ACM Re-Post 19-6-2014
Written by: ၀င်းမြင့်ကျော်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ စံချိန်တင် လူသေဆုံးခဲ့သည့် ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်မှ ယာဉ်မောင်းအား လိုင်စင်မရှိဘဲ မောင်းနှင်မှုဖြင့် ထောင်ဒဏ်သုံးလကို ကနဦးချမှတ်လိုက်ပြီဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။
ထို့အပြင် အဆိုပါယာဉ်မောင်းဖြစ်သူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၇၊ ၃၃၈၊ ၂၇၉ စသည့် ဥပဒေပုဒ်မများဖြင့် လယ်ဝေးတရားရုံးတွင် ဆက်လက်စစ်ဆေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းထံမှ သိရသည်။
“အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ ရာဇာမင်းယာဉ်မောင်းက လိုင်စင်မရှိဘဲ မောင်းနှင်ခဲ့လို့ မော်တော်ယာဉ်နည်းဥပဒေ ပုဒ်မ ၂၁ နဲ့ ငြိတဲ့အတွက် သူ့ကို ဒီပုဒ်မနဲ့အရေးယူပြီး စစ်ဆေးခဲ့တယ်။ ဒီပုဒ်မအတွက် လယ်ဝေးတရားရုံးကနေ သူ့ကို ထောင်ဒဏ်သုံးလ ချမှတ်လိုက်တယ်။ ဒါ့အပြင် လူသေမှု၊ ဒဏ်ရာရရှိမှု၊ အပြင်းအထန်နာကျင်စေမှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု စတဲ့ ဥပဒေပုဒ်မတွေနဲ့လည်း ဆက်လက်စစ်ဆေးနေပါတယ်”ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးက ဇွန် ၁၈ ရက်တွင် ပြောကြားသည်။
အဆိုပါ ယာဉ်မောင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်တိုက်မှုတစ်ခု ကျူးလွန်ခဲ့ရာတွင် လူသေဆုံးမှုရှိခဲ့သည့်အတွက် ယင်းယာဉ်မောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် ကညနတို့မှ ယာဉ်မောင်းလိုင်စင် သိမ်းဆည်းကာ မောင်းနှင်ခွင့် ပိတ်သိမ်းထားကြောင်း သိရသည်။
သို့သော် ရာဇာမင်းယာဉ်လိုင်းမှ ၎င်းအား မောင်းနှင်ခွင့်ပြုခဲ့သည်နှင့်ပတ်သက်၍လည်း အရေးယူရန် သမ္မတရုံးသို့ တင်ပြထားကြောင်း ရဲမှူးကြီးနေ၀င်းက ဆက်လက်ပြောကြားသည်။
မေ ၁၂ ရက် ည ၇ နာရီခန့်က ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/ ၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသည်တင်ယာဉ်မှာ ပြုတ်ကျခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် ၁၆ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနအပါအ၀င် သက်ဆိုင်ရာ အဆင့်မြင့်အရာရှိများပါဝင်သည့် စုံစမ်းစစ်ဆေးရေးစုံခုံအဖွဲ့က စစ်ဆေးပြီး ရရှိထားသည့်အချက်အလက်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း စုံစမ်းသိရသည်။
တင်ပြထားမှု အတည်ပြုပြီးပါက အမြန်လမ်းတစ်လျှောက်တွင် ဆောင်ရွက်မည့် အစီအမံများကို တိုးမြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ရာဇာမင်းခရီးသည်တင်ယာဉ်လိုင်းကို ရန်ကုန်-နေပြည်တော် ခရီးစဉ်ပြေးဆွဲခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
ရာဇာမင်းခရီးသည်တင်ယာဉ် အမြန်လမ်းတွင် မေ ၁၂ ရက်က တိမ်းမှောက်နေမှုအား တွေ့ရစဉ်
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment