Published on: May 20, 2014
Written by: ဇော်ဝင်းချစ် (တောင်ငူ)
မေ ၁၉ ရက် နံနက် ၁၁ နာရီခန့်က တောင်ငူမြို့ ၂၂ ရပ်ကွက်ရှိ ဇေယျာသီရိ မိဘမဲ့အမျိုးသမီးဂေဟာမှ အစာဆိပ်သင့် ဖြစ်ပွားခဲ့သော ကလေး ၂၃ ဦး တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အစာဆိပ်သင့်ဖြစ်ပွားသည့် ကလေးများသည် ယင်းနေ့နံနက် ၇ နာရီက အမျိုးသမီး မိဘမဲ့ဂေဟာမှကျွေးသည့် ပုံမှန်နံနက်စာတွင် ဆန်ပြားသုပ်စားပြီးနောက် နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် ဒီးဒိုအချိုရည်သောက်ပြီး မူးဝေအော့အန်ခြင်း ဖြစ်ပွားသဖြင့် တောင်ငူမြို့ အမှတ် ၁ ရဲစခန်းနှင့် ၂၄ နာရီ လူမှုကူညီရေးအသင်းတို့ အကူအညီဖြင့် ကလေး ၆၈ ဦးအား တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ဆေးရုံတက် စစ်ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်ကာ ဆေးရုံကြီးသို့ အရေးပေါ်တက်ရောက် စစ်ဆေးပြီးနောက် ကလေးကိုးဦးနှင့် အကြီး ၁၃ ဦး စုစုပေါင်း ၂၂ ဦးတို့မှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
“ကလေးတွေအများစုက မူလတန်းကလေးတွေ ဖြစ်ကြတာ၊ ကိုးတန်း၊ ၁၀ တန်း ကျောင်းသူတွေလည်း ပါတယ်။ ဆန်ပြားသုပ်ကတော့ နံနက် ၇ နာရီလောက်မှာ ဆရာလေးတို့ကျောင်းကပဲ ကျွေးတာပါ။ အချိုရည်ကတော့ အလှူရှင်လာလှူထားတဲ့ ဒီးဒိုအချိုရည်ကို တိုက်တာ” ဟု ဇေယျာသီရိ မိဘမဲ့အမျိုးသမီးများဂေဟာမှ ဆရာလေးဘဒ္ဒထေရီက မိန့်ကြားသည်။
“မနေ့က အစာအဆိပ်သင့် ဖြစ်တယ်ဆိုပြီး ဆေးရုံကိုရောက်လာတာ ၆၈ ယောက်ပါ။ စစ်ဆေးပြီးလို့ အခြေအနေကောင်းတဲ့ သူတွေအားလုံးကိုတော့ အဲဒီနေ့ ညနေပိုင်းကတည်းက ဆေးရုံက ဆင်းခွင့်ပေးလိုက်ပါတယ်။ ဒီနေ့ ဆေးရုံမှာ ကလေးကိုးယောက်နဲ့ အကြီး ၁၃ ယောက် စုစုပေါင်း ၂၂ ဦးကျန်ပါသေးတယ်။ ကျန်တဲ့သူအားလုံးလည်း အခြေအနေ ကောင်းနေပါတယ်။ ကလေးတွေ ဆေးရုံကိုရောက်လာတဲ့ လက္ခဏာကတော့ အစာဆိပ်သင့်တဲ့ လက္ခဏာပါ။ ဒါပေမဲ့ ဆန်ပြားသုပ်စားလို့ ဖြစ်တာလား။ အချိုရည်သောက်လို့ ဖြစ်တာလားဆိုတာကို စစ်ဆေးနေတုန်းပါ” ဟု တောင်ငူမြို့ ပြည်သူ့ဆေးရုံ လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သီတာစိန်က မေ ၂၀ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
“ကျွန်တော်တို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ဆေးရုံမှာကျန်နေတဲ့ ကလေးတွေကို သေသေချာချာ မေးမြန်းဆောင်ရွက်နေပါတယ်။ ဆရာဝန် Round ပြီးတဲ့ အချိန်အထိ အရဆို အကြီးတွေထဲက ၁၀ ယောက်က ညနေဆိုရင် ဆင်းလို့ရပြီလို့ သိရတယ်” ဟု တောင်ငူမြို့ အမှတ် ၁ ရဲစခန်း စခန်းမှူး ဦးတင်ဝင်း မေ ၂၀ ရက် ၁၂ နာရီခန့်က ပြောကြားသည်။
တောင်ငူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကလေးများအား မေ ၂၀ ရက်က တွေ့ရစဉ်
ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment