0


ရန်ကုန်၊ ACM Re-Post 6-6-2014

ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးရုံတွင် ရေပမာဏ နည်းနေသဖြင့် ဇွန်လ ၈ ရက် နောက်ပိုင်း၌ တစ်နိုင်ငံလုံးတွင် အချိန်ပိုင်းစနစ်ဖြင့် မီးပေးနိုင်တော့မည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးက ပြောဆိုထားသော်လည်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အနေနှင့် မသိရှိကြောင်း အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

“ကျွန်တော်တို့ ပြောတာ မဟုတ်တဲ့အတွက် ဘာမှ ရှင်းစရာ မလိုဘူး။ ပြောတဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးကိုပဲ သွားမေးပါ။ ကျွန်တော်တို့က မီးပေးဖို့ပဲ ကြိုးစားတာ။ မီးပိတ်ဖို့ မကြိုးစားဘူး၊ လုပ်လည်း မလုပ်ဘူး။ ခုလည်း ပေးနေတာပဲ မဟုတ်ဘူးလား” ဟု ၎င်းကဆိုသည်။

မိုးရွာသွန်းမှု နောက်ကျပြီး အပူချိန် မြင့်မားနေသည့်အတွက် ဒုဋ္ဌဝတီမြစ်တွင် ရေဝင်ရောက်မှု နည်းနေပြီး ယင်းမြစ်ကို ဆည်ဆောက်လုပ်ထားသည့် ရဲရွာရေအားလျှပ်စစ် စက်ရုံမှာ သတ်မှတ်ရေ ပမာဏ မရသဖြင့် ငါးရက်သာ ဓာတ်အား အပြည့်အဝ ပေးနိုင်မည် ဖြစ်၍ ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း အချိန်ပိုင်းဖြင့် မီးပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားထားသည်။

နွေရာသီတွင် ပူပြင်းပြီး တစ်နိုင်ငံလုံး မီးပေးနေသည့်အတွက် ဆည်များတွင် ရေနည်းနေသည်မှာ အမှန်ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းတွင် ဆည်ရေ ရလောက်သည့် မိုးရွာသွန်းမှု မရှိသေးကြောင်း နေပြည်တော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ညွန်ကြားချက် မတွေ့သေးဘူး။ ခုမှသိရလို့ အင်ဂျင်နီယာမှူးကို ပြန်တင်ပြရမယ်။ တကယ်တမ်း မီးဖြတ်မယ် ဆိုရင်တော့ ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် ကြေညာမှာပါ” ဟု ၎င်းကဆိုသည်။

လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ယခုနှစ်တွင် စက်မှုဇုန်တွင် ခေတ္တမီးပြတ်ချိန်မှ လွဲ၍ မီးပုံမှန် ရရှိနေကာ အချိန်ပိုင်း မီးပေးဝေမှု စနစ်အတွက် သက်ဆိုင်ရာက အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောကြားသည်။

“ခါတိုင်းနှစ်တွေမှာ စက်မှုဇုန်မှာ ရက် ၆၀ လောက် မီးမရတာမျိုး ကြုံဖူးနေတယ်။ အချိန်ပိုင်း ဖြစ်သွားမယ် ဆိုလည်း စက်မှုဇုန်အတွက်က မဆန်းတော့ဘူး။ မီးပြတ်ရင်တော့ ပစ္စည်းလျှော့ထုတ်ရတယ်။ အလုပ်သမား စရိတ်တော့ ပိုပေးနေရတာပေါ့” ဟု ၎င်းကဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံပေါင်း ၁၆ ခုမှ ၁၄၃၈ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နေပြီး ယင်းတို့အနက် ရွှေလီ ၁ မှ မဂ္ဂါဝပ် ၃၀၀၊ ပေါင်းလောင်း ၂၈၀ မဂ္ဂါဝပ်နှင့် ရဲရွာရေအားလျှပ်စစ် စက်ရုံမှာ ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်တို့ကို ထုတ်လုပ် ဖြန့်ဖြူးလျက် ရှိသည်။

Aye Chan Mon Credit To: The Voice Weekly
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top