0

Published on: May 21, 2014
Written by: မင်းသူဝင်းထွဋ် (မြောင်းမြ)

မိုးရာသီကာလသို့ ရောက်ရှိလာသော်လည်း လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် မှီခိုနေရသော နာဂစ်ဒုက္ခသည်စခန်းရှိ မိသားစုပေါင်း ၄၀၇ စုမှ လူဦးရေ ၁၀၀၀ ကျော် ဒုက္ခသည်များမှာ အတည်တကျနေထိုင်ရန် လုံခြုံသော အမိုးအကာများအောက်သို့ မရောက်ရှိနိုင်ကြသေးဘဲ ကျောင်းဖွင့်ချိန်တွင် ကလေးငယ်များကိုပါ ကျောင်းများတွင် စာသင်အပ်နှံသင်ကြားနိုင်ရန်ပါ ခက်ခဲနေလျက်ရှိကြောင်း သိရသည်။

ဒုက္ခသည်များကို နေရာချထားပေးရာတွင် ဒေသဆိုင်ရာအစိုးရအဖွဲ့မှ လပွတ္တာမြို့ ငါးမိုင်နေရာတွင် ပြန်လည်ချထားပေးလိုပြီး ဒုက္ခသည်များက ယခင်ကတည်းက နာဂစ်ဒုက္ခသည်များအတွက်ဟုဆိုကာ တည်ဆောက်ထားသော လပွတ္တာသုံးမိုင်မြို့သစ်အနီးတွင် ချထားပေးရန်တောင်းဆိုမှုကြောင့် အငြင်းပွားမှုများဖြစ်နေပြီး၊ တိုင်းဒေသကြီးလွှတ်တော်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်က လာရောက်စစ်ဆေးခဲ့ရကြောင်း၊ ယခုမိုးရာသီကာလသို့ ရောက်ရှိလာသော်လည်း ဒုက္ခသည်များမှာ နေစရာအတည်တကျမရှိဘဲ နေအိမ်အများစုမှာ အမိုးအကာများ ပျက်ယွင်းနေလျက်ရှိပြီး၊ ကလေးငယ်များကျောင်းဖွင့်ချိန်တွင် ကျောင်းအပ်နှံထားရှိရေးပါ ခက်ခဲလျက်ရှိကြောင်း သိရသည်။

"ငါးမိုင်ကနေရာက နေထိုင်စားသောက်ရေး အခက်အခဲရှိလို့ မနေချင်တာပါ။ သုံးမိုင်ဆိုပေမယ့် မြို့ပေါ်ကို တောင်းဆိုတာမဟုတ်ပါဘူး။ မြို့နဲ့အနီးကို တောင်းဆိုတာပါ။ အစ်မတို့က အမှန်တော့ သခင်များများရှိတဲ့နေရာကို တို့လူမွဲများကနေချင်တာပေါ့။ လာကြည့်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မိုးအမီပြောင်းလို့ရအောင် လုပ်ပေးမယ်လို့ ပြောသွားပါတယ်။ အခုကတော့ ကလေးတွေကျောင်းတက်ဖို့လည်း ဘာလုပ်ရမှန်းမသိ
အိမ်တစ်ခုလုံးလည်း မိုးရေထဲမှာစိုရွှဲနေတာပါပဲ" ဟု ပိန္နဲတောင်ကျေးရွာရှိ နာဂစ်ဒုက္ခသည်တစ်ဦးဖြစ်သူ ဒေါ်တင်တင်ညိုကဆိုသည်။

နာဂစ်ဒုက္ခသည်များကို နေရာချထားပေးရန်အတွက် တည်ဆောက်ခဲ့သော မြို့သစ်တစ်ခုဖြစ်သည့် လပွတ္တာသုံးမိုင်မြို့သစ်တွင် မြေကွက်ပေါင်း ၂၅၆၃ ကွက် ဖော်ထုတ်ခဲ့ကာ ၁၂၅၇ ကွက်ကို နေရာချထားပေးပြီး ၁၃၀၆ ကွက် အလွတ်ကျန်ရှိသေးကာ ဒုက္ခသည်များကို မြို့သစ်တွင်နေရာချထားပေးမည်ဟု တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်တို့ တိုင်းဒေသကြီးလွှတ်တော်တွင် ဖြေကြားခဲ့ဖူးသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ကြာကန်၊ မောင်းတီး၊ ပိန္နဲတောင်၊ မြွေဟောက်၊ ကဿ ပေါင်း၊ မင်းကုန်း စသည့်ကျေးရွာများတွင် ဒုက္ခသည်များကို ကျေးရွာရှိ ဒေသခံများပိုင်ဆိုင်သော လယ်ယာမြေများပေါ်တွင် ယာယီနေရာချထားပေးခဲ့ပြီး၊ လက်ရှိအချိန်ထိ ဒုက္ခသည်များ ခေတ္တမှီခိုနေထိုင်ရကာ ဒုက္ခသည်များအားလုံး မိုးရာသီကာလတွင်း လုံခြုံသော အမိုးအကာများအောက်သို့ ရောက်ရှိလိုနေကြပြီး နေရာအတည်တကျမရှိမှုကြောင့် ကျောင်းအပ်နှံချိန်အမီ ကလေးငယ်များပညာရေးအတွက် ကျောင်းရွေးချယ်အပ်နှံရန်ပါ ခက်ခဲနေကြကြောင်း သတင်းရရှိသည်။

လပွတ္တာမြို့နယ် ပိန္နဲတောင်ကျေးရွာရှိ နာဂစ်ဒုက္ခသည်များနေထိုင်ရာ အိမ်ယာများကို မြင်ရပုံ

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top