 19, 2014
Written by: ကျော်ဇင်ဝင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံး၌ ဇွန် ၁၉ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါမွေးနေ့ပွဲ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်နိုင်ခြင်းမရှိသော်လည်း သူမ၏ မွေးနေ့ပွဲနှုတ်ခွန်းဆက်လွှာအား ပေးပို့ခဲ့သည်။

အခမ်းအနား၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦးက မွေးနေ့ကိတ်လှီးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့မင်္ဂလာစကား ပြောကြားခြင်း၊ တက်ရောက်လာသူများက မွေးနေ့ဆုတောင်းပေးကြခြင်း၊ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သည့် သူမ၏မွေးနေ့ပွဲ နှုတ်ခွန်းဆက်လွှာအား ဖတ်ကြားခြင်း၊ အခြားလူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ မွေးနေ့ပွဲသို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာများအား မှတ်တမ်းတင်ခြင်း နှင့် အမေ့ဂီတတေးဂီတအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးစပ်ထားသည့် တေးသီချင်းများအား သီဆိုဖျော်ဖြေခြင်းတို့ အား လုပ်ဆောင်ခဲ့ကြသည်။

မွေးနေ့ပွဲသို့ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်လွှာတွင် “မွေးနေ့ပွဲတွေဟာ ပုဂ္ဂိုလ်ရေးဘဝရဲ့ အထိမ်းအမှတ်တွေဆိုပေမယ့် နိုင်ငံရေးလုပ်နေသူတွေ ဖြစ်တဲ့အတွက် ကျွန်မရဲ့မွေးနေ့တွေဟာ နိုင်ငံရေးအငွေ့အသက်တွေ ယှက်သန်းလာတာ သတိထားမိပါတယ်။ ကျွန်မဟာ သာမန်အားဖြင့် မွေးနေ့သန္နိဌာန်တွေ ကတိကဝတ်တွေ ပြုလေ့မရှိပါဘူး။ နှစ်တစ်နှစ်ရဲ့ တစ်နေ့စီတိုင်းဟာ ကျွန်မလုပ်ရမယ့် အလုပ်တွေအတွက်တော့ အတူတူပဲလို့ သဘောထားပါတယ်။ ဒါပေမဲ့ မွေးနေ့ဆိုတာ တစ်နှစ်တာကာလ ကိုယ်ပြုသမျှကို တစ်ချက်လောက်စောင်းကြည့်ဖို့ အခွင့်အရေးတစ်ရပ်လို့တော့ ထင်မြင်မိပါတယ်။ နေ့တစ်နေ့မှာ ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်ခုခုတော့ ရသင့်တယ်လို့ ဆိုကြပါတယ်။ ကျွန်မလို နိုင်ငံရေးသမားတစ်ယောက်အတွက် ကိုယ့်တစ်သီးပုဂ္ဂလဘဝအတွက် ဘာတွေအကျိုးရှိခဲ့သလဲဆိုတာထက် တစ်နှစ်တာမှာ တိုင်းပြည်အတွက် ဘာတွေအကောင်းဆုံး လုပ်နိုင်ခဲ့သလဲဆိုတာပဲ စောင်းငဲ့ ဆင်ခြင်ကြည့်ချင်ပါတယ်။ ကျွန်မရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့တဲ့ တောင်းပေးကြမယ့် မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေ အပါအဝင် ကျွန်မကိုမေတ္တာထားကြသူတွေအားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မကိုတောင်းပေးတဲ့ ဆုမွန်အတိုင်း တူညီတဲ့အကျိုးတွေ ခံစားရတဲ့အပြင် ရှေ့ဆက်ရမယ့် နိုင်ငံရေးခရီးလမ်းကို ဆက်လက် ထောက်ခံအားပေးရင်း ကျွန်မတို့အတူတကွ လျှောက်လှမ်းနိုင်ကြပါစေလို့ ပြန်ပြီးဆုမွန်ကောင်းေ တာင်းပေးလိုက်ပါတယ်”ဟု ဖော်ပြပါရှိသည်။

ထို့အပြင် မွေးနေ့ပွဲအခမ်းအနားသို့ နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံရေးအဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံရေးသမားဟောင်းကြီး သခင်သိန်းမောင်လည်း တက်ရောက်ခဲ့ကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးခြင်း ဆန္ဒပြုခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။

“သူ့ကို အသက်အကြာကြီး ရှည်စေချင်သေးတယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်အတွက် သူလုပ်စရာတွေအများကြီး ကျန်သေးတယ်။ သူ့ကို ၂ဝ၁၅ ကျရင် သမ္မတအရမ်းဖြစ်စေချင်ပါတယ်”ဟု မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည့် မမေဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ (၆၉)နှစ်မြောက် အထိမ်းအမှတ်မွေးနေ့အကြိုပွဲကို ဇွန် ၁၇ ရက်က သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းများက ရန်ကုန်မြို့ကန်တော်ကြီးဥယျာဉ်အတွင်းရှိ Dolphin စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၉)နှစ်မြောက် မွေးနေ့ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဇွန် ၁၉ ရက်က ပြုလုပ်စဉ်

Aye Chan Mon Credit To:Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top