သွေးဆဲလ်များ ထုတ်လုပ်နိုင်သည့် ရိုးတွင်းခြင်ဆီစက်ကို ဟားဗတ်သုတေသီများ တီထွင်
ACM Re-Post 26-5-2014
ဆေးဝါးသစ်များနှင့် အဆိပ်အတောက်ဖြစ်စေတတ်သည့် ဓါတုပစ္စည်းများကိုတိရစ္ဆာန်များကို အသုံးချရန်မလိုဘဲရိုးတွင်းခြင်ဆီ၌ စမ်းသပ် နိုင်မည့် စက်ကိရိယာတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း ဟားဗတ်တက္ကသိုလ်သုတေသီများက ဆိုသည်။
သက်ရှိသတ္တ၀ါများ၌သာ စမ်းသပ်နိုင်သော ရိုးတွင်းခြင်ဆီ အသုံးချ စမ်းသပ်မှုမျိုးကို တုပဖန်တီးထားသည့် စက်ပစ္စည်းဖြစ်သည်ဟု ကြေငြာထားပြီး ““ချစ်ပ်ပြားပေါ်ရှိ ရိုးတွင်းခြင်ဆီ (bone marrow-on-a-chip) ””ဟု အမည်ပေးထားသည်။
အဆိုပါပစ္စည်းသည် သွေးဆဲလ်များထုတ်လုပ်နိုင်ပြီး တုပဖန်တီးထားသည့် သွေးကြောစနစ်အတွင်း စီးဆင်းလှည့်စေကာ အင်္ဂါအတုများ ထံ ရောက်ရှိစေမည်ဖြစ်သည်။
ရိုးတွင်းခြင်ဆီအတုကို ကင်ဆာ ရောဂါရှင်များ၌ ခြင်ဆီထိခိုက်ပျက်စီးစေတတ်သော ဓါတ်ရောင်ခြည်ကုထုံးများခံယူရသည့်အခါ ကိုယ်ပိုင် ခြင်ဆီကို ခေတ္တထိန်းသိမ်းထားရန် အသုံးပြုနိုင်မည်ဖြစ်သည်။
““ရိုးတွင်းခြင်ဆီဆိုတာ အလွန်ရှုပ်ထွေးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်အားလုံးကို ထုတ်လုပ်ပေးပါတယ်။ ရိုးတွင်းခြင်ဆီချစ်ပ်ပြားဟာ ခြင်ဆီအစစ်ရဲ့ ရှုပ်ထွေးမှုအတိုင်း လုံးဝတုပနိုင်ပြီး ခန္ဓာကိုယ်ပြင်ပမှာ အလုပ်ကောင်း ကောင်းလုပ်နိုင်ပါတယ်””ဟု ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီ Don Ingber ကဆိုသည်။
ရိုးတွင်းခြင်ဆီအတုသာမက အဆုတ်၊ နှလုံး၊ ကျောက်ကပ်နှင့် အူများကို ချစ်ပ်ပြားဖြင့် အတုဖန်တီး ထားပြီး လူ့ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ ပင်မလုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်အောင် စီမံထားသောကြောင့် ဆေးဝါးသစ်များ၊ ဓါတုပစ္စည်းများ စမ်းသပ်ရာတွင် တိရစ္ဆာန်များကို အသုံးပြုရန်မလိုတော့ဘဲ လူ့ခန္ဓာကိုယ်နှင့် အနီးစပ်ဆုံးတူညီသည့် ပြင်ပပတ်ဝန်းကျင်တွင် စမ်းသပ်နိုင်တော့မည်ဖြစ်သည်။
ဇော်ကို
Ref:IANS
Aye Chan Mon Credit To:Health Updates Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment