ACM Re-Post 28-5-2014
စစ်ယူနီဖောင်း ချွတ်ကာ အရပ် ဘက်သို့ နိုင်ငံရေး သမားအဖြစ် ပြောင်း ခဲ့ပြီးသည့်တိုင် ဗိုလ်ချုပ်ဟု ပင် တစ် တိုင်းပြည်လုံး နှုတ်ကျိုး ခေါ်ဝေါ်ရည် ညွှန်းဆိုကာ အား ကိုးနေ ကြသည့် အလျောက် ဦးအောင်ဆန်းသည် နိုင်ငံ့အရေးမှာ နားချိန် မရှိအောင်ပင် ဆောင် ရွက် လုပ်ကိုင်နေရသည့် အတွက် ယုံကြည် စိတ်ချရသူ လူရင်း တစ်ဦး လွှတ်တော် တွင်း၌ ရှိနေစေချင်၍ ဗိုလ်ချုပ်က ဦးနုကို ဖဆပလ အမတ် အဖြစ် ရွေးကောက်ပွဲ ဝင်စေခဲ့ခြင်း ဖြစ်သည်။ ထိုဆန္ဒနှင့် အညီ လွှတ်တော် အမတ် ဖြစ်လာသည့် ဦးနု အား တိုင်း ပြည်ပြု လွှတ်တော်၌ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခဲ့ကြသည်။
လူထုအားကိုး ယုံကြည်သော အစိုးရဖြစ်ရေး၊ ဒေါင်ဒေါင်မြည် လွှတ်တော်ဖြစ်ရေး ဆောင်ရွက်ရင်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့ နံနက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ (ယခု လွတ်လပ်ရေး ပန်းခြံ)နှင့် လမ်းမထက် စုဝေး ရောက်ရှိနေသော ပြည်သူလူထု ကြီးအား မြို့တော်ခန်းမ မျက်နှာစာ လေသာဆောင် ထက်မှနေလျက် ဗိုလ် ချုပ် ဦးအောင်ဆန်းက လွှတ်တော် တွင်း လုပ်ငန်းများ ကို တင်ပြ အစီရင်ခံရာ “လွတ်တော်အသစ် ဆိုတဲ့ သဘော ကတော့ ကိုယ့် တိုင်းပြည်ကို တခြား နိုင်ငံ ကနေ ပြီးတော့ အုပ်စိုး လွှမ်းမိုး ထားလို့ အဲဒီလို အုပ်စိုး လွှမ်းမိုးခြင်း ကို တွန်းလှန် ပယ်ဖျက်ပြီး နောက် မိမိတို့ တိုင်းပြည်၊မိမိတို့ အစိုးရ ကိုယ့် မင်းကိုယ့်ချင်း တည်ထောင်ဖို့ အ တွက် တိုင်းပြည်ပြု လွှတ်တော် လုပ်တာ တစ်မျိုး၊ နောက်တစ်မျိုး ကတော့ ကျွန်တော် တို့ အားလုံး သတင်းစာတွေထဲ မှာ ခဏခဏ ဖတ်နေရမှာပဲ။ ဆိုဗီယက် ယူနီယံခေါ် တဲ့ အဲဒီနိုင်ငံကြီးဟာ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက်က တော်လှန်ရေး အကြီးအကျယ် ဖြစ်ခဲ့တယ်။ ဒီလိုတော်လှန်ရေး ပြီးတဲ့နောက် သူ လည်း နိုင်ငံ သစ်ဖြစ်လာ တယ် လို့ ဆို ရမှာပဲ။ ခေတ်ဟောင်း ခေတ်ဆွေးကို မှီခိုနေတဲ့ ဇာဘုရင် စနစ်နဲ့ အုပ်ချုပ် နေတဲ့ တိုင်းပြည်ဟောင်း စနစ်ဟောင်း ကို တော်လှန် တွန်းဖယ်ပစ် ပြီးတဲ့နောက် အသစ် ကျပ် ချွတ်ပြန်ပြီးတော့ တိုင်းပြည်ကို စနစ် တစ်မျိုးနဲ့ တည်ထောင်တဲ့ အတွက်ကြောင့် အဲဒီနိုင်ငံသစ် က တစ်မျိုးဖြစ်တယ်။ ဒီနိုင်ငံသစ်က တော့ တခြား လူမျိုးခြားအောက် မှာ ရောက်ပြီးမှ ဖြစ်လာတဲ့ နိုင်ငံသစ်မျိုး မဟုတ်ဘဲ ကိုယ့်လူမျိုး ဖြစ်တဲ့ လူတန်းစား အချင်းချင်း ချုပ်ချယ်လွှမ်းမိုးမှု မှလွတ် မြောက်လာ ပြီး တဲ့နောက် နိုင်ငံသစ် တည်ထောင်ခြင်း ဖြစ်တယ်။ အဲဒီတော့ နိုင်ငံသစ် ဆိုတာ အကြမ်းအားဖြင့် အဓိပ္ပာယ် နှစ်မျိုးဖြစ်တယ်” ဟုပြောကြား ၍ မြန်မာ တစ်မျိုးသား လုံး၏ နိုင်ငံသစ်၊ လွှတ်တော်သစ် ကို လူထုကြားသိ သာထင်ရှား ပေါ်လွင်အောင် ဟောပြောပါသည်။ ယင်းမိန့်ခွန်းကို ဗိုလ်ချုပ်၏ သမိုင်းဝင် နောက်ဆုံး ဟောပြောပွဲကြီး ဟုပင် သမိုင်းမှတ်တမ်းတင်ရှိခဲ့သည်။
နိုင်ငံသစ် အုတ်မြစ်ချခြင်း အရေး ပါပုံကိုလည်း “ကျွန်တော် တို့ဗမာပြည် လို လက်အောက်ခံ နိုင်ငံတွေ အဖို့မှာ နိုင်ငံသစ် ဆိုတဲ့ သဘောဟာ လူမျိုး ခြားရဲ့ လက်အောက် က လွတ်မြောက် ပြီးတဲ့နောက် ကိုယ့်ဟာ ကိုယ် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်အစိုးရ နဲ့ ကိုယ့်မင်းကိုယ့်ချင်း တည်ထောင်တာကို ကျွန် တော်တို့ အဖို့မှာ နိုင်ငံသစ်လို့ ဆိုရ တယ်။ သို့သော် လွတ်လပ်နေတဲ့ နိုင်ငံ တွေဖြစ်တဲ့ ကိုယ့်လူမျိုး အချင်းချင်း အုပ်စိုးတဲ့ တိုင်းပြည်မှာတော့ ရှိနေတဲ့ အစိုးရစနစ် အဆောက်အအုံ တစ်ခုလုံး ကို ပြောင်းလဲ ဖျက်ဆီး ပြီးတဲ့နောက် အသစ်ကျပ်ချွတ် စနစ်တစ်မျိုးနဲ့ တိုင်းသစ်၊နိုင်ငံသစ် တည်ထောင်ပုံက တစ်မျိုး။ အဲဒီလို နှစ်မျိုးရှိတဲ့ အခါမှာ အဲဒီလို နှစ်မျိုးစလုံး ပေါ်ပေါက်တဲ့ အချိန် အခါမျိုးမှာ တိုင်းပြည်ပြု လွှတ်တော်ဆိုတာ ထုံးစံ အားဖြင့် ပေါ်လာစမြဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ပေါ်လာစမြဲ ဖြစ်သလဲ ဆိုရင် အဲဒီလို တိုင်းပြည်သစ် ၊ နိုင်ငံ သစ် ဖြစ်နေတော့ ဥပဒေတွေ၊ စနစ်တွေ အကုန် အသစ် ပြန်ပြီးတော့ ရေးဆွဲရမှာ ဖြစ်တော့ အခြေခံက စပြီး ပြန်ပြီးတော့ ပြုလုပ်ရမယ့် အတွက် ဖြစ်ပါတယ်။
ဥပမာအားဖြင့် ရှိနေတဲ့ အိမ်ဟောင်းကို ပြင်ရန် အလုပ်မဟုတ်ဘဲ တစ်အိမ်လုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီ ဖျက်ထားတဲ့ နေရာမှာ ထပ်ပြီးအိမ် သစ်ဆောက်တာ နဲ့ တူပါ တယ်။ အဲဒီလို အိမ်သစ်ဆောက်တဲ့ အခါမှာ ဒီအိမ် သစ်ကို ဘယ်လိုစနစ် ဘယ်လိုစီမံကိန်း မျိုးနဲ့ တည်ဆောက်မယ် ဆိုပြီးတော့ အင်ဂျင်နီယာ ၊ဗိသုကာ အတတ် ဆရာ တွေက ပထမ ရှေးဦးစွာ အိမ် ပုံစံတွေ ရေးဆွဲပြီး ဒီပုံစံအရ ငွေဘယ်လောက် ကုန်ကျမယ် ဆိုတာ တွက်ချက်၊ သေ သေချာချာ နေ့ကောင်း ရက်မြတ် ရွေးပြီး မှ အိမ် သစ် ဆောက်သလိုပဲ။ အခု ကျွန်တော်တို့ နိုင်ငံသစ်ကို ပြန်ပြီး တည်ဆောက်ဖို့ အတွက် တိုင်းပြည်ပြု လွှတ်တော်က ပြန်ပြီး ဥပဒေသစ်၊ စနစ်သစ်တွေ စီစဉ်ရေးဆွဲရပါလိမ့် မယ်။ စီမံကိန်း ချရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည်သစ်၊ နိုင်ငံသစ် ပုံစံ ဟာ ဘယ်လို ရှိသင့်တယ် ဆိုတာ တိုင်း ပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရ စမြဲ ပါပဲ။ ဒါကြောင့် တိုင်းပြည်ပြု လွှတ်တော် ရဲ့ တာဝန်ဟာ နိုင်ငံသစ် ထူထောင်ဖို့ တာဝန် ဖြစ်ပါတယ်။” ဟူ၍ အလေး အနက် မိန့်ဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း သည် စစ်ရေး ခေါင်းဆောင် အဖြစ်သာ မက၊ နိုင်ငံရေး ခေါင်းဆောင် အဖြစ်ပါ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ သူလည်းဖြစ်ကာ ဗိုလ်ချုပ်၏ အမြော် အမြင်များ သည် နိုင် ငံရေး သုခမိန် တစ်ဦး၏ မိန့်မှာချက် တစ်ခုအဖြစ် ယနေ့ထိ တိုင် သွေး ထွက်အောင် မှန်ကန် နေဆဲဟုဆိုနိုင်ပါ၏။
“ဖဆပလကို ယုံကြည်ပါ။”
“ဖဆပလက တင်သွင်းသောအမတ် လောင်းများကိုရွေး ချယ်ပါ။”
“သစ္စာရှိ၍ တိုက်ရဲခိုက်ရဲသူများ ကို တိုင်းပြည်အတွက်အလိုရှိသည်။”
“အပြောသမား နိုင်ငံရေးစား ဖားကြီးတွေ အလိုမရှိ” ဟု နိုင်ငံတစ် ဝန်းသို့ ကိုယ်တိုင် ကိုယ်ကျလိုက်လံ ဟော ပြော စည်းရုံးပြီး ဖဆပလ အမတ် များနှင့် လူထုကို မိတ် ဆက်ပေးနိုင် ခြင်း အကျိုးကျေးဇူးကြောင့်ပင် ပြည် သူ တို့ကလည်း ဗိုလ်ချုပ် ဦးအောင်ဆန်း ကို ကြည်ညို လေးစားမှု အရင်းခံကာ ဗိုလ်ချုပ် ဦးဆောင်သည့် ဖဆပလကို အပြတ် အသတ် အနိုင်ပေး၍ ပြည်သူ့ ကိုယ်စားလှယ်များ အဖြစ်ရွေးချယ် တင်မြှောက် လိုက်ခြင်းဖြစ်သည်။
ယင်းသို့ ပြည်သူများက ရွေး ကောက် တင်မြှောက်ခြင်းဖြင့် လွှတ် တော် သို့ရောက်ခဲ့ကြသည့် ပြည်သူ့ ကိုယ်စားလှယ် အမတ်များသည် ဇွန်လ ၉ ရက်နေ့တွင် စတင်သည့် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးသို့ တက် ရောက်နိုင် ခဲ့ကြပြီးနောက် အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီများ ဖွဲ့ ကြရာတွင် လည်း ဗိုလ်ချုပ် ဦးအောင်ဆန်း သည် ကော်မတီ များတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံမူ များကို ဗိုလ်ချုပ် ဦးအောင်ဆန်းက ဇွန်လ ၁၆ ရက်နေ့ တွင် တင်သွင်း ၍ လွှတ်တော် က တညီတညွှတ် လက်ခံ အတည် ပြုသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ကြမ်းအား ဖဆပလမှ ထုတ်ပယ် ခြင်း ခံထားရ သည့် မြန်မာပြည် ကွန်မြူ နစ် ပါတီမှအမတ်များ ကလည်းပါဝင် ဆွေး နွေးကြသည်။ (ကွန်မြူနစ် ပါတီနှစ်ခြမ်း ကွဲရာတွင် အလံနီ ကွန်မြူနစ် ပါတီ (ခေါ်) သခင်စိုး၏ ကွန်မြူနစ် ပါတီ သည် ဘုရင်ခံ ၏ အာဏာကို အသိအမှတ် မပြုဟု ဆိုကာ ရွေးကောက်ပွဲ သို့ မဝင်ခဲ့သလို ဒေါက်တာ ဘမော်၏ မဟာဗမာ အဖွဲ့သည် လည်းကောင်း၊ ဦးစော၏ မျိုးချစ်ပါတီသည် လည်း ကောင်းရွေးကောက်ပွဲ သို့ဝင်ရောက် ယှဉ် ပြိုင်ခြင်း မပြုခဲ့သော်လည်း သခင်သန်း ထွန်း ဦးဆောင်သည့် အလံဖြူ ကွန်မြူ နစ်ပါတီဟု ခေါ်ဆိုသော မြန်မာပြည် ကွန်မြူနစ် ပါတီကမူ လက်ရွေးစင် အမတ်လောင်း များဖြင့် ရွေးကောက် ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပျဉ်း မနား နယ်ဘက်တွင် ကွန်မြူနစ် အမတ် လောင်း(၇)ဦး အနိုင် ရကာ ပြည်သူ့ ကိုယ်စားလှယ် များအဖြစ် လွှတ်တော် သို့ တက်ရောက်နိုင် ခဲ့ကြသည်။ မြန်မာ ပြည် ကွန်မြူနစ် ပါတီသည် လွှတ်တော် တွင်း နိုင်ငံရေး၌ ပါဝင် ဆောင်ရွက် သော်လည်း လွှတ်တော် ပြင်ပနိုင်ငံ ရေးတွင်မူ အကြမ်းဖက်မှု သို့ဦးတည် နေခဲ့သည်။ ၁၉၄၇ မတ်လမှာ ဖြူး နယ်၌ ပြုလုပ်ခဲ့သော အစည်း အဝေး သို့ ပရိသတ် တစ်သိန်းခန့် တက်ရောက်သည့် အင်အားကို ကြည့်ကာ ပါတီ ခေါင်းဆောင် သခင်သန်းထွန်းက တောင်သူ လယ်သမား လူထုမှာ ၄င်းနှင့် ၄င်းတို့ပါတီနောက် တွင် ရှိသည်ဟု ယူဆပြီး ဖဆပလကို အံတုအနိုင် ယူနိုင်မည် ယုံကြည်သွားသည်။ တစ်ဖက်တွင် လည်း ဗိုလ်ချုပ် ဦးအောင်ဆန်း အစိုးရနှင့် လွှတ်တော် အပေါ် အမြင် မကြည် ရှိသူ ယခင် ဗြိတိသျှ နန်းရင်ဝန်ဟောင်း ဂဠုန်ဦးစောက စိတ်ချ ယုံကြည်ရ သောလူငယ်များကို စုစည်း မွေးမြူကာ အင်္ဂလိပ် စစ်ဘက် အရာရှိ အချို့၏ အကူ အညီဖြင့် လက်နက် များကို ခိုး ထုတ်သည့် အခြေ အနေတစ် ရပ်လည်း ရှိ၍ အစိုးရ အနေနှင့် အန္တရာယ်များ ကြား လွန်စွာ ခက်ခဲသိမ်မွေ့စွာ ကိုင် တွယ်ဖြေရှင်းနေ ရသည်။)
မြန်မာပြည်သူ့ အချစ်ပန်း ဗိုလ်ချုပ် ဦးအောင်ဆန်းဟု မည်တွင်သည့် ဦးအောင်ဆန်း ဦးဆောင်သည့် တိုင်း ပြုပြည်ပြု လွှတ်တော်ကြီးသည် နိုင်ငံ တော်အလံ၊ သီချင်း၊ တံဆိပ် တို့ကို တီထွင် သတ်မှတ်နိုင်ရေး အတွက် ကို လည်း အလေးအနက် ထားကာ ကော်မ တီတစ်ရပ် ဖွဲ့စည်း ခန့်ထားရာတွင် ပြည်သူလူထု လေးစားသော ဆရာကြီး ဒီးဒုတ် ဦးဘချို ကို သဘာပတိ အဖြစ် ကြီးမှူးစေကာ အဖွဲ့ဝင် များတွင် မိုင်းပွန် စော်ဘွားကြီးလည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ (ဆရာကြီး ဒီးဒုတ် ဦးဘချိုနှင့် မိုင်းပွန်စော်ဘွား ကြီးတို့သည် ဗိုလ်ချုပ်အောင်ဆန်း တို့နှင့် အတူ ကျဆုံးခဲ့ရ ရာတွင် ဝန်ကြီး သခင်တင်အား ဆရာကြီး ဒီးဒုတ် ဦးဘချို၏ နေရာတွင် သဘာပတိ အဖြစ် လည်းကောင်း၊ မိုးမိတ် စော်ဘွားကြီး အား မိုင်းပွန် စော်ဘွားကြီး၏ နေရာ တွင် အဖွဲ့ဝင် အဖြစ်လည်း ကောင်း အစားထိုး ခန့်ထားခဲ့သည်။ ယင်းကော်မ တီ၏ အစီရင်ခံ စာကို ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၁ရက်နေ့ တွင် တင်သွင်း နိုင်ခဲ့ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အတည်ပြုခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ၌ မြန်မာနိုင်ငံတော် အလံ၏ ပုံသဏ္ဋာန်၊ အရွယ်အစားနှင့် တံဆိပ်အမှတ် အသား တို့ကို ထည့်သွင်း ဖော်ပြနိုင်ခဲ့ ခြင်းဖြစ်သည်)။
ဆက်လက်ဖော်ပြပါမည်။
ကိုမျိုး(မြန်မာစာ)
Aye Chan Mon Credit To: http://www.popularmyanmar.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment