0

Written by မိုးသု (မန္တလေး)

ဒီရက်ပိုင်းအတွင်းထုတ် ပုဂ္ဂလိက သတင်းစာများ၊ ဂျာနယ်များသာမက အင်တာနက် လူမှုကွန်ရက် ဖြစ်တဲ့ Facebook မှာပါ ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ် ရှိပါတယ်။ အဲဒါကတော့ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများ ရွေးကောက်ပွဲများ ကျင်းပတဲ့အခါ မဲပေးပိုင်ခွင့် ရရှိအောင် သမ္မတဆီ တောင်းဆိုမယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

ဒီသတင်းကို ဖတ်ရှုလိုက်ရတဲ့အခါမှာ မျိုးစောင့်ဥပဒေကိစ္စ အတွက်ကိုတောင်မှ ကွဲလို့ပြဲလို့ မပြီးသေးဘူး။ အခု ပါတီနိုင်ငံရေး မဲပေးခွင့်ကိစ္စပါ ထပ်တိုးလာရင်တော့ အထက်ကွဲ အောက်ကွဲ ဆက်ပြီး ကွဲကြောင်းရှည်ကာ ပြန်ပြီး ဆက်စပ်လို့တောင် ရနိုင်ပါဦးမလားလို့ တွေးမိပါတယ်။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများ နိုင်ငံရေး မဲပေးခွင့် အရေးကိစ္စနဲ့ ပတ်သက်ပြီး ရှေးသူတော်ကောင်း ပညာရှိ မထေရ်မြတ်ကြီးတွေရဲ့ သဘောထားများကို ပြောပြပေးချင်ပါတယ်။

၁၂၈၁ ခုနှစ်လောက်က ဟုမ်းမရူးကိစ္စ အတွက် မြန်မာတစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်နေတဲ့ အခါကာလ ဖြစ်ပါတယ်။ ထိုကိစ္စအတွက် ရဟန်းသံဃာတော်များကပါ နိုင်ငံရေးလှုပ်ရှားကြပြီး နိုင်ငံရေးကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်အတွက် “သံဃသာမဂ္ဂီ” ဖွဲ့ကြပါတယ်။ ထိုသံဃသာမဂ္ဂီ အသင်းထဲကို ရွှေကျင်ဂိုဏ်းခေါင်းဆောင် ရွှေကျင်ဂိုဏ်းမျက်နှာဖုံး ရွှေကျင်ဂိုဏ်းဝင် ရဟန်းများလည်း ပါဝင် လှုပ်ရှားကြပါတယ်။

ထိုအချိန်အခါ ကာလတုန်းက အမရပူရ မဟာဂန္ဓာရုံဆရာတော်၊ သပြေကန်ဆရာတော်၊ မဟာစည်ဆရာတော် စတဲ့ ဆရာတော်ကြီးများရဲ့ ဆရာရင်းချာ ဖြစ်တော်မူပြီး မြန်မာနိုင်ငံမှာ ပါဠိသက္ကတ အတတ်ကျွမ်းဆုံးလို့ ဆရာပါရဂူက မှတ်ချက်ပြုထားတဲ့ သီလ၊ သမာဓိ၊ သိက္ခာ အလွန် အင်မတန် ကြီးမားတော်မူသော အဘိဓာန်နိဿယသစ် ကျမ်းပြု မန္တလေးမြို့ စိန်ပန်းရပ် အဘယာရာမ ဆရာတော်ဘုရားကြီး အရှင်အဂ္ဂဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) မထေရ်မြတ်က ရွှေကျင်ဂိုဏ်းဝင် ရဟန်းသာမဏေများ နိုင်ငံရေးကိစ္စ ပြုလုပ်နေတဲ့ သံဃသာမဂ္ဂီ အသင်းမှာ ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် တားမြစ်ပေးတော်မူပါလို့ ရွှေကျင်သာသနာပိုင် ဒီပဲယင်း ဆရာတော်ဘုရားကြီးထံကို အချက်သုံးချက် တင်ပြကာ ရွှေကျင်ဂိုဏ်းမှ ရဟန်းသာမဏေများ နိုင်ငံရေးကိစ္စရပ်များ ပြုလုပ် ဆောင်ရွက်ရန်အတွက် ဖွဲ့စည်း တည်ထောင်ထားသော သံဃသာမဂ္ဂီအဖွဲ့သို့ မပါဝင်ကြစေရန် အမိန့်ထုတ် တားမြစ်ပေးဖို့အတွက် တောင်းဆိုခဲ့ဖူးပါတယ်။

၁။ ရွှေကျင်ဂိုဏ်းသားတို့သည် မိမိတို့ကိုယ်တိုင်က သံဃသာမဂ္ဂီ ဖြစ်ပြီးဖြစ်၍ ခေတ်ပေါ် သံဃသာမဂ္ဂီထဲသို့ ပါဝင်ခြင်း မပြုရန်။ (ညီညွတ်သော ရဟန်းတော်များကို ပါဠိလို သံဃသာမဂ္ဂီလို့ ခေါ်ပါတယ်။)
၂။ အခြား သံဃသာမဂ္ဂီ အဖွဲ့ဝင်တို့က ၎င်းတို့နှင့် ပူးတွဲဆောင်ရွက်ရန် ပြောဆိုလာခဲ့သော် ဝိနည်းနှင့် မဆန့်ကျင်သော အရာများဖြစ်က ဆန္ဒပေးရုံမှတစ်ပါး ကာယကံမြောက် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်။ (သဘောတူတာကို ဆန္ဒပေးတယ်လို့ ဆိုလိုပါတယ်။)
၃။ ဝိနည်းနှင့် ဆန့်ကျင်သော အရာဖြစ်နေပါစေမူ ယင်းနိုင်ငံရေး ကိစ္စများ၌ ပါဝင်ကန့်ကွက်ခြင်း မပြုရန်ဆို။

အထက်ပါ အချက်သုံးချက်ကို ရွှေကျင်သာသနာပိုင် ဒီပဲယင်း ဆရာတော်ဘုရားကြီးထံသို့ အဘယာရာမ ဆရာတော်ကြီးက ရေးသား တင်ပြခဲ့တာ ဖြစ်ပါတယ်။ ထိုအချက်သုံးချက်မှာ နံပါတ်သုံးအချက်ကို အနည်းငယ် ရှင်းပြလိုပါတယ်။ နိုင်ငံရေးကိစ္စကို လုပ်ဆောင်နေတဲ့ ရဟန်းတွေရဲ့ လုပ်ရပ်တွေဟာ ဝိနည်းတော်နဲ့ မညီမညွတ်ဖြစ်ပြီး ဆန့်ကျင်နေတာကို မြင်တွေ့ကြားသိနေတယ် ဆိုရင်တောင်မှ “မင်းဒီလိုတွေ လုပ်နေတာ ဝိနည်းနဲ့ မညီဘူး။ ရဟန်းကျင့်ဝတ်နဲ့ မညီဘူးဟေ့။ ဒါကြောင့် အဲဒီလို မလုပ်နဲ့ကွာ” စသဖြင့် ဝင်မတားနဲ့လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဘာကြောင့် မတားမြစ်နဲ့လို့ ပြောပြရတာလဲ ဆိုတော့ နိုင်ငံရေးကိစ္စနဲ့ နည်းနည်းလေးမှ မပတ်သက်စေချင်တာ ကြောင့်ပါ။ နောက်ပြီး ဂိုဏ်းအပေါ်ကို ရန်ငြိုးဖွဲ့မှာကို ကြိုတင်တွေးမိပြီး မတားခိုင်းတာလည်း ဖြစ်နိုင်ပါတယ်။

၁၂၈၃ ခုနှစ် တန်ဆောင်မုန်းလမှာ ရွှေကျင်သာသနာပိုင် ဒီပဲယင်း ဆရာတော်ဘုရားကြီးက အဘယာရာမ ဆရာတော်ရဲ့ တင်ပြချက်ကို လက်ခံတော်မူပြီး ရွှေကျင်ဂိုဏ်း ရဟန်းသာမဏေများ နိုင်ငံရေးမလုပ်ဖို့ တားမြစ်မိန့် ထုတ်ပြန်တော်မူခဲ့ပါတယ်။

ဒုတိယ ရွှေကျင်သာသနာပိုင် ကျေးဇူးတော်ရှင် ဘာသာဋီကာ ကျမ်းပြုအကျော် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးကတော့ သူရဲ့ ကိုယ်တိုင်ရေး ထေရုပ္ပတ္တိဖြစ်တဲ့ တစ်ဘဝ သံသရာစာအုပ် စာမျက်နှာ ၃၃၄ နဲ့ ၃၃၅မှာ “တပည့်တော်က သာသနာရေးစိတ်နဲ့ချည်း ကြိုးစားတာ မဟုတ်ပါဘူး။ နိုင်ငံရေးစိတ် နဲ့လည်း ကြိုးစားတာပါ။ ဒါပေမဲ့ “နိုင်ငံရေးကိစ္စ၌ ဘုန်းကြီးများ တိုက်ရိုက်မပါထိုက်” လို့လည်း ယူဆပါတယ်။ လွတ်လပ်ရေး မရခင်တုန်းက အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ တွဲနေဖို့-ခွဲနေဖို့ ဝါဒနှစ်မျိုး ကွဲခဲ့ပါတယ်။ အမြော်အမြင်ကျယ်တဲ့ ခေါင်းဆောင်တစ်စုက ခွဲဖို့နဲ့ အခြားတစ်စုကို တွဲဖို့ကို မူထားပြီး ရွေးကောက်ပွဲ လုပ်ကြတဲ့အခါ အတွဲသမားတွေက ကျေးရွာဘုန်းတော်ကြီးတွေကို ကပ်ထားကြလို့ ဘုန်းကြီးသြဇာများတဲ့ ကျေးရွာသားတွေက အတွဲဘက် မဲပေးလိုက်ကြတဲ့အတွက် အခွဲသမားတွေ ခွက်ခွက်လန်အောင် ရှုံးခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံရေးမှာ ဘုန်းကြီးတွေ မပါမှ ကောင်းပါတယ်။ သာသနာက ဒီလို ရွေးကောက်ပွဲတွေမှာ ပါကောင်းတဲ့ သာသနာမျိုး မဟုတ်ပါဘူး။ ဘီလူးစည်း လူ့စည်း ခွဲထားသလို ကိုယ့်စည်းနဲ့ကိုယ် ဣနြေ္ဒရရနေရမယ့် သာသနာပါ” လို့ ရေးသားတော်မူခဲ့ပါတယ်။

၁၃-၇-၁၉၉၁ ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ပဲခူးမြို့မ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒာစာရမထေရ်မြတ်နဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူတဲ့ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ မထေရ်မြတ် နှစ်ပါးတို့က လက်မှတ် ရေးထိုးတော်မူပြီး သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများ ပါတီနိုင်ငံရေးကိစ္စများ ပါဝင် လုပ်ဆောင်ခြင်း မပြုကြစေရန်အတွက် ညွှန်ကြားလွှာအမှတ် (၈၃) နဲ့ ထုတ်ပြန် တားမြစ်ခဲ့ဖူးပါတယ်။ ထိုညွှန်ကြားလွှာ အပြည့်အစုံကို ဖော်ပြပေးပါဦးမယ်။

ညွှန်ကြားလွှာ အမှတ် (၈၃)
သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများသည် ပါတီနိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ညွန်ကြားခြင်း။

၁။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း၌ ထေရဝါဒဂိုဏ်းဝင် သံဃာပေါင်း သုံးသိန်းကျော် နေထိုင် သီတင်းသုံးလျက် ရှိပါသည်။ ယင်းထေရဝါဒ ဂိုဏ်းဝင် သံဃာအပေါင်းသည် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး မူအရ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီး ကျင်းပပြီးနောက် သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းဖြင့် သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်း၍ သာသနာရေး တာဝန်များကို ဆောင်ရွက်လျက် ရှိပါသည်။

၂။ ထေရဝါဒ သံဃာဂိုဏ်းဝင် သမ္မုတိသံဃာတို့သည် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဦးတည်၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့၏ ကိစ္စဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးလုံးကိုသော် လည်းကောင်း၊ တစ်ပါးပါးကိုသော် လည်းကောင်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ပါတီနိုင်ငံရေးများ၌ ပါဝင်ဆောင်ရွက်ခြင်းကို ရှောင်ကြဉ် ကြရမည် ဖြစ်ပါသည်။

၃။ အကယ်၍ ရဟန်းသာမဏေများ ပါတီနိုင်ငံရေးများ၌ ပါဝင်ဆောင်ရွက်ပါက နိုင်ငံရေးပါတီများသည် ရဟန်းသာမဏေများထံ ချဉ်းကပ်၍ ဆရာမွေးကြပေလိမ့်မည်။ ထိုအခါ ရဟန်းသာမဏေများသည် မိမိနှစ်သက်ရာပါတီ အနိုင်ရရှိရေးကို ဆောင်ရွက်ကြရ၊ ဟောပြောကြရသဖြင့် ဘုရားရှင်၏ ဓုရနှစ်ဖြာကို အားမထုတ်နိုင်တော့ဘဲ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ကို ထိခိုက်လာမည့်အပြင် ရဟန်းသာမဏေ အချင်းချင်း စိတ်ဝမ်းကွဲပြားကာ ခဲခဲယဉ်းယဉ်း တည်ဆောက်ထားရသော ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်တို့ ဧကန် ပျက်စီးကြရပေလိမ့်မည်။
ရှေးယခင် အင်္ဂလိပ် အုပ်စိုးစဉ်အခါက ဝံသာနု၊ ဒိုင်အာခီ စသည် ကွဲပြားကြရာ ရဟန်းတော်များ ပါတီနိုင်ငံရေး၌ ပါဝင်ဆောင်ရွက်ကြသဖြင့် ဝံသာနုဘုန်းကြီး၊ ဒိုင်အာခီဘုန်းကြီး စသည်တို့ စိတ်ဝမ်းကွဲကာ ကံကြီး ကံငယ် အတူမဆောင်နိုင်၊ သံဃာစင်အတူ မတက်နိုင်သည်အထိ အချင်းချင်း ကွဲပြားခဲ့ဖူးပါသည်။

၎။ မြန်မာနိုင်ငံတော်၌ ရှေးအခါက တစ်ကြိမ်တစ်ခါမျှ မရခဲ့ဖူးသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီးကို ရရှိ၍ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းကာ “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသော မူအရ သာသနာ့ကိစ္စ အဝဝကို သံဃာတော်များကိုယ်တိုင် ဆောင်ရွက်ခွင့်ရသဖြင့် သာသနာတော်၌ အဓမ္မဝါဒများကို နှိမ်နင်းနိုင်ခြင်း စသော အကျိုးတရား များစွာ ဖြစ်ထွန်းခဲ့ပါသည်။ သို့ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီးကို မပြိုကွဲရန် ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်သည် ရဟန်းသာမဏေတိုင်း၏ တာဝန်ဖြစ်သည်။ ဤတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ကြသဖြင့် သံဃာ့ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်းများ ပျက်စီးသွားပါက နောင်တစ်ဖန် ဤအခွင့်အရေးမျိုး ရရှိရန် မျှော်မှန်း၍ ရနိုင်တော့မည် မဟုတ်ပါ။

၅။ ပါတီနိုင်ငံရေးဟူသည် လူဝတ်ကြောင် လူပုဂ္ဂိုလ်တို့၏ ကိစ္စတာဝန်သာ ဖြစ်ပါသည်။ ရဟန်းသာမဏေများ သည်ကား မည်သည့် ပါတီကပင် အစိုးရအဖြစ် တက်ရောက်လာသည် ဖြစ်စေ၊ ထိုတက်ရောက်လာသော အစိုးရ၏ တရားနှင့်အညီ ပေးအပ်သော အာဏာစက် အကူအညီ အထောက်အပံ့ကို ရယူ၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကို စောင့်ရှောက် ထိန်းသိမ်းသွားရမည်သာ ဖြစ်ပါသည်။

၆။ သို့ဖြစ်ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း၌ သီတင်းသုံး နေထိုင်ကြသော ထေရဝါဒ သံဃာ့ဂိုဏ်းဝင် ရဟန်းသာမဏေ တို့သည် ပါတီနိုင်ငံရေးများ၌ ကိုယ်တိုင်ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအား တိုက်တွန်းခြင်းများမှ ရှောင်ရှားကြရန် ညွှန်ကြားလိုက်ပါသည်။ ဤကဲ့သို့ ညွှန်ကြားလွှာ ထုတ်ပြန်တော်မူခဲ့ကြပါတယ်။ (ညွှန်ကြားလွှာများ နှာ-၃၈၂)

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော်ဘုရားရဲ့ ဆရာရင်း ဖြစ်တော်မူ၍ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နန္ဒဝန်လမ်း ဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်ကို တည်ထောင်တော်မူခဲ့ပြီး မန္တလေးမြို့မှာ တစ်ခေတ်တစ်ခါတုန်းက စာပေအရည်အချင်းနဲ့ ပတ်သက်ပြီး တောင်ပြင်နဂါး မြောက်ပြင်ကျားလို့ ထင်ပေါ် ကျော်ကြားတော်မူခဲ့တဲ့ အဂ္ဂမဟာပဏ္ဍိတ အရှင်ဝါသဝါဘိဝံသ မထေရ်မြတ်ကြီးက ရဟန်းသာမဏေများ နိုင်ငံရေးကိစ္စထဲ ဝင်ပါနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောဆန္ဒကို ကိုယ်တော်တိုင် ကြားသိတော်မူခဲ့ရပြီး သဗ္ဗမင်္ဂလာဓမ္မဒေသနာဆိုတဲ့ ကျမ်းစာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောဆန္ဒကို မှတ်တမ်း တင်ထားတော်မူခဲ့ပါတယ်။ ကျမ်းစာအုပ်ရဲ့ စာမျက်နှာ (၉၆) မှာ အခုလို ဖော်ပြပါရှိပါတယ်။

ဤစာရေးသူ ဘုန်းကြီးသည် အစိုးရစာချတန်း (ဓမ္မာစရိယ) စာမေးပွဲ၌ ကျမ်းရင်း သုံးကျမ်းလုံးနှင့် ဂုဏ်ထူး သုံးကျမ်းတို့ကို ပူးတွဲ၍ တစ်နှစ်တည်း အောင်မြင်ခဲ့သည်။ ၁၃၀၃ ခုနှစ်၊ မြူနီစီပယ်တောင်းဟောကြီး (ယခု မြို့တော်ခန်းမ) ၌ စာချတန်း (ဓမ္မာစရိယ) ဘွဲ့နှင်းသဘင် ကျင်းပသောအခါ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ဖြစ်၍ ထိုဘွဲ့နှင်းသဘင်သို့ တစ်ဖွဲ့လုံး တက်ရောက်ကြသည်။

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/
1

Post a Comment

 
Top