0

ACM Re-Post 30-5-2014

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌနေရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအစား သမ္မတနှင့်နီးစပ်မှုရှိသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်အား ခန့်အပ်ခဲ့ကြောင်း သိရသည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ဥက္ကဌအဖြစ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဒုတိယဥက္ကဌအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဦးဌေးအောင်၊ အဖွဲ့ဝင်များအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊ သူရဦးသောင်းလွင်၊ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်၊ အငြိမ်းစားသံအမတ်ကြီး ဦးညွှန့်တင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌ ဦးဝင်းခိုင်၊ စီးပွားရေးလုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်နွယ်တို့ ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဦးအောင်နိုင်ဦး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် အငြိမ်းစားဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြသူဇာတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်ကာ မေလနှောင်းပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ဥက္ကဌအပါအဝင် စုစုပေါင်းဦးရေ ၁၃ ဦးပါဝင်ပြီး ယခင်က ကော်မရှင်တွင် စုစုပေါင်းဦးရေ ၁၁ ဦးသာ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းရာတွင် ဥက္ကဌအဖြစ် ခန့်အပ်ခံရသူ ဦးဇေယျာအောင်(အငြိမ်းစားဗိုလ်ချုပ်)မှာ ယခင်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်ပြီး ၎င်းလက်ထက်တွင် KIA နှင့် တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုမှတစ်ဆင့် အရပ်ဘက်သို့ပြောင်းလာသူဖြစ်ပြီးရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အစိုးရသစ်လက်ထက်တွင် တာဝန်ပေးခန့်အပ်ခံခဲ့ရသည်။ ထို့နောက် ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ်မှ နိုင်ငံတကာကုမ္ပဏီကြီးများနှင့် ဆက်သွယ်လုပ်ကိုင်ရသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူ ဖြစ်သည်။

ဦးဇေယျာအောင်သည် နိုင်ငံတော်သမ္မတ၏ ယုံကြည်အားထားရသော ဦးရဲထွဋ် (သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)နှင့် ယောက်ဖတော်စပ်သူလည်း ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးအဖွဲ့သို့လည်းကောင်း၊ ရန်ကုန်(ရုံးခွဲ)သို့လည်းကောင်း သွားရောက်တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။

ပြည့်စုံသောအဆိုပြုလွှာကို နေပြည်တော်၌ အပတ်စဉ်ကျင်းပသည့် အဆိုပြုလွှာစိစစ်ရေးအဖွဲ့(Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာစိစစ်ရေးအဖွဲ့အစည်းအဝေးမှ အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာတင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့်ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့သဘောထား၊ သက်ဆိုင်ရာဝန်ကြီးဌာန သဘောထားများတောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက (MIC) အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ (MIC) အစည်းအဝေးမှ ခွင့်ပြုကြောင်းဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့်ထုတ်ပေးကြောင်း သိရသည်။

ယခင်က ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဌအဖြစ် ဦးစိုးသိန်းတာဝန်ယူခဲ့ဖူးပြီး ဘီယာ၊ အရက်စက်ရုံများ လုပ်ကိုင်ခွင့်ချထားပေးခြင်း၊ စက်ရုံအလုပ်ရုံများ ပုဂ္ဂလိကပိုင် ပြောင်းလဲရေးများနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်အား MIC ဥက္ကဌအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ၎င်းလက်ထက်တွင် ဝေဖန်သံများ မကြားရသည့်အချိန်တွင် ဦးဇေယျာအောင်အား ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် တိတိကျကျ အရေးယူကိုင်တွယ်နိုင်မှု အားအနည်းဆုံးမှာ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကိစ္စဖြစ်ကြောင်း ဝေဖန်မှုများရှိနေသည်။ သမ္မတအပါအဝင် ဝန်ကြီးများ၊ အစိုးရအရာရှိများ၏ ပိုင်ဆိုင်မှုများကို ထုတ်ပြန်ခြင်းလည်း မရှိပေ။

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top