0

စနေနေ့ ညပိုင်းတွင် စပိန်လာလီဂါနောက်ဆုံးပွဲစဉ် တစ်ပွဲအဖြစ် ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီး သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အက်သလက်တီကိုက လာလီဂါဆုဖလားကို ဆွတ်ခူးရရှိသွားပြီ ဖြစ်သည်။ အဆိုပါ အသင်းနှစ်သင်းမှာ ပွဲစဉ် ၃၇ ကစားအပြီးတွင် အက်သလက်တီကိုက ရမှတ် ၈၉ မှတ်ဖြင့် အဆင့် ၁၊ ဘာစီလိုနာက ရမှတ် ၈၆ မှတ်ဖြင့် ရပ်တည်နေခဲ့သည်။ ထို့ကြောင့် ပွဲစဉ် ၃၈ တွင် ဘာစီလိုနာ အနိုင်ရရှိခဲ့ပါက ရမှတ်တူညီသွားမည်ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှု နှိုင်းယှဉ်ချက်အရ လာလီဂါဆုဖလားကို ဘာစီလိုနာက ဆွတ်ခူးနိုင်မည်ဖြစ်သည်။

(ချေပဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ဂေါ့ဒင်)
ဆုဖလားအတွက် ဗိုလ်လုပွဲကဲ့သို့ အရေးပါလှသည့် ပွဲစဉ်တွင် အက်သလက်တီကို အသင်းမှ အဓိက ကစားသမားနှစ်ဦးဖြစ်သည့် ဒီယေဂို ကော်စတာနှင့် တူရင်တို့မှာ ဒဏ်ကြောင့် ပထမပိုင်းမှာပင် လူစားလဲခဲ့ရသည်။ ပွဲကစားချိန် ၃၃ မိနစ်၌ မက်ဆီ၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဆန်ချက်ဇ်က ဘာစီလိုနာအတွက် အဖွင့်ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပထမပိုင်းပွဲကစားချိန်အပြီးတွင် ဘာစီလိုနာက ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး လာလီဂါဆုဖလား ဆွတ်ခူးနိုင်ရန် အသာစီးရနေခဲ့သည်။ သို့သော် ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၄၉ မိနစ်တွင် အက်သလက်တီကိ ကစားသမား ဂေါ့ဒင်က အသင်းအတွက် အလွန်အရေးပါသည့် ချေပဂိုးကို သွင်းယူခဲ့သည်။

(အက်သလက်တီကိုအသင်းကို လာလီဂါဆုဖလား ဆွတ်ခူးနိုင်စေခဲ့သည့် ဂေါ့ဒင်၏ ခေါင်းတိုက်သွင်းဂိုး)
ထို့နောက် ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးသည်အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိဘဲ အက်သလက်တီကိုက အမှတ်ပေးဇယားတွင် ရမှတ် ၉၀ ဖြင့် ယခုနှစ် ဘောလုံးရာသီ စပိန်လာလီဂါဆုဖလားကို ဆွတ်ခူးသွားသည်။ အက်သလက်တီကို မက်ဒရစ်သည် ၁၉၉၅-၁၉၉၆ ခုနှစ် ဘောလုံးရာသီနောက်ပိုင်း စပိန်လာလီဂါဆုဖလားကို ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။ အက်သလက်တီကိုသည် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်တွင်လည်း ဗိုလ်လုပွဲစဉ်အဖြစ် လာမည့် မေလ ၂၅ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁း၁၅ တွင် ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Planet Myanmar Network

Post a Comment

 
Top