အင်္ဂလန် အက်ဖ်အေဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အာဆင်နယ်နှင့် ဟူးလ်စီးတီး အသင်းတို့ စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်က အချိန်ပို ပွဲကစားချိန် ဒုတိယပိုင်းတွင် ရမ်ဆေး သွင်းယူသည့် ဂိုးဖြင့် အနိုင်ရရှိကာ ၈ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီး အက်ဖ်အေဆုဖလားကို ဆွတ်ခူးသွားပြီဖြစ်သည်။ အာဆင်နယ်နှင့် ဟူးလ်စီးတီးတို့၏ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်တွင် ပွဲစတင်၍ မကြာမီ ၄ မိနစ်၌ပင် ဟူးလ်စီတီးက အဖွင့်ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထောင့်ကန်ဘောမှတစ်ဆင့် ရရှိလာသည့် ဘောလုံးကို ချက်စတာက ကန်သွင်းယူခဲ့ပြီး ဟူးလ်စီးတီးတို့ ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် မကြာမီမှပင် ပွဲကစားချိန် ၈ မိနစ်တွင် ဟူးလ်စီးတီး ကစားသမား ဒါဗီးစ်က အသင်းအတွက် ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပြီး ၂ ဂိုးအသာဖြင့် ဟူးလ်စီးတီးက ဦးဆောင်နေခဲ့သည်။ သို့သော် ပွဲကစားချိန် ၁၇ မိနစ်တွင် အာဆင်နယ်အတွက် ချေပဂိုးကို ကာဇိုလာက သွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲပြီးဆုံးချိန်တွင် ၂-၁ ဂိုးဖြင့် ဟူးလ်စီးတီးက ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်းကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် မိနစ် ၇၀ အထိ ၂-၁ ဂိုးဖြင့် ဟူးလ်စီးတီးက အနိုင်ရရှိနေခဲ့သည်။
သို့သော် ပွဲကစားချိန် ၇၁ မိနစ်တွင် အာဆင်နယ်အတွက် အရေးပါသည့် ချေပဂိုးကို ကိုစီယာနီက သွင်းယူခဲ့ပြီး ၂-၂ ဂိုး သရေရလဒ်ဖြစ်ခဲ့သည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ သရေရလဒ်ဖြင့်သာ သာမန်ပွဲကစားချိန် ပွဲပြီးဆုံးခဲ့သည်။ သရေရလဒ်ဖြစ်နေသောကြောင့် အချိန်ပို မိနစ် ၃၀ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း ၁၅ မိနစ်အပြီးတွင်လည်း ၂-၂ ဂိုးဖြင့် အနိုင်အရှုံးမပေါ်ခဲ့ချေ။ အချိန်ပို ဒုတိယပိုင်း ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၁၀၉ မိနစ်တွင်မူ အာဆင်နယ်အတွက် အက်ဖ်အေဆုဖလား ဆွတ်ခူးနိုင်ခဲ့သည် အရေးပါလှသော အနိုင်ဂိုးကို ရမ်ဆေးက သွင်းယူခဲ့ပြီး ၈ နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို အာဆင်နယ်တို့ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။
Planet Myanmar Network
Post a Comment