ဆြာဒင်၏ ကျပ်နှစ်ထောင်တန်အာချောင်မှုတရားစီရင်ခန်း
ACM Re-Post 26-5-2014
Author: မင်းဒင်
(၁)
‘‘တွေးတွေးပြီးတော့ တဝဲလည်လည်၊ မျှော်လင့်ချက် ရည်ရွယ်ချက်တွေ ကင်းမဲ့ယွင်းခဲ့လေတယ်။ ကိုယ်တစ်ယောက်တည်း အတွေးဗိမာန်ကြီးတည်ဆောက် ကာရယ်။ စိတ်ကူးယဉ်သက်သက် မှတ်ချက်တွေရေးကာ၊ ဆိုဖူးခဲ့တဲ့တေးသံရယ် ရေပြင်ကိုကြည့်ကာကြည့်ကာ ကြည်နူးမှုရဲ့အရိပ်ဝယ်နှစ်သက်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ ကမ်းခြေဇေယျာဦးဝယ်မှန်းခြွေမေလာမှူးမယ် အလွမ်းတွေမပြေပါဘူးကွယ် ကမ်းခြေဇေယျာဦးဝယ်’’
တေးပြုစာဆိုကိုလှမိုး၊ တေး သံရှင်ကိုခင်လတ်၏ ‘ကမ်းခြေ ဇေယျာဦး’အမည်ရှိ ခေတ်ဟောင်းဂန္ထဝင်တေးတစ်ပုဒ်ကို ဆြာဒင် တေးသီကျူးနေသည့်အရပ်ဒေ သကား စစ်ကိုင်းမြို့အနီးမှ ဧရာဝတီမြစ်ကမ်းပါးမဟုတ်မူဘဲ။ ဖူးခက်မြို့ အမ်မခန်အရပ်ရှိ အိမ်အိုကြီးတစ်လုံးတည်ရှိရာ ခြံကျယ်ကြီး တစ်ခု၏ရှေ့မှ ကွန်ကရစ်ရေမြောင်း ဘေးတွင်ဖြစ်ချေ၏။ နေလုံးနီနီသည် ညနေစောင်းအချိန်မို့ အနောက်ဂေါယာကျွန်းဆီ ယွန်းလုလုအချိန်တွင် ဆြာဒင်၏အိမ်ပေါက် တစ်ဒါဇင်ကျော်မျှသော ကြောင်အုပ်၏ဖင်သရမ်းမှုကြောင့် အိမ့်နောက်တောအုပ်ဆီမှ တိုက်ခတ်လာသည့်လေနုအေးသည် ကြောင်ချေးနံ့ဖြင့် သင်းပျံ့လျက်ရှိလေ၏။
‘‘ဆြာဒင်၊ ပေါင်ချိန်ရှိပါ သလားရှင်’’
ဆြာဒင့်နောက်ကျောဘက် ဆီမှ ရုတ်တရက်ကြားလိုက်ရ သောအသံကြောင့် ဆတ်ခနဲသမင် လည်ပြန်စောင်းငဲ့ကြည့်မိသည့် အခါတွင်ကား ခပ်နွမ်းနွမ်းအဝတ် အစား၊ အသက်အားဖြင့်လေး ဆယ်ကျော်ခန့်ရှိမည့် ခပ်ရွယ်ရွယ် အမျိုးသမီးတစ်ဦးကို တွေ့မြင်ရ လေ၏။ သူသည် နှပ်ချေးတွဲလောင်း သုံးနှစ်အရွယ်ကလေးတစ်ဦးကိုခါးထစ်ခွင်လျက်ရှိ၏။ သူ့နံဘေးတွင်မူ ခင်ပွန်းယောက်ျားဖြစ်ဟန်ရှိသည့်ညောင်နာနာလူရွယ် တစ်ဦးသည်လည်း နှုတ်နည်းစွာ ငူငူကြီးရပ်လျက်ရှိ၏။ အဆိုပါ အမျိုးသမီးကြီးကို အကဲခတ်ရသည်မှာ အကြောက်အလန့်ရှိပုံ မရဘဲ မှန်ရာကိုဟောဟောဒိုင်းဒိုင်းလုပ်ရဲကိုင်ရဲ ဆတ်ဆတ်ကြဲဖြစ်ပုံ ရ၏။ မည်သို့ဆိုစေ သူ့အမေးကို ဆြာဒင်တစ်ယောက် တည်ငြိမ် အေးဆေးစွာပင် ဖြေဆိုသမှုပြု လိုက်ရပေသည်။
‘‘ပေါင်ချိန်ချင်ရင် အိမ်ထဲမှာ ရှိလေရဲ့။ ကီလိုပါချိန်လို့ရပါ တယ်လေ။ အထဲကိုကြွပြီးချိန်ချင် တာသာချိန်ပါလေတော့’’
‘‘ဟင်း ... ဆြာဒင်ပြောင်ချော် ချော်မလုပ်ပါနဲ့။ ကျွန်မတွေ့ချင် တာက တရားသူကြီးမျက်နှာမည်း ပေါင်ချိန်ရှင့်။ အမှုဖွင့်ချင်လို့’’
ငယ်ထိပ်ကို တည့်တည့်ထု ကာမှ စဉ်းငယ်ရိပ်မိခဲ့ရချေပြီ။ သည်သူငယ်မကား မတရားမှု(သို့ တည်းမဟုတ်)မကျေနပ်ချက်တစ် စုံတစ်ရာရှိဟန်တူပေရာ ဆြာဒင် မှာ ဖြစ်ကြောင်းကုန်စင်ကိုသိနိုင် ရန်အလို့ငှာ အိမ်တွင်းသို့ကြွပါ မည့်အကြောင်း ဖိတ်ခေါ်သမှုပြု လိုက်ရလေသည်။
‘‘ဆြာဒင်လိုလူမျိုးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့နေကမင့်ဟာပေါင်ချိန်ကို ရှာစရာလိုသေးလားမယ်မင်းကြီး မရယ်။ ဆြာဒင်ရဲ့ရုံးတော်ရှေ့ကစည်ကြီးကိုသာတီးလိုက်ပါလေ။ အဲ ... အိမ်အတွင်းသို့သာကြွပါလေ။ ရွှေဉာဏ်တော် ကလော်တိုင်းထွက်လေသည့် ဆြာဒင်၏ မဟာဖြုတ်ဦးနှောက်ဖြင့် တရားမျှတမှုကိုဖြစ်စေပါအံ့’’
(၂)
ပေါင်ထင်းလျှန်ဟုအမည် ကျော်ကြားလေသည့် ပညာရှိခုံ သမာဓိတရားသူကြီးမင်းကား တရားတပေါင်အမှုအခင်းကြီး ငယ်တို့တွင် မှူးကြီးမတ်ရာသေနာ ပတိမဆိုထားနှင့် မင်းဧကရာဇ် နှင့် မိဖုရားကိုသာမက ဧကရာဇ်၏မယ်တော်ကိုပင် ညှာတာသက် သာခွင့်မပေး အစဉ်အမြဲတော် တည့်မှန်ကန်စွာ ဆုံးဖြတ်ခဲ့လေ သည့် စိနရာဇဝင်ထဲမှပုဂ္ဂိုလ် ကျော်တစ်ဦးဖြစ်ပေတည်း။ သူ၏ ကြောင်းရာဗျုပ္ပတ်ကို လွန်ခဲ့သောဆယ်စုနှစ်များဆီက မြဝတီရုပ် မြင်သံကြားဇာတ်လမ်းတွဲမှတစ် ဆင့် မြန်မာပြည်သူတို့ရင်းနှီးခဲ့ကြ ချေသည်။ ဤသူငယ်မသည် အသိဉာဏ်နုံနဲ့သည့် အားလျော်စွာ ပေါင်ချိန်တည်းဟူသော တရားသူ ကြီးသည် ယခုထက်တိုင် သက်ရှိ ထင်ရှားရှိနေလေသေးသည်ဟု ထင်မြင်နေခြင်းဖြစ်တန်ရာသည်။
‘‘ကဲ...မယ်မင်း၊အဘယ်သော အမှုကို အဘယ်အတွက်ကြောင့် ဖွင့်လိုပါသနည်း။ ဆြာဒင်နှင့်ဆုံတွေ့ကြပြီဖြစ်၍ ဆြာဒင်သည် ပေါင်ချိန်ထက်သာလွန်ထက်မြက် ရဲဝံ့သူဖြစ်သည့် အားလျော်စွာ မယ်မင်း၏တိုင်ချက်ကိုလက်ခံ ကြားနာပါအံ့’’
‘‘ဆြာဒင် မလုပ်ရဲလောက် ဘူးနော်’’
ဆြာဒင့်ရှေ့တွင် ပုဆစ်တုပ် လျက် ပျဝပ်ကျိုးနွံစွာရှိနေသည့် တရားလိုသူငယ်မ၏သတိပေး စကားကြောင့် ဆြာဒင့်ရင်မှာ ထိတ်ခနဲဖြစ်သွားသော်ငြား ဟန် ကိုယ့်ဖို့ဟူသောဆိုရိုးရှိသည် မဟုတ်တုံလော။
‘‘ဆိုမှာသာဆိုပါလေမယ် မင်း၊ ဇမ္ဗူထိပ်မင်းကရာဇ်တို့၏ မတရားမှုကိုသော်မှ ဆြာဒင်၏ အသက်ကိုစွန့်လျက် မှန်ရာကိုဖြစ် စေပါအံ့။ အဘယ်အမှုပေနည်း’’
‘‘အာချောင်မှုပါဆြာဒင်၊ ကျူးလွန်သူကဒုသမ္မတပါ’’
‘‘ဟေ’’
ဆြာဒင်မှာဟေတစ်လုံးသာ အော်နိုင်လျက် တစ်ကိုယ်လုံး ကြက်သီးဖျန်းခနဲ ထသွားပြန်သော်တည့် မရဲသော်လည်းပြေးခဲစေဟုပညာရှိတို့ဆိုလေရာ ယင်း သူငယ်မ၏လျှောက်တင်ချက်ကို ဟန်မပျက်ရှေ့ဆက်နားထောင်ရ ပြန်၏။
‘‘ကျွန်တော်မတို့လင်မယား ယိုးဒယားပြည်ဖူးခက်ကိုရောက် နေတာ ဆယ့်ငါးနှစ်ဝန်းကျင်ရှိပါ ပြီဆြာဒင်။ စားဝတ်နေရေးချောင် လည်ရုံဝင်ငွေရရေးအတွက် တစ် နေ့ဆယ့်နှစ်နာရီမျှ ပင်ပန်းဆင်းရဲ စွာလုပ်ခဲ့ရသော်ငြား ထိုင်းပုလိပ် တို့နှိပ်စက်သည်ကြောင့် ဝမ်းဝ သော်ငြား နေ့စဉ်နှင့်အမျှ ကျီးလန့် စာစားဖြစ်ရပါသည်။ ယခုအခါ ဇာတိရွာတွင် ဒီမိုကရေစီစနစ် ထွန်းကားပြီဖြစ်၍ မိခင်တိုင်း ပြည်မှာပင် ရရာအလုပ်ဖြင့်ကြိုးကုတ်အသက်မွေးရန်စီစဉ်ဆဲတစ်ခဏ၌ ဒုသမ္မတမင်း၏တစ်နေ့ နှစ်ထောင်ကျပ်ဖြင့် ထမင်းနပ်မှန် သည်ဟူသောအာချောင်စကား ကြောင့် ကျွန်တော်မတို့မှာ ကယောင်ချောက်ချားနေရပ်သို့ ပြန်နိုင်အင်အားမရှိတော့ဘဲ ယိုးဒယားပြည်တွင်သာ ကျွန်သက် ဆက်ရှည်ဖွယ်ရှိပါသဖြင့် လိုအပ် သလိုထိရောက်စွာအရေးယူပေး စေချင်ပါသည်ဆြာဒင်ရှင့်’’
(၃)
ဤသူငယ်မကား အပြော အဆိုချက်ချာပေစွ။ အမည်နာမကား မရွှေတုတ်ဟုတွင်၏။ မင်း ဘေးစိုးဘေးကိုမကြောက်ရွံ့ ယောင်တကား။ ခင်ပွန်းဖြစ်သူ ဥပဓိရုပ်စုတ်ချာချာငနဲကမူ ယောင် တီးယောင်အနှင့် ကလေးငယ်၏ နှပ်ချေးဖတ်တို့ကို အလုပ်မရှိ အလုပ်ရှာ ညင်သာစွာခွာလျက်ရှိ ၏။ ဆြာဒင်သည်ဒုသမ္မတဟူသော အမည်နာမကိုကြားရကာစပင် လျှင် ဒူးတဆတ်ဆတ်တုန်လျက်ရှိသည့်ကြားမှ မရဲဘဲကျွဲပြဲစီးပြီဖြစ်၍ ပေါက်သည့်နဖူးမထူးတော့ ပြီမို့ ရှိစုမဲ့စုနတ်မောက်ရွှေပင် ဇာတိသွေးကို ဇွန်းခြစ်ခြစ်ကာ မာန်ပါပါဖြင့်အောက်ပါအတိုင်း မြွက် ဟစကားဆိုလေ၏။
‘‘သူငယ်မ၊ ကောင်းလှပေ ပြီ။ ကျွန်သက်ရှည်မည့်အရေးမှာ တွေးထိုက်လှပေသည်။ ခုံသမာဓိ မင်းတို့မည်သည် ငွေကြေး၊ သြဇာအာဏာတို့ကို ထိတ်လန့်တုန်လှုပ် ခြင်းကင်းလျက် မှန်ရာကိုဖြောင့် မတ်စွာ ဆုံးဖြတ်ရာသည်ချည်းဖြစ် ၍ အဂတိတရားလေးပါးတို့မှ ကင်းစေရာ၏။ အဆိုပါအရေး ကိစ္စတွင် ထိုပုဂ္ဂိုလ်သည် မည် သည့်အတွက်ကြောင့် ဤသို့အာ ချောင်ရကြောင်း ဆြာဒင်သိသော် ငြား အများပြည်သူထင်သာမြင် သာရှိရန်အလို့ငှာ တပည့်ကျော် လေမင်းသား ၊ကပ္ပလီနှင့်ဖေကြည် ခေါ်အာရုံတို့ကို စနည်းနာရန် အလို့ငှာ အချင်းဖြစ်ဇာတိမြေသို့ ယခုပင်စေလွှတ်ပေအံ့။ နောက်လေးဆယ့်ရှစ်နာရီအကြာတွင် တရားလိုသူငယ်မနှင့်တကွ မင်းပရိသတ်တို့သည် ဆြာဒင်၏အိမ်ဂေဟာတွင် စုရုံးကြကုန်လော့’’
ထိုသို့လျှင် ဆြာဒင်သည် အခင်းဖြစ်အမှုတွင် ပြစ်မှုကျူးလွန်သည်ဟု သံသယဖြစ်၊ စွပ်စွဲ ခြင်းခံရသူဒုသမ္မတစံမြန်းရာ နေပြည်တော်သို့ တပည့်ကျော်တို့ အား တစ်ဦးလျှင်ထိုင်းဘတ်နှစ် ထောင်၊ ဗမာငွေအားဖြင့် ကျပ် ခြောက်သောင်းစီထုတ်ပေးလျက် ဖူးခက်မှသည် ရနောင်း၊ ထိုမှရေ လမ်းခရီးဖြင့် ကော့သောင်းမြို့သို့ ကူးဖြတ်စေလျက် နေပြည်တော် သို့ကုန်းလမ်းခရီးပြင်းနှင်စေရန် ညွှန်ကြားစေလွှတ်လေသည်။
ထိုမှ နှစ်ရက်ကာလပြည့် မြောက်သည့်နေ့တွင် တပည့် ကျော်သုံးဦး ဘေးမသီရန်မခပြန် လည်ရောက်ရှိလာကြရာ ဆြာဒင် သည် အိမ်တော်တွင်အသင့် ရောက်ရှိနေကြသည့် တရားလို မရွှေတုတ်နှင့် ဆြာဒင်၏တရားစီ ရင်ခန်းသတင်းအစအနကို ကြား သိကြလေသည့် အနီးအဝေးမှ ဧည့်ပရိသတ်များရှေ့မှောက်တွင် တပည့်ကျော်တို့ စနည်းနာသိရှိ မှတ်သားလာသမျှအကြောင်းခြင်း ရာအပြည့်အစုံကို မခြွင်းမချန်ဖွင့် ဟပြောဆိုစေတော့၏။
(၄)
တပည့်ကျော်သုံးဦးသား အနက် ကိုယ်တိုင်ကိုယ်ကျကြုံလာရသည့်အဖြစ်သနစ်ကို ဦးစွာ ဖွင့်ဟသူမှာ ကပ္ပလီငယ်ဖြစ်ချေသည်။
‘‘ဆြာဒင်ခင်ဗျာ၊ အဆိုပါ ဒုသမ္မတကြီးမှာ ရေတပ်ထွက် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဟုဆို ပါ၏။ ကာလပေါက်ဈေးသိန်းငါး ရာဝန်းကျင်တန်သည်ဟု ကျွန် တော်မျိုးရမ်းသန်းခန့်မှန်းသည့် အကောင်းစားကားကြီးဖြင့် ရုံး တက်ပါသည်။ ဒုသမ္မတကြီးသည် မာန်မာနရှိဟန်မတူ။ လမ်းဘေး မုန့်ဟင်းခါးဆိုင်တွင် ပြည်သူတို့ နှင့် လက်ရည်တစ်ပြင်တည်း အီ ကြာကွေးအပါအဝင် အကြော်နှင့် နှစ်ပွဲစားသည်ကို တွေ့မြင်ခဲ့ရပါ သည်။ ရှယ်ပေါ့ဆိမ့်လက်ဖက် ရည်တစ်ခွက်ကိုလည်းသောက်ပါ ၏။ အဆိုပါမုန့်ဟင်းခါးဖိုးနှင့် လက်ဖက်ရည်ဖိုးကျသင့်ငွေမှာ ကျပ်နှစ်ထောင်တိတိဖြစ်ပြီး ထိုဆိုင်တွင်အသင့်ရှိနေသည့် ကြေးရတတ်တစ်ဦးက စေတနာအလျောက်ကြားဝင်၍ဒကာခံသည်ကိုတွေ့မြင်ရပါ၏’’
ဆြာဒင်၏ရုံးတော်ရှေ့တွင် ၎င်း၏အတွေ့အကြုံကို လွတ်လပ်သောမိမိဆန္ဒအလျောက် ဖွင့်ဆို သောဒုတိယပုဂ္ဂိုလ်မှာ ဖေကြည် ခေါ် အာရုံဖြစ်၏။
‘‘ဆြာဒင်၊ ဒုသမ္မတကြီးကား နံနက်စာကို အိမ်တွင်စား၍နေ့ လယ်စာကို ရုံးတွင်သုံးဆောင်ပါ ၏။ ပါစကဝမ်းမီးတောက်၍အစာ ကြေရန်အလို့ငှာ ဝိုင်အနီကိုအသား နှင့်လည်းကောင်း၊ ဝိုင်အဖြူကို ငါးအစရှိသောပင်လယ်စာနှင့်လည်းကောင်း ရံဖန်ရံခါသုံးဆောင်ပါ၏။ နိုင်ငံတကာအဆင့်မီဝိုင်တစ်လုံး ၏တန်ဖိုးမှာ ဗမာငွေဖြင့်တွက် ချက်လျှင် ကျပ်နှစ်သိန်းဝန်းကျင် ဖြစ်ပါ၏။ အဆိုပါစရိတ်အတွက် ကျခံသည့်ငွေစာရင်းခေါင်းစဉ်မှာ နိုင်ငံတော်ဧည့်ခံစရိတ်မှ ဖြစ်ပါသည်။ ဒုသမ္မတကြီးသည် လွန်စွာသနားညှာတာစိတ်ရှိသူဖြစ်ပြီးသမ္မတရုံးဝန်ထမ်းအသီးသီးအားမောင်တို့ကြိုက်သလိုသုံးပါလေဟူသောမိန့်မှာစကားကိုဆိုရင်းတစ်ဦးလျှင်ကျပ်တစ်ရာတန် တစ်ရွက်နှုန်း မကြာခဏ စေတနာဗရပွဖြင့် စွန့်ကြဲပေးကမ်းသည်ဟု လည်း ကြားသိရပါ၏’’
၎င်းနောက် တတိယမြောက် ပုဂ္ဂိုလ်လေမင်းသားသည် သူ၏ အတွေ့အကြုံကို ဆက်လက်တင် ပြဖွင့်ဟပြန်ပါသည်။
‘‘ဆြာခင်ဗျာ၊ ခရီးစဉ်၏ နောက်ဆုံးညတွင် တပည့်ကြီး သည် ဒုသမ္မတ၏အိမ်တော်တွင်း တိုင် အမှတ်မထင်ရောက်ရှိသွား ခဲ့ရာ အိမ်တော်၏အိပ်ခန်းတွင်းမှ ဒုသမ္မတကတော်၏မာန်မဲ ပြစ်တင်သံကို နားဖြင့် ဆတ်ဆတ်ကြားခဲ့ရပါသည်။ ရှင်မသိတဲ့ကိစ္စကို မသိ သလိုနေ၊ တောင်ပြောမြောက် ပြော အာမချောင်နဲ့ ကြက်သွန်၊ ငရုတ်သီးနဲ့ အာလူးမကျန် ဈေး တွေတက်နေပြီ။ တစ်ကျပ်မှာ ဘယ်နှပြားရှိတယ်ဆိုတာမသိဘဲ လူအမြင်ကတ်အောင်မလုပ်နဲ့ဘာမှမပြောဘဲနေရင်အကောင်း ဆုံး။ အခုကိစ္စမှာ ကိုရဲထွဋ်ကယ် လို့ ရှင်သက်သာတယ်မှတ်။ နောက်တစ်ခါ လူရှေ့သွားရင် ကျုပ်ကိုယ်တိုင်ရှင့်ပါးစပ်ကို ပလတ်စတာကပ်ပေးလိုက်မယ်ဟူ၍ဖြစ်ပါသည်’’
တပည့်ကျော်တို့၏ ဖွင့်ဟ ပြောဆိုချက်အသီးသီး ဆုံးခန်း တိုင်သည်နှင့် တရားလိုမရွှေတုတ် သည် ဖျတ်ခနဲ မတ်တတ်ရပ်ကာ . . .
‘‘တော်ပြီ တော်ပြီဆြာဒင်၊ ကျွန်တော်မျိုးမနားလည်ပါပြီ။ လက်စသတ်တော့ သူ့ခမျာ ငွေ ရေးကြေးရေးကို ကလေးသာသာ လောက်ပဲသိသေးတာကိုး။ ဗွေယူ မိရင် ကျွန်မသာအရူးဖြစ်တော့ မပေါ့။ သူဘာပြောပြော ကျွန်မ တို့က လုပ်အားကိုရောင်းတာပဲ။ အလုပ်ရှင်နဲ့ညှိနှိုင်းဖို့သာအဓိက ပါ။ တရားတပေါင်တွေ မဖြစ်ချင်တော့ပါဘူး။ သူစိတ်ချမ်းသာမယ်ထင်တာပြောပါစေလေ။သူလည်း အိမ်ကကိုကြွက်နီနဲ့ဘာထူးလို့ တုံး’’
ဤတွင် ကြွရောက်နား ထောင်နေကြသည့် ပရိသတ်တို့ ထံမှ ကျွက်ကျွက်ညံသောထောက် ခံဆွေးနွေးသံတို့သည် နေရာအနှံ့ မှ ထွက်ပေါ်လာပြန်၏။
‘‘ဟုတ်တယ်ဟ။ ရွှေတုတ်ရ။ဇာတ်သမား၊ ကလေးနဲ့ အရူး တွေပြောရင် မှန်တတ်တယ်။ အကောင်းဘက်ကစဉ်းစားရင် သူ့ စကားဟာ ဗမာငွေတန်ဖိုးတက် မယ့်သဘော’’
‘‘ဇမ္ဗူဒီပါလက်ျာတောင် ကျွန်း၊ သြဘာနိမိတ်ထွန်းသတဲ့၊ မင်္ဂလာလို့မှတ်ကြဟေ့’’
‘‘အေးဟ၊ ငါတို့ဒုသမ္မတအူ မြူးရင် တိုင်းပြည်အေးချမ်းမယ့်သဘောပဲ’’
‘‘ဘာမှမသိလို့ပြောမိတာ အပြစ်လို့မဆိုနိုင်ပါဘူး’’
‘‘သူ့မိန်းမကြိမ်းထားပြီဆို တော့ နောက်တစ်ခါမပြောရဲ လောက်တော့ပါဘူး’’
ထိုခဏ၌ ဆြာဒင်၏ပညာ ဉာဏ်ကို ကောင်းချီးပေးလေဟန် ရှိသည်ထင့်။ဆြာဒင့်အိမ်မှကြောင် အရွယ်မျိုးစုံသည် တညောင်ညောင် အသံဖြင့် ဆူညံစွာအာခေါင်ခြစ် အော်ဟစ်မြည်ကြွေးကြရုံမျှမက အိမ်အနောက်တောအုပ်မှ လေ ပြင်းတစ်ချက်တိုက်လာပြန်ရာ အော်ဂလီဆန်စရာကြောင်ချေးနံ့ တသင်းသင်းသည် ဆြာဒင်၏ အိမ်တွင်းသို့ပါ ထုံသင်းကြိုင်လှိုင်နေ လေတော့၏။ တရားရုံးစရိတ်ကို ဆြာဒင်၏ ရှိစုမဲ့စုချွေးနှဲစာဖြင့်ကျခံစေလျက် အဆိုပါအမှုသည် နှစ်ဖက်ကျေလည်ငြိမ်းအေးမှုရ ပြီးသကာလ ပြီးဆုံးခြင်းသို့ရောက်ခဲ့လေပြီ။ သြဘာလက်ခုပ်သံများနှင့်အတူ လက်ခေါက်မှုတ်သံတရွှီရွှီအပြင် ဝမ်းစမိုးသံသော သောညံလေသတည်း။
ဤသို့လျှင် ဆြာဒင်၏ကျပ် နှစ်ထောင်တန်အာချောင်မှုတရား စီရင်ခန်းအဆုံးတွင်လည်း ဆြာ ဒင်၏ ပညာဉာဏ်ဂုဏ်သတင်း သည် တပည့်ကျော်များနှင့် ရပ် ဝေးရပ်နီးမှပရိသတ်မင်းတို့ အလယ်၌ ထင်ပေါ်ကျော်စောခြင်းသည် နောက်ထပ်တစ်ကြိမ်ဖြစ် ပြန်လေသတည်း။
(ဖော်ပြပါ သရော်စာသည် စာရေးသူ မင်းဒင်၏ အာဘော်သာဖြစ်သည်)
မင်းဒင်
Aye Chan Mon Credit To:http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
+25-5-2014+Mon.jpg)
Post a Comment