ACM Re-Post 19-6-2014
Written by: သက်ဆွေ (ပုသိမ်)
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်းရှိ နန်းလုံးကြိုင်ကျေးရွာ၊ စာဖြူ စုကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၁၀ လုံးထက်မနည်း ဖျက်ဆီးခံခဲ့ရပြီး ကျေးရွာရှိ မူလတန်းကျောင်းပင် ခေတ္တပိတ်ထားရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
“ကျွန်တော့်အိမ်ကို ဇွန် ၁၅ ရက် ည ၇ နာရီလောက်က ၀င်ဖျက်တာ။ ဆင်ကနှာမောင်းနဲ့ အိမ်ထဲအရင် ဆန်ရှိမယ့်နေရာကို အနံ့ခံပြီးတော့ လူတွေကို လိုက်တယ်။ အိမ်ထဲကို ခေါင်းဝင်နိုင်အောင် အမိုးတွေအကာတွေကို ဖျက်တယ်။ ဆန်ကိုရှာပြီး စားတယ်။ ပိုတဲ့ဆန်တွေကို အကုန်လုံး ဖျက်ဆီးခဲ့တယ်။ အိမ်ကိုလည်း နေလို့မရအောင် ဖျက်ခဲ့တယ်” ဟု နန်းလုံးကြိုင်ကျေးရွာမှ အိမ်အဖျက်ခံခဲ့ရသူ ကိုကျော်လေးက ပြောပြသည်။
“သူတို့က ဆန်နဲ့စပါးကို စားရကောင်းမှန်း သိလာတော့ ဆန်တွေစပါးတွေ ဘယ်မှာထားသလဲဆိုတာ အနံ့ခံပြီးမှ အိမ်တွေကိုဖျက်ပြီး ၀င်စားတာ။ အိမ်အသုံးအဆောင် ပစ္စည်းတွေလည်း အကုန်ဖျက်ဆီးပစ်တော့ လူတွေလည်း ဒုက္ခရောက်တယ်။ နောက် ဆင်တွေက လူတွေကိုလိုက်တော့ ခုဆို မသွားရဲမလာရဲ ဖြစ်နေကြပြီ” ဟု စာဖြူစုကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယက မိန့်ကြားသည်။
ယခင်က အဆိုပါ ကျေးရွာများသို့ ဆင်ဝင်ရောက်မှု မရှိဘဲ မေလကုန်ပိုင်းတွင် ရောက်ရှိလာကာ ဇွန် ၁၅ ရက်မှ ၁၇ ရက်အထိ အဆိုပါ ကျေးရွာများတွင် နေအိမ် ၁၀ လုံး ထက်မနည်း ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။ လူများမှာ ဆင်လိုက်ခံရသဖြင့် ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရသူများမှလွဲ၍ ကျန်တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
“ဆင်က မနက်မိုးမလင်းခင် လာချင်လည်း လာတယ်။ မိုးချုပ်စလည်း လာတယ်။ ညမိုးချုပ်မှလည်း လာချင်လာတာဆိုတော့ အချိန်ပြည့် ကင်းနဲ့စောင့်နေရတယ်။ အိမ်တွေမှာလည်း ဆင်လာရင် အသံကြားရအောင် အချက်ပေးတဲ့အသံ လုပ်ထားရတယ်။ လူတွေက တောခုတ်ဝါးခုတ် လုပ်ကြတာ။ ဆင်ရောက်နေတော့ အလုပ်လုပ်ဖို့ကို တောထဲမသွားရဲတော့ စားဝတ်နေရေးအတွက် ခက်ခဲတယ်။ ဆင်ကိုလူအုပ်စုနဲ့ အသံမျိုးစုံလုပ်ပြီး ခြောက်လှန့်လုပ်တာပဲ။ ဒါပေမဲ့ ဝေးဝေးမသွားဘူး။ အနီးနားက တောအုပ်တွေမှာပဲ နေတယ်။ သစ်တောကလည်း လာကြည့်တယ်။ သူတို့လည်း တွေ့တယ်သူတို့က ဆင်ဖမ်းအဖွဲ့ မဟုတ်တော့ ပြန်သွားကြတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အဆိုပါ ကျေးရွာများသည် ပုသိမ် ချောင်းသာကားလမ်း မိုင်တိုင်အမှတ် ၉/၃ မိုင်နှင့် ၁၀/၄ မိုင်ကြားမှ မြောက်ဘက်သို့ လေးမိုင်ခန့်အကွာတွင် ရှိသည်။ ၀ါးမျိုးစုံ အထူးသဖြင့် ပေါက်ရောက်သော ကျေးရွာများဖြစ်ပြီး ဒေသခံအများစုမှာ တောတက်၍ သစ်၊ ၀ါးခုတ်သည့် အလုပ်ဖြင့် အသက်မွေးကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခု၌ တောဆင်ရိုင်း ၀င်ရောက်ဖျက်ဆီးခဲ့သည့် နေအိမ်တစ်လုံးအား တွေ့ရစဉ်
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment