0

ACM Re-Post 31-5-2014

Sky Net နှင့် ပြန်ကြားရေးဝန်ကြီးဌာန ချုပ်ဆိုထားသော ရုပ်သံထုတ်လွှင့်ခွင့် စာချုပ်အရ နိုင်ငံတော်အနေဖြင့် အကျိုးအမြတ် လေးရာခိုင်နှုန်းသာရသည်မှာ မမှန်ကန်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ငြင်းဆိုခဲ့သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ရွှေသံလွင် မီဒီယာကုမ္ပဏီတို့ ၂၀၁၀ ပြည့်နှစ်က ချုပ်ဆိုခဲ့သော စာချုပ်အရ ပထမသုံးနှစ်တွင် အကျိုးအမြတ်ခွဲဝေမှုကို ကင်းလွတ်ခွင့်ပြုထားသော်လည်း နောက်ငါးနှစ်တစ်ကြိမ် အကျိုးအမြတ်ကို တိုးမြှင့်ချုပ်ဆိုထားကြောင်း နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စာချုပ်အရ အခွန်အခပေးဆောင်ပြီးနောက် ရရှိသည့်အကျိုးအမြတ်မှ ပထမငါးနှစ်တွင် နိုင်ငံတော်သို့ လေးရာခိုင်နှုန်း၊ ဒုတိယ ငါးနှစ်တွင် ရှစ်ရာခိုင်နှုန်း၊ တတိယငါးနှစ်တွင် ၁၂ ရာခိုင်နှုန်း၊ စတုတ္တငါးနှစ်တွင် ၁၆ ရာခိုင်နှုန်း၊ ပဉ္စမငါးနှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ဆဋ္ဌမမြောက် ငါးနှစ်တွင် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

‘‘သူ့ရဲ့ဝင်ငွေက အခွန်အခအားလုံးကို ဥပဒေအရ ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးရမှာပါ။ သူပေးပြီး ကျန်တာတွေထဲကမှ လေးရာခိုင်နှုန်းက ပြန်ကြားရေးကို ပေးရမယ်။ ကြော်ငြာတွေ၊ ငှားရမ်းကြည့်ရှုခတွေရှိမယ်။ နောက်ငါးနှစ်ကြာရင် ရှစ်ရာခိုင်နှုန်းပေးရမယ်။ နောက်ငါးနှစ်နေရင် ၁၀ ရာခိုင်နှုန်းပေးရမယ်။ ဒါတွေက ရှင်းပါတယ်’’ ဟု ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ရှင်းလင်းသည်။

Sky Net နှင့် ပြန်ကြားရေးဝန်ကြီးဌာန ချုပ်ဆိုထားသော ရုပ်သံထုတ်လွှင့်ခွင့် စာချုပ်အရ နိုင်ငံ တော်အတွက် အကျိုးအမြတ်ရလဒ်က နည်းပါးလွန်းကြောင်း၊ သမ္မတသက်တမ်း ခြောက်ဆက် လောက်မှ နိုင်ငံတော်အတွက် ၂၅ ရာခိုင်နှုန်း ရရှိမှာဖြစ်ကြောင်း၊ ရေဆင်းတက္ကသိုလ် ကျောင်းသားက Eleven Media မှ သတင်းများကို ကိုးကား၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တွေ့ဆုံခွင့်ရစဉ်တွင် မေးမြန်းခဲ့ပြီး သုံးရက်အကြာပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သို့ ဥပဒေများနှင့်အညီ ပေးဆောင်ရမည့် အခွန်အခများကို ထိမ်ချန်ခြင်း၊ ရှောင်
တိမ်းခြင်းမရှိခဲ့ပါကြောင်း၊ ၀န်ကြီးဌာနနှင့် ချုပ်ဆိုခဲ့သော လုပ်ငန်းစာချုပ်ပါ သတ်မှတ်ချက် များအတိုင်း လိုက်နာဆောင်ရွက်နေကြောင်း Sky Net ကုမ္ပဏီက ထုတ်ပြန်သည်။

ပြည်ပကျွမ်းကျင်ပညာရှင်များ ငှားရမ်းရခြင်း၊ နည်းပညာနှင့် စက်ကိရိယာများ ၀ယ်ယူရခြင်း၊ ဂြိုဟ်တုငှားရမ်းခြင်း၊ ၀န်ထမ်းလစာစရိတ်နှင့် အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသမှုစရိတ်များအတွက် ကျပ်ငွေသိန်းသောင်းပေါင်းများစွာ သုံးစွဲခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Sky Net DTH ရုပ်သံလိုင်းများ ရိုက်ကူးထုတ်လွှင့်ခွင့်ရရန် လုပ်ငန်းဆောင်ရွက်ခွင့်လိုင်စင်သာ ရရှိခဲ့ခြင်းဖြစ်ပြီး ရုပ်သံလိုင်း ထုတ်လွှင့်နိုင်ရေးအတွက် လိုအပ်သော မြေနေရာမှအစ၊ ဂြိုဟ်တု ဆက်သွယ်ရေး၊ ၀န်ဆောင်မှုအပါအ၀င် အခြေခံအဆောက်အအုံ အားလုံးကို ကုမ္ပဏီကသာ ရာနှုန်းပြည့် ရင်းနှီးရကြောင်း Sky Net က ဆိုသည်။

သုံးနှစ်အကျိုးအမြတ်ခွဲဝေမှု ကင်းလွတ်ခွင့်ရပြီးနောက် နိုင်ငံတော်သို့ အခွန်အခ စတင်ပေး သွင်းရမည်ဖြစ်ရာ ၂၀၁၃ ဇူလိုင် ၂၈ မှစပြီး ယနေ့အထိ ကျပ်သိန်း ၃၀၀၀ ကျော်ကို ကြိုတင်အခွန်အဖြစ် ပေးသွင်းထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

သို့သော်လည်း အဆိုပါစာချုပ်ကို အခြေအနေနှင့် ကိုက်ညီမှုရှိ၊ မရှိ ပြန်လည်သုံးသပ်ကာ ကုမ္ပဏီနှင့် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်းလည်း မီဒီယာများအား ရှင်းလင်းပြောကြားသည်။

လက်ရှိရုပ်သံမီဒီယာများ ၀င်ငွေမှာ လစဉ်ကြေး၊ စက်ဖိုးမပါ ကြော်ငြာခတစ်မျိုးတည်းမှာပင် တစ်ရက်လျှင် ကျပ်သိန်း ၃၀၀၀ မှ ၆၀၀၀ ၀န်းကျင်၊ ကြော်ငြာခ တစ်မိနစ်လျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ ၁၁ သိန်းအထိ ရရှိနေကြောင်း ပြည်တွင်းမီဒီယာတစ်ခုက တွက်ချက်ပြထားသည်။

Aye Chan Mon Credit To: 7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top