(ဆောင်းပါးရှင် - ထွန်းထွန်းအောင် (စီးပွားရေး))
ဒီနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နိုင်ငံသားအားလုံးကို သာတူညီမျှ အကျိုးပြုနိုင်စေမယ့် ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ လွတ်လပ်တဲ့ ဈေးကွက်ကို ပီပီပြင်ပြင် စနစ်တကျ ကျင့်သုံးလာနိုင်စေဖို့ တောင်းဆိုနေကြပါတယ်။ အရေးကြီးတာက နိုင်ငံသားအားလုံးအတွက် အကျိုးရှိနိုင်စေမယ့် ဒီမိုကရေစီ ဖြစ်ရပါမယ်။ ဒါကြောင့် ဒီမိုကရေစီမှာ စနစ်တကျ ကျင့်သုံးအကောင်အထည်ဖော်ရမယ့် နည်းလမ်းတွေနဲ့ အားလုံးအတွက် ပီပီပြင်ပြင် ရုပ်လုံးဖော်နိုင်စေဖို့က အားလုံးရဲ့ မျှော်လင့်ချက် မျှော်မှန်းချက် ဖြစ်တယ်။
(၁) နိုင်ငံသားတွေ ပါဝင်ဆောင်ရွက်ခွင့် ရှိစေရမယ်
ဒီမိုကရေစီစနစ်ဆိုတာ အများပိုင်ဆိုင်ရေးစနစ် ဖြစ်တယ်။ အများအကျိုးအတွက် အများက ယုံကြည်သူတွေကို ကိုယ်စားပြု ဆောင်ရွက်ရာမှာ နိုင်ငံသားတိုင်း ပါဝင်နိုင်အောင် စီစဉ်ပေးကြရမှာ ဖြစ်တယ်။ နိုင်ငံသားတိုင်းက သက်ဆိုင်ရာနိုင်ငံတွေမှာ ဒီမိုကရေစီပုံစံနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု ပြုကြရမှာဖြစ်တယ်။ တစ်ခုခု ပြုလုပ်တော့မယ်ဆိုရင် မိမိလုပ်ဆောင်ချက်တွေက နိုင်ငံသားတွေ အကျိုးရှိစေမှု ဖြစ်မဖြစ် ဆင်ခြင်သုံးသပ်ကြရမှာ ဖြစ်တယ်။ နိုင်ငံသားတွေ အကျိုးရှိစေမယ့် အသံ (Voice of Citizen)(VOC) ကို နားထောင်ပြီး နိုင်ငံသားတွေကို ပါဝင်ဆောင်ရွက်ခွင့်ပြုတာ ဖြစ်တယ်။
(၂) သာတူညီမျှ ရှိစေရမယ်
လူတွေက အနည်းနဲ့အများ ဆိုသလို အတ္တစိတ်တွေ ရှိတတ်ကြတယ်။ အတ္တတွေလွန်ပြီး စိတ်ကြီးဝင်ရင်တော့ ဒီမိုကရေစီစနစ် နိုင်ငံရေးမှာ နိုင်ငံသားတွေရဲ့ ဒဏ်ခတ်မှု မလွဲမသွေ ခံကြရမှာ ဖြစ်တယ်။ မဟုတ်တာတွေ မကောင်းတာတွေလုပ်ရင် ငရဲကျနိုင်သလို နိုင်ငံသားတွေအကျိုးကို မျက်ကွယ်ပြု လုပ်ဆောင်မယ်ဆိုရင်တော့ အချိန်ကျရောက်တဲ့အခါ နိုင်ငံသားတွေရဲ့ ဒဏ်ခတ်မှုကို ခံကြရမှာ ဧကန်မုချ ဖြစ်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ဘက်လိုက်မှုကင်းကင်းနဲ့ သမာသမတ် တူညီမျှစိတ်နဲ့ လုပ်ဆောင်ကြရမှာ ဖြစ်တယ်။
(၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမယ်
လူတွေမှာ သည်းခံခွင့်လွှတ်စိတ် ထားရှိနိုင်မှုက အင်မတန်မွန်မြတ်တဲ့ စိတ်ဓာတ်ဖြစ်တယ်။ သည်းခံစိတ်က ယောနိသောမနသိကာရ ကျင့်စဉ်ဖြစ်တယ်။ နိုင်ငံအရေးနဲ့ နိုင်ငံသားတွေအရေး ဆောင်ရွက်ကြရမယ့် ဒီမိုကရေစီကြယ်ပွင့် ဘက်တော်သားတွေမှာ ဒီမိုကရေစီ နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိကြရမှာ ဖြစ်တယ်။ ဘယ်သူ့ကိုတော့ ဘယ်လိုတွယ်ထည့်လိုက်မယ်ဆိုတဲ့ ဆိုးယုတ်တဲ့ စိတ်ဓာတ်တွေကို ဖယ်ရှားပစ်ကြရပြီး မွန်မြတ်သန့်ရှင်းတဲ့ သည်းခံစိတ်မွေးပြီး လုပ်ဆောင်ကြရမှာ ဖြစ်တယ်။
(၄) တာဝန်ယူမှု ရှိစေရမယ်
လူတစ်ဦးချင်းစီက မိမိတို့ လုပ်ဆောင်ကြရမယ့် လုပ်ငန်းတွေကို ပြီးမြောက်အောင်၊ ရလဒ်တွေကောင်းအောင် လုပ်ဆောင်ကြရမယ်ဆိုတာကိုသိပြီး အဲဒီ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအတွက် တာဝန်ယူမှုတွေ ရှိစေရမှာဖြစ်တယ်။ တာဝန်ယူတတ်ပါမှ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာစေမှာဖြစ်တယ်။ တာဝန်ယူ လုပ်ဆောင်မှုကောင်းလေ အများယုံကြည်မှု ပိုမိုရရှိနိုင်လေဖြစ်တယ်။ တာဝန်ကို ရှောင်လွှဲရင်တော့ ခေါင်းဆောင်မဟုတ်တော့တဲ့ ခေါင်းရှောင်အဆင့် ရောက်သွားစေမှာဖြစ်တယ်။
(၅) ရိုးသားပွင့်လင်းမှုနဲ့ ထင်သာမြင်သာ ရှိစေရမယ်
စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေမှာ လုပ်ငန်းတွေကို ဦးစီးဦးဆောင် လုပ်သူတွေနဲ့ အောက်ခြေ၀န်ထမ်းတွေကြားမှာ ထင်သာမြင်သာရှိစွာ ရိုးသားပွင့်လင်းမှု အပြန်အလှန်ရှိစေရမှာ ဖြစ်တယ်။ အလားတူနိုင်ငံတွေမှာ အထူးသဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ နိုင်ငံသားတွေနဲ့ နိုင်ငံသားတွေကိုယ်စားပြု အုပ်ချုပ်စီမံ ခန့်ခွဲကြရသူတွေ အကြားမှာလည်း ထင်သာမြင်သာ ရှိစေမှုလည်း နိုင်ငံသားတွေနဲ့ အစိုးရအကြားမှာ ယုံကြည်မှု မြဲမြဲခိုင်မာစေတာ ဖြစ်တယ်။
(၆) ပုံမှန်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးချယ်တင်မြှောက်ပွဲတွေ လုပ်ပေးရမယ်
လူတိုင်းက လွတ်လပ်မှုနဲ့ တရားမျှတမှုကို လိုလားတာဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ရွေးချယ်တင်မြှောက်ပွဲတွေကို လေးနှစ်တစ်ခါ ဒါမှမဟုတ် ငါးနှစ်တစ်ကြိမ် ပြုလုပ်ကြတယ်။ သဘောက လူတွေမှာ ရာထူးနေရာ တစ်ခုမှာ အချိန်ကြာသွားရင် မိမိရာထူးကို တလွဲအသုံးချတာတွေ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်တယ်။ အာဏာကလူတွေရဲ့ သည်းခြေကြိုက် ဖြစ်စေတာမို့ ရာထူးနေရာတစ်ခုမှာ သတ်မှတ်ကာလ အတွင်းသာ ဖွဲ့စည်းပုံအရ နေရာယူစေတာ ဖြစ်တယ်။ သတ်မှတ်ချိန် ကုန်ဆုံးသွားတဲ့အခါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးချယ်တင်မြှောက်ပွဲတွေ ကျင်းပပေးကြရမှာ ဖြစ်တယ်။
(၇) စီးပွားရေးလွတ်လပ်ခွင့်တွေ ပေးရမယ်
နိုင်ငံတွေမှာ စီးပွားရေးကို သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ထိန်းချုပ်မှုတွေ ပြုလုပ်တဲ့အခါ မလိုလားအပ်တဲ့ ကုန်ဈေးနှုန်း တက်လာတာတွေ၊ ခြစားတာတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ အလိုက်သင့်တွဲပြီး ရုပ်လုံးဖော်ရမယ့် စီးပွားရေးစနစ်က လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ဖြစ်တယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီကို ယှဉ်တွဲကျင့်သုံးနိုင်စေပါမှ နိုင်ငံစီးပွားရေး အဘက်ဘက်ကနေ တိုးတက်လာစေမှာ ဖြစ်တယ်။
(၈) အာဏာ မတော်မတရား အသုံးပြုမှုကို ထိန်းချုပ်ရမယ်
လူတွေ အာဏာနည်းနည်း ရှိလာရင် နည်းနည်းခြစားတယ်။ များများရှိလာရင် များများခြစားတတ်တာ ဖြစ်တယ်လို့ဆိုတယ်။ ဒီမိုကရေစီစနစ်မှာ အောက်လွှတ်တော်၊ အထက်လွှတ်တော်တွေရဲ့ သဘောထားအရသာ လုပ်ဆောင်ကြရမှာဖြစ်လို့ တစ်ဦးတစ်ယောက်ထံမှာ အာဏာစုပုံတာမျိုး မရှိတော့တဲ့အတွက် မတော်မတရား လုပ်ဆောင်မယ့် အခြေအနေမျိုး ပေါ်ပေါက်လာခဲ့ရင်လည်း လွှတ်တော်အဆင့်ဆင့်ကနေ ထိန်းချုပ်ရမှာ ဖြစ်တယ်။ ထိန်းချုပ်နိုင်စေရမှာ ဖြစ်တယ်။
(၉) လူ့အခွင့်အရေး ကြေညာစာတမ်းတွေ ထုတ်ပြန်ထားရမယ်
ဒီမိုကရေစီစနစ်မှာ လူဟာ မွေးရာပါ လူ့အခွင့်အရေးတွေ ပါရှိလာပြီးဖြစ်လို့ ဒီမိုကရေစီ အစိုးရတွေက လူတွေရဲ့ အခွင့်အရေးတွေကို ထိန်းပေးရမှာ ဖြစ်တယ်။ ဒီမိုကရေစီ မကျင့်သုံးတဲ့ နိုင်ငံတွေမှာ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေ အုပ်ချုပ်သူ လူတန်းစားတွေကနေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနိုင်တယ်။
(၁၀) ရွေးချယ်တင်မြှောက်ပွဲ ရလဒ်တွေကို လက်ခံနိုင်စေရမယ်
ဒီမိုကရေစီစနစ်နဲ့ နိုင်ငံတိုးတက်အောင် လုပ်ဆောင်အကောင်အထည် ဖော်ရာမှာ သက်ဆိုင်ရာနိုင်ငံတွေက ရွေးချယ်တင်မြှောက်ပွဲတွေမှာ မဲဆန္ဒရှင် နိုင်ငံသားတွေရဲ့ ယုံကြည်မှု ပျက်ပြားစေနိုင်တဲ့ မဲလိမ်လည်တာ မဲခိုးတာတွေ မရှိရအောင် ကြီးကြပ်လုပ်ဆောင်ကြရမှာ ဖြစ်တယ်။ အာဏာက လူကို ယစ်မူးစေတဲ့အတွက် အချို့နိုင်ငံတွေမှာ ရွေးချယ်တင်မြှောက်ပွဲမှာ မဲလိမ်တာ မဲခိုးတာတွေ ဖြစ်ထွန်းပေါ်ပေါက်စေတယ်။
(၁၁) လူ့အခွင့်အရေး ထိန်းသိမ်းရမယ်
လူတစ်ဦးချင်းမှာ မွေးရာပါ လူ့အခွင့်အရေးတွေ ပါလာပြီးဖြစ်တယ်။ လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ထုတ်နိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေကို ထိန်းသိမ်းကြရမှာ ဖြစ်တယ်။
(၁၂) ပါတီစုံစနစ် ကျင့်သုံးရမယ်
ဒီမိုကရေစီမှာ ပြိုင်ဆိုင်မှုတွေရှိပါမှ တိုးတက်မှုတွေ ရှိနိုင်တာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲတွေမှာ ပါတီစုံ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရှိစေရမှာ ဖြစ်တယ်။
(၁၃) ဥပဒေကို လေးစားလိုက်နာကြရမယ်
စည်းကမ်းလိုက်နာ ဘေးကင်းကွာ ဆိုတဲ့အတိုင်း ဥပဒေက မည်သို့ပင် ဖြစ်စေကာမူ မိမိတို့က လုပ်ချင်သလို လုပ်မယ်ဆိုရင် ဥပဒေကို မလေးစားရာကျတယ်။ ဒီမိုကရေစီစနစ်မှာသာ မကဘဲ ဘယ်လိုစနစ်ပဲဖြစ်စေ ဥပဒေကို လူတိုင်းလေးစား လိုက်နာကြရမှာ ဖြစ်တယ်။ ဥပဒေအထက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေရပါ။
ဒီမိုကရေစီစနစ်က လူသားတွေအားလုံး အကျိုးအတွက် အင်မတန် မွန်မြတ်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် ဖြစ်တယ်။ ၂၁ ရာစုမှာ ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို ဖြစ်လာ၊ နည်းပညာတွေလည်း လွန်ကဲစွာ တိုးတက်လာရာမှာ ကမ္ဘာ့နိုင်ငံ အသီးသီးက ကွန်ရက်ပုံစံနဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေကနေ ကမ္ဘာကြီးက ခံဆောင်နိုင်အားကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာစေမှာ မလွဲဧကန် ဖြစ်တယ်။ ဒီအတွက် ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဟန်ချက်ညီညီ လုပ်ဆောင်သွားဖို့သာ လိုအပ်မှာဖြစ်ကြောင်းပါ။
(တရုတ်ပိုက်လိုင်းကြောင့် ပျက်စီးခဲ့သည့် သီးနှံလျော်ကြေး ရရှိရေးအတွက် ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာတွင် ဒေသခံများ မေလဆန်းက ဆန္ဒပြနေစဉ်)
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment