0

ACM Re-Post 26-5-2014

ဂျပန်နိုင်ငံမှ နာမည်ကျော် Popဂီတအဖွဲ့ AKB48မှ အဖွဲ့ဝင် မိန်းကလေးနှစ်ဦးကို လူတစ်ဦးက လွှဖြင့် ရမ်းကားတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၁၉)နှစ် အရွယ်ရှိ ရီနာကာဝါအီနှင့် အသက်(၁၈)နှစ် အရွယ်ရှိ အန်နာအိုင်ရီယာမာတို့သည် ဂျပန်မြောက်ပိုင်းရှိ တာကီဇာဝါတွင် တနင်္ဂနွေနေ့က ပရိသတ်များနှင့် တွေ့ဆုံနေစဉ် တိုက်ခိုက်ခံရခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ ပရိသတ်ထဲမှ လူတစ်ဦးသည် အတင်းတိုးထွက်လာပြီး ရုတ်တရက် အလစ်အငိုက် ရန်ပြုခဲ့ခြင်းဟု ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က အသက်(၂၄)နှစ်အရွယ်ရှိ ဆာတိုရူ အူမီတာဆိုသော အမျိုးသား တစ်ဦးအား အကြမ်းဖက် ရန်ပြုမှုဖြင့် ဖမ်းဆီးထားလိုက်ကြောင်း အတည်ပြုခဲ့သည်။ AKB48၏ မန်နေဂျာဖြစ်သူက မိန်းကလေးနှစ်ဦးသည် ထိခိုက်ဒဏ်ရာများအတွက် ခွဲစိတ်ကုသမှုအချို့ ခံယူခဲ့ရသော်လည်း တနင်္လာနေ့တွင် ဆေးရုံမှ ပြန်ဆင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ AKB48 အဖွဲ့၏ တနင်္လာနေ့ည၊ တိုကျိုတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့် ပရိသတ်များကို လက်ခံတွေ့ဆုံမည့် အခြားအစီအစဉ်များကိုမူ ဖျက်သိမ်းထားလိုက်ရသည်။

တိုက်ခိုက်မှုအတွင်း ရီနာနှင့် အန်နာတို့ နှစ်ဦးသည် ဦးခေါင်းနှင့် လက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး သူမတို့နှစ်ဦးကို ဝင်ကူညီသူ လုံခြုံရေး ဝန်ထမ်းတစ်ဦးလည်း လက်တွင် ထိခိုက်မိခဲ့ကြောင်း သိရသည်။ AKB48အဖွဲ့သည် (၂၀၀၅)ခုနှစ်က စတင်ဖွဲ့စည်းပြီး ထိုစဉ်ကတည်းက အဖွဲ့ဝင် (၄၈)ဦး ပါရှိခဲ့သည်။ ထို့နောက်တွင်မူ AKB48ကို အဖွဲ့ခွဲ (၄)ခုဖြင့် တည်ဆောက်ကာ အဖွဲ့ဝင်အရေအတွက် (၁၄၀)ထိ တည်ဆောက်ပြီး ကမ္ဘာ့အကြီးဆုံး Popအဖွဲ့အဖြစ် တည်ဆောက်ခဲ့သည်။ စီစဉ်သူများက စိတ်ကူးစိတ်သန်းမှာ အောင်မြင်မှု ရရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့မှတ်တမ်းများ ပြုစုသည့် ဂင်းနစ်အဖွဲ့က AKB48အား ကမ္ဘာ့အကြီးမားဆုံး Popဂီတအဖွဲ့ အနေဖြင့် အသိအမှတ် ပြုထားပြီး ဖြစ်သည်။

Aye Chan Mon Credit To:Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top