0

(ဆောင်းပါးရှင် - ညီအောင်ညီ)

ပြီးခဲ့တဲ့တစ်ပတ်က ရန်ကုန်မြို့အနှံ့ မိုးတွေကြီးခဲ့တယ်။ လမ်းပေါ်မှာတင် မကဘူး။ အိမ်ထဲအထိ ရေတွေက၀င်လို့ လျှံလို့ပါပဲ။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ဖြစ်တာပေါ့။ မြန်မာပြည်ရဲ့ ဟန်ပန်အတိုင်းပဲ အသားကျ လှုပ်ရှားမှုတွေ ဖြစ်တော့တာပဲ။ တစ်ခုခုဖြစ်ပြီ။ အကြောင်းအရာတစ်ခု သာမန်ထက် ပိုဖြစ်ပြီဆိုရင် အားလုံးအတွက် အလုပ်တွေ ရှုပ်တော့တာပဲ။

မိုးရွာရင်လည်း မိုရွာလို့၊ လေတိုက်ရင်လည်း လေတိုက်လို့၊ မီးပျက်ရင်လည်း မီးပျက်လို့၊ ကားပိတ်ရင်လည်း ကားပိတ်လို့ဆိုတဲ့ ဖြစ်လာတဲ့ သဘောတရားတွေအတိုင်း အလုပ်ကတော့ ရှုပ်ကြတာပါပဲ။ ဟိုပြေးဒီပြေး၊ ဟိုရွှေ့ဒီရွှေ့၊ ဟိုဖုံးဒီဖုံး လုပ်ရတော့တာပဲ။ အိမ်ထဲထိ ရေတွေဝင်လာတော့ ကျွန်တော်တို့ အိမ်သားတွေ အလုပ်တွေ ရှုပ်တော့တာပါပဲ။ ပစ္စည်းတွေ ဟိုရွှေ့၊ ဒီရွှေ့လုပ်၊ ရေအစိုမခံနိုင်တဲ့ ပစ္စည်းတွေကို ဂရုတစိုက် ရွှေ့ကြပေါ့။ ရေတွေ ပြန်ကျသွားပြန်တော့လည်း ပုံမှန်နေသားကျအောင် ပြန်ထားကြပေါ့။

ပစ္စည်းတွေရွှေ့ရင်းနဲ့ အတွေးတွေ ၀င်လာတယ်။ ပစ္စည်းအချို့ကိုကြည့်ပြီး အတွေးတွေ ၀င်လာတယ်။ ကျွန်တော်အပါအ၀င် ကျွန်တော့်အိမ်သားတွေ အပင်ပန်းခံ၊ စိတ်အရှုပ်ခံပြီး ရွှေ့နေတဲ့ ပစ္စည်းတွေထဲမှာ ကျွန်တော်တို့အတွက် အသုံးမ၀င်တော့တဲ့ ပစ္စည်းတွေ၊ အိမ်လေးရုံ၊ သိမ်းဆည်းရုံသက်သက်ဖြစ်နေတဲ့ ပစ္စည်းက ပိုများနေခဲ့တယ်။ အဲဒီအရာတွေအတွက် ကြောင့်ကြခိုက်နေမှုတွေဟာ ကိုယ်နဲ့စိတ်ကို ပိုပြီးပင်ပန်းနေစေသလိုပဲ။

မလိုအပ်တဲ့ ပစ္စည်းတွေ သိမ်းဆည်းထားမှုနဲ့ ပတ်သက်ပြီး ကျွန်တော့်အိမ်သားတွေကို စောဒကတက် အယူခံဝင်တိုင်း ကျွန်တော့်ရဲ့ အဆိုပြုလွှာဟာ မအောင်မြင်ခဲ့ပါဘူး။ ကျွန်တော်တို့အတွက် မလိုအပ်တော့ပေမယ့် တခြားသူတွေအတွက်တော့ လိုအပ်နေတာပဲ။ ကိုယ်မသုံးမယ့် အတူတူ သူတစ်ဖက်သားကို အသုံးပြုခွင့်ပေးခြင်းဟာ ပိုပြီးအဓိပ္ပာယ် ရှိစေသလိုပါပဲ။ မဟတ္တမဂန္ဒီကြီး ဖိနပ်တစ်ဖက်ကို ထပ်ပြီး စွန့်လွှတ်လိုက်သလိုမျိုးပေါ့။ တချို့တချို့သော ဆိုပ်ကိုင်ထားမှုတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမဖြစ်ထွန်းသလိုပါပဲ။

ပစ္စည်းတွေရွှေ့ရင်းနဲ့ လူကြီးနဲ့ လူငယ်၊ ရှေးလူနဲ့ နောက်လူတွေရဲ့ လွန်ဆွဲမှု အတွေးအဖြစ် အပြုအမူ ကွာခြားမှုတွေ အားနည်းချက်၊ အားသာချက်တွေကို ကျွန်တော့်ရဲ့ မမီတမီဉာဏ်လေးနဲ့ စဉ်းစားမိလေရဲ့။ ရှေးလူတွေဆိုတာ တွယ်တာမှု များတယ်။ ဆုပ်ကိုင်ထားမှု များတယ်။ ချင့်ချိန်မှု များတယ်။ နောက်လူဆိုတာတွေက ပစ္စုပ္ပန်မှာ နေချင်တယ်။ ဆုပ်ကိုင်မှုကို လက်မခံချင်ဘူး။ လက်တွေ့ကျချင်ကြတယ်။ နှစ်ဖက်စလုံးမှာ ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်လို့ တွေ့ခဲ့မိတယ်။

တချို့ပစ္စည်းတွေဟာ အိမ်သားတွေအတွက်ရော တခြားသူတွေအတွက်ပါ အသုံးမ၀င်ဘူးလေ။ အဲဒီပစ္စည်းတွေကို အမှိုက်အဖြစ် စွန့်ပစ်ပစ္စည်းစာရင်းထဲမှာ ထည့်ကြရမှာပါ။ အမှိုက်စာရင်းသွင်းပြီး စနစ်တကျ စွန့်ပစ်နိုင်မှ သန့်ရှင်းတဲ့ အိမ်တစ်လုံး၊ ရှင်းလင်းတဲ့ အိမ်တစ်လုံးအဖြစ် တွေ့မြင်နိုင်မှာပါပဲ။ အမှိုက်စာရင်းဝင်နေတဲ့ ပစ္စည်းတွေကို အိမ်ထဲမှာ မထားသင့်ဘူးပေါ့။ “အမှိုက်ကစ ပြာသာဒ်မီးလောင်” ဆိုတဲ့ စကားပုံက ရှိတယ်လေ။ ဒါပေမဲ့ သက်မဲ့ပစ္စည်း အမှိုက်ထက် သက်ရှိလူ အမှိုက်တွေက ပိုပြီးကြောက်စရာ ကောင်းတယ်။ လူ့အဖွဲ့အစည်းကို ညစ်ညမ်းစေမယ့် လူ့အမှိုက်တွေကို လူ့အဖွဲ့အစည်းထဲမှာ မြင်တွေ့နေရတာဟာ ရှုပ်ပွနေတဲ့ အိမ်ကြီးတစ်လုံးကို မြင်တွေ့နေရသလိုပဲ။ အဲဒီ လူ့အမှိုက်တွေကို စည်ပင်က မရှင်းနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ တွေးခေါ်မှု၊ ရင့်ကျက်တဲ့ အပြုအမူ၊ မှန်ကန်တဲ့ လျှောက်လှမ်းမှုတွေနဲ့ပဲ လူ့အမှိုက်တွေကို ရှင်းနိုင်မှာပါ။

ကျန်းမာအောင်နေထိုင်နိုင်ဖို့ နည်းလမ်းတွေထဲမှာလည်း အိမ်မှာရှိတဲ့ ကိုယ့်အတွက် အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို စနစ်တကျနဲ့ လိုအပ်နိုင်တဲ့ သူတွေကို ဝေငှနိုင်ဖို့၊ လုံးဝသုံးမရတဲ့ ပစ္စည်းတွေကို အမှိုက်စာရင်းထဲထည့်ပြီး စနစ်တကျ စွန့်ပစ်နိုင်ဖို့ လိုအပ်တယ်လို့ ဆေးပညာ အကြံပေးစာအုပ်တွေထဲမှာ ဖတ်ခဲ့ရဖူးတယ်။ ပေါ့ပါးတဲ့ အိမ်တစ်လုံးဖြစ်နိုင်ဖို့ ဒီအချက်တွေကလည်း အဓိက ကျနေလေရဲ့ သန့်ရှင်းတဲ့စိတ်၊ ကြည်လင်တဲ့စိတ်တွေဖြစ်အောင် ဘယ်လိုနေရမယ် ဆိုတာကိုလည်း ဘာသာတရား အသီးသီးက ညွှန်ပြထားလေရဲ့။ “ဆောက်ဖြစ်မှ ကျောင်းဒကာ” ဆိုသလိုပဲ တကယ်ကျင့်သုံးကြမှပဲ သန့်ရှင်းတဲ့အိမ်၊ သန့်ရှင်းတဲ့လူတွေ ဖြစ်ကြမှာပါ။

လူ့အဖွဲ့အစည်းနဲ့ အိမ်၊ အိမ်နဲ့ လူအဖွဲ့အစည်းဆိုတာ မကင်းနိုင်ကြပါဘူး။ အိမ်တွေထဲမှာ မလိုအပ်တဲ့ ပစ္စည်းတွေ အသုံးမ၀င်တဲ့ ပစ္စည်းတွေကို အကြာကြီး သိမ်းမထားသင့်ပါဘူး။ ကိုယ့်အတွက် အသုံးမ၀င်ပေမယ့် သူတစ်ပါးအတွက် အသုံးဝင်မယ်ဆိုရင် လက်မနှေးဘဲ အသုံးချခွင့် ပေးသင့်ပါတယ်။ ပေးဝေသင့် လက်ဆင့်ကမ်းသင့်ပါတယ်။

နှမြောစိတ်၊ ပိုင်ဆိုင်လွန်းချင်တဲ့စိတ်၊ သူတစ်ပါးကို လက်ဆင့်မကမ်းချင်တဲ့စိတ်၊ မျှဝေမှုမပေးလိုတဲ့စိတ်၊ မစွန့်လွှတ်ချင်တဲ့စိတ်၊ ငါမှငါဆိုတဲ့ စိတ်တွေဟာ အတ္တကို ဗဟိုပြုလွန်းတဲ့ အတ္တဆိုတဲ့ ကြီးစိုးမှုအောက်က ရုန်းမထွက်နိုင်သေးတဲ့ သဘောလက္ခဏာတွေပါပဲ။ အိမ်တစ်အိမ်မှာ အဲဒီသဘောတရားတွေ လက္ခဏာတွေနဲ့ တစ်ယောက်ယောက်က ကြီးစိုးနေပြီဆိုရင် အဲဒီအိမ်ဟာ ပျော်ရွှင်မှုမရှိတဲ့အိမ်၊ ချမ်းမြေ့သာယာမှု မရှိတဲ့အိမ် ဖြစ်သွားနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာလည်း တစ်ဦးတစ်ယောက်တည်းက အမြဲကြီးစိုးနေချင်တဲ့စိတ်၊ အာဏာကို မစွန့်လိုတဲ့စိတ်၊ နေရာတကာမှာ မက်မောတွယ်တာလိုတဲ့စိတ်၊ လက်ဆင့်ကမ်း မပေးဝေလိုတဲ့စိတ်တွေ ကြီးစိုးနေတဲ့အခါမှာ မလိုအပ်တဲ့ ပစ္စည်းတွေများနေတဲ့ အိမ်လိုပဲ တိုးတက်မှုတွေဟာ လေးလံနေပါတယ်။ အမှိုက်တွေများနေတဲ့ အိမ်လိုပါပဲ မသန့်ရှင်းပါဘူး။

ကျွန်တော်တို့တွေအားလုံး ကျွန်တော်တို့ရဲ့ အိမ်ထဲမှာ မလိုအပ်တာတွေကို စွန့်ပစ်သင့်တယ်။ လိုအပ်နေတဲ့သူတွေကို လက်ဆင့်ကမ်းသင့်တယ်။ ပိုင်ဆိုင်လွန်းချင်တဲ့ စိတ်တွေကိုလည်း လျှော့ချသင့်တယ်။ နှမြောတွန့်တိုလွန်းတဲ့ စိတ်တွေကိုလည်း ဖယ်ထားသင့်တယ်။ အဲဒါဆိုရင် ရှင်းလင်းတဲ့ အိမ်တစ်လုံးကိုလည်း မြင်ရမှာပါ။ ပစ္စည်းအားလုံးအပေါ်မှာထားတဲ့ ကြောင့်ကြမှု၊ စိုးရိမ်ပူပန်မှုတွေလည်း အနည်းနဲ့အများ လျော့ကျသွားမှာပါ။ အသုံးဝင်သွားတဲ့ လူတွေအတွက်လည်း အဆင်ပြေသွားကြမှာပါ။ ဘ၀မှာ အချို့သော ပစ္စည်းတွေဟာ စိတ်ကိုရှုပ်ထွေးစေပါတယ်။ အိမ်ကိုလည်း ရှုပ်ထွေးစေပါတယ်။ အဲဒီအတွက် လက်ဆင့်ကမ်းပေးတတ်ဖို့၊ စွန့်လွှတ်တန် စွန့်လွှတ်သင့်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top