0

ACM Re-Post 3-6-2014

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ အထက်တန်းကျောင်းတွင် ဇွန် ၂ ရက် နံနက် ၈ နာရီခွဲခန့်က ပင်မဆောင်ကော်ရစ်တာ ပြိုကျမှုကြောင့် အဋ္ဌမတန်းကျောင်းသားကျောင်းသူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းမြို့ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံခဲ့ရကာ တစ်ဦးမှာ ခါးဆစ်ရိုးကျိုးသည့်ဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းရရှိသည်။

ယခုနှစ်ကျောင်းဖွင့်ရာသီ၏ ပထမဆုံးသော ကျောင်းဖွင့်ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါကျောင်းဆောင်မှာ ၁၉၅၂ ခုနှစ်ကတည်းက ဆောက်လုပ်ထားသည့် RC နှစ်ထပ်ကျောင်းဆောင်ဖြစ်ကာ အသုံးပြုရန် မသင့်တော်သည့် အန္တရယ်ရှိအဆောက်အအုံဖြစ်ကြောင်း လာရောက်စစ်ဆေးကြည့်ရှုခဲ့သည့် တပ်မတော်အင်ဂျင်နီယာများက ပြောဆိုခဲ့ပြီး သဲကုန်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးအေးလွင်က "ကျောင်းဆောင်က အရင်ကတော့ အနည်းငယ်ပြုပြင်တာတွေ လုပ်ခဲ့ဖူးတယ်။ မနှစ်ကထိ စာသင်ခန်းတွေအဖြစ် အသုံးပြုနေဆဲပါ။ အဆောက်အအုံကတော့ကြာနေပြီပေါ့။ ပြိုကျခဲ့တဲ့အတွက် အဲဒီနေရာကိုတော့ တားမြစ်နေရာအဖြစ် သတ်မှတ်ထားတယ်။ ကျောင်းသားတွေကိုခန်းမထဲမှာ ပြောင်းရွှေ့နေရာချထားပေးပါတယ်" ပြောကြားသည်။

ကျောင်းဆောင်ပြိုကျခဲ့သည့်အတွက် န၀မတန်းအခန်း နှစ်ခန်း၊ အဋ္ဌမတန်း သုံးခန်း ပြောင်းရွှေ့ပေးခဲ့ရပြီး ပုတီးကုန်းပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကိုးဦး၊ အပြင်လူနာအဖြစ် ရှစ်ဦး တက်ရောက်ကုသခဲ့ရကြောင်း ဆက်လက်ပြောဆိုသည်။

"ဖြစ်သွားချိန်က သမီးတို့က အခန်းထဲကို ၀င်မလို့လုပ်နေတုန်း သော့ဖွင့်တာကို စောင့်နေချိန်မှာ အသံကြီးကြားလိုက်ရပြီး အောက်ကို အကုန်ပြုတ်ကျကုန်တယ်။ အောက်ဆုံးကလူတွေက သမံတလင်းနဲ့ရိုက်မိတာကော လူတွေပိမိတာကော ခါးတို့ လက်တို့ ကျိုးကုန်တာပါ" ပြိုကျမှုကြောင့် လက်ဆစ်လွဲသည့်ဒဏ်ရာဖြင့် ဆေးရုံတက်ရောက်ကုသနေရသည့် အဋ္ဌမတန်းကျောင်းသူတစ်ဦးကဆိုသည်။

"လက်ရှိတွင် ခါးရိုးကျိုးသည့်ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသနေသူတစ်ဦးမှာလည်း မိဘများ၏ဆန္ဒအရ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ကျန်သည့်အတွင်းလူနာများမှာလည်း ဓာတ်မှန်ရိုက်ခြင်း ကျောက်ပတ်တီးစည်းခြင်းများ ပြုလုပ်ပေးထားပြီး ၂၄ နာရီစောင့်ကြည့်ပြီးပါက စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း ဆေးရုံအုပ် ဒေါက်တာသန့်ဇော်မောင်က ပြောကြားသည်။

"ကျောင်းက ဖုန်းဆက်အကြောင်းကြားတော့ အရမ်းစိုးရိမ်သွားတယ်။ ငိုလည်း ငိုရတယ်။ တစ်ခါမှဒီလိုမဖြစ်ဖူးဘူး။ တစ်ဦးတည်းသောသမီးမို့လည်း တစ်ခုခုဖြစ်သွားမှာစိုးရိမ်တယ်။ အခုနေကောင်းသွားရင်တောင် ကျောင်းတက်ဖို့ အတော်အားယူရဦးမယ်။ ကျောင်းဆောင်နေရာကလည် အခက်အခဲဖြစ်နေတယ်လေ။ အမြန်ဆုံးပြန်ဆောက်ပေးစေချင်တယ်" ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့သည်။

ပြိုကျသွားသော ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ အထက်တန်းကျောင်းအား ဇွန် ၂ ရက်က တွေ့ရစဉ်

Aye Chan Mon Credit To : Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
3

Post a Comment

 
Top