Published on: May 1, 2014
Written by: ဝေလင်းအောင်၊ ကြည်နိုင်
မေ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်း၌ စက်ရုံအလုပ်သမား ၅၀၀ ကျော်က အနိမ့်ဆုံးလုပ်ခလစာ အမြန်ဆုံး သတ်မှတ်ပေးရေးအတွက် တရားဝင်ခွင့်ပြုချက်ရယူကာ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများမှာ “တစ်နေ့ ရှစ်နာရီ အနည်းဆုံးလုပ်ခ ၅၆၀၀ ရရှိရေး”၊ “အမြဲတမ်း အလုပ်သမားများကို လခစားအလုပ်အဖြစ် သတ်မှတ်ပေးရေး”၊ “အလုပ်သမားများကို တဖက်သပ်အလုပ်ထုတ်မှု ရပ်ဆိုင်းရေး” ၊ “အလုပ်သမားများ အားလုံး သွေးစည်းညီညွတ်ရေး” စာတန်းများရေးသားထားသော ဗွီနိုင်းများကိုင်ဆောင်၍ ကြွေးကြာ်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် အလုပ်သမားများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၂၆၁၊ ပုဒ်မ ၄၁၈၊ ပုဒ်မ ၆ (စ)၊ ပုဒ်မ ၁၇ (ခ) နှင့် ပုဒ်မ ၆၀ (ခ)ပြင်ဆင်ပေးရေးတို့ကို တဆက်တည်း ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် မဟာဗန္ဓုလပန်းခြံလမ်းမှ စတင်၍ မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေဘုရားအနီးတို့၌ စီတန်းလှည့်လည်ခဲ့ကြသည်။
“ခေတ်အဆက်ဆက်မှာ အလုပ်သမားတွေက သူတို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီခေတ်မှာလည်း အလုပ်သမားတွေက အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။ ဒီမိုကရေစီအစိုးရအနေနဲ့ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးနိုင်မှု မရှိဘူးဆိုရင် ပွင့်လင်းမြင်သာမှုရှိတဲ့ ခေတ်လို့ ပြောလို့မရဘူး။ တစ်တိုင်းပြည်လုံးက အလုပ်သမားတွေ ကြုံတွေ့နေရတာက လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမားဥပဒေပါ အခွင့်ရေးတွေ ဆုံးရှုံးနေရတာပဲ ဖြစ်တယ်။ အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာကို အမြန်ဆုံးသတ်မှတ်ပေးသင့်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်မှ ရှေ့နေဦးဌေး က မေ ၁ ရက်တွင် ပြောကြားသည်။
အဆိုပါ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်မှ အဓိကဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းအချို့က ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဆန္ဒပြသူတစ်ဦးဖြစ်သည့် မာစတာစပေါ့ အားကစားဖိနပ်စက်ရုံမှ အလုပ်သမား မကြူကြူဝင်းက “ကျွန်မတို့အနေနဲ့ လုပ်ခလစာ နည်းပါးမှုအပြင် အခြားသော အလုပ်သမားအခွင့်အရေးတွေပါ ဆုံးရှုံးနေရတယ်။ ဒီလိုအခွင့်ရေး ဆုံးရှုံးမှုတွေကို အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း လာရောက်ဖြေရှင်းဆောင်ရွက်ပေးမှုတွေ မရှိခဲ့ပါဘူး။ကျွန်မတို့အနေနဲ့ အချိန်ပိုတွေ ရက်ပြည့်ဆင်းရင်တောင် တစ်လကျပ် ရှစ်သောင်းလောက်ပဲ ရကြပါတယ်” ဟု သူမ အခက်အခဲများကို ဆန္ဒပြရာတွင် ပြောကြားသည်။
စက်ရုံအလုပ်သမားများအနေဖြင့် စက်ရုံမှ ရရှိသောလုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေခြင်းတို့ကြောင့် စက်ရုံရှေ့သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုမှုများ ယခုအချိန်ထိ ပြုလုပ်လျက်ရှိသည်။
အနိမ့်ဆုံးလုပ်ခလစာ အမြန်ဆုံးသတ်မှတ်ပေးရေး မေဒေးနေ့တွင် ကျောက်တံတားမြို့နယ်အတွင်း ဆန္ဒပြနေစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.