0

Published on: May 1, 2014
Written by: နန်းစုနှင်းထွေး

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUM) မှ ဦးစီးပြုလုပ်သည့် မေဒေးနေ့ (အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့) အခမ်းအနားသို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ Myanmar Peace Centre မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်၊ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်စသည့် အစိုးရအဖွဲ့ အကြီးအကဲများက ပထမဆုံးအနေဖြင့် မေဒေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့သည်။ သို့ရာတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှာ မေဒေးနေ့ အခမ်းအနားအတွက် မိန့်ခွန်းပြောကြားခဲ့ခြင်း မရှိပေ။

ယခင်နှစ်များတွင် ပြုလုပ်ခဲ့သည့် မေဒေးနေ့ (အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့) အခမ်းအနားများတွင်မူ ယခုကဲ့သို့ အစိုးရအဖွဲ့ အကြီးအကဲများ ပါဝင်တက်ရောက်ခြင်းမရှိခဲ့ဘဲ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အလုပ်သမားသမဂ္ဂများသာ ပါဝင်တက်ရောက်ခဲ့သည်။

ထို့ပြင် နိုင်ငံတ်ာသမ္မတ ဦးသိန်းစိန်ကလည်း မေ ၁ ရက်နေ့တွင် ကျရောက်သည့် မေဒေးနေ့ အခမ်းအနားအတွက် သ၀ဏ်လွှာပေးပို့ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အလုပ်သမားများနှင့် မိသားစုများ၏ အခြေခံလိုအပ်ချက်များ ပြည့်မီစေရေး အလုပ်သမားများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး၊ အလုပ်သမားများအတွက် ပိုမိုကောင်းမွန်သော လူနေမှုအဆင့်အတန်း ရရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ဟု သ၀ဏ်လွှာတွင်ထည့်သွင်း ပြောကြားထားသည်။

"မေဒေးနေ့ဟာ အလုပ်သမားထုအတွက် အရေးကြီးတဲ့နေ့ ဖြစ်တဲ့အတွက် စက်ရုံ အလုပ်ရုံတွေ အနေနဲ့ အလုပ်သမားတွေကို အလုပ်ပိတ်ပေး စေလိုပါတယ်" ဟု အဆိုပါ မေဒေးနေ့ အခမ်းအနားတွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးထင်အောင်က ပြောကြားသည်။

မြန်မာပြည်၏ ပထမဆုံး ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ၁၉၃၈ ခုနှစ် မေ ၁ ရက်က ရေနံချောင်းမြို့တွင် ပြုလုပ်ခဲ့ပြီး ၁၉၄၆ ခုနှစ် မေ ၁ ရက် မေဒေးနေ့ အခမ်းအနားကိုမူ ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံတွင် ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မေဒေးနေ့အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြား ခဲ့သည်ဟု သိရသည်။

အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်လာသော သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့အား တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top