(ဆောင်းပါးရှင် - သဲသီရိကျော်)
မြန်မာဆိုတာ ကမ္ဘာ့နိုင်ငံတွေ အားလုံးထဲမှာ လူမှုဆက်ဆံရေးအကောင်းဆုံး၊ ရင်းနှီးဖ်ာရွေမှုအရှိဆုံးနဲ့ အချင်းချင်းကူညီဖေးမတတ်တဲ့ နိုင်ငံတစ်နိုင်ငံရယ်လို့ ခေတ်အဆက်ဆက်ပြောစမှတ်ပြုရလောက်အောင် လူသားချင်းစာနာထောက်ထားတတ်တဲ့၊ သနားတတ်တဲ့ စိတ်တွေနဲ့ပြည့်ဝနေတဲ့ လူမျိုးပါ။
ဟိုတစ်နေ့က အစ်မတစ်ယောက်က အပြင်ကပြန်လာတဲ့အခါ သူစီးလာတဲ့ ကားပေါ်က အဖြစ်အပျက်ကို တုန်လှုပ်ချောက်ချားစွာနဲ့ ပြန်ပြောပြခဲ့ပါတယ်။ သူစီးလာတဲ့ ၃၉ ဘတ်စ်ကားပေါ်ကို လူလတ်ပိုင်းအရွယ် လူသုံးယောက် တက်လာပြီး ကားစပါယ်ယာ ကောင်လေးကို ယာဉ်စီးခ ဘယ်လောက်ပေးရမလဲ မေးပါတယ်။ ကောင်လေးက ယာဉ်စီးခပြောတဲ့အခါ ဒီနားနဲ့ဒီနားသွားတာ ဈေးအဲ့ဒီလောက်ဖြစ်ရမလားဆိုပြီး ပြဿနာရှာပါတယ်။ ကားစပယ်ယာကောင်လေးကလည်း စိတ်မရှည်တော့ဘဲ သူတို့ကားမှာကပ်ထားတဲ့ စာတွေကိုလက်ညှိုးထိုးပြီး “ဒီမှာ ဈေးနှုန်းတွေလည်း ကပ်ထားတယ်။ ခင်ဗျားတို့ စာမတတ်ဘူးလား” ဆိုပြီး ပြောလိုက်တဲ့အခါ အဲ့ဒီလူသုံးယောက်က စပယ်ယာကောင်လေးကို ၀ိုင်းပြီး ထိုးကြိတ်ကြပါတော့တယ်။နောက်ထပ် အကူပါလာတဲ့ စပယ်ယာနောက်တစ်ယောက်ကလည်း မီးပွိုင့်မှာ ကားရပ်ထားတဲ့အချိန် ဖြစ်တာကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ ကားပေါ်က ဆင်းပြေးသွားခဲ့ပါတယ်။ ကားဒရိုင်ဘာကလည်း ကားရပ်ပြီး သူ့စပယ်ယာကို ကူညီဖို့ ဆင်းလာပေမယ့်လည်း ဟိုလူသုံးယောက်က ကားခေါင်းခန်း က ၀က်အူလှည့်တွေကို အမြန်ယူပြီး ထိုးဖို့ လုပ်ပါတော့တယ်။ အဲ့ဒီချိန်မှာပဲ စပယ်ယာကောင်လေးက အမြန်ပြေးထွက်လာခဲ့ချိန်မှာတော့ အဲ့ဒီလူ သုံးယောက်စလုံးက စပယ်ယာ ကောင်လေးနောက်ကို အသည်းအသန် ပြေးလိုက်သွားတယ်လို့ အစ်မက ပြောပြပါတယ်။ ပြေးထွက်သွားတဲ့ စပါယ်ယာကောင်လေးကို သူတို့မိသွားလား၊ မမိလားတော့ သေချာမသိရပေမဲ့ ဒီလိုမျိုး ပြဿနာဖြစ်နေချိန်မှာ ကားပေါ်ပါလာတဲ့သူတွေရော ကားနားမှာ လှမ်းကြည့်နေတဲ့သူတွေ ဘယ်သူကမှ တုတ်တုတ်မလှုပ် ၀င်ရောက်ကူညီခြင်းမရှိဘူးရယ်လို့လည်း သိရပါတယ်။ အများနဲ့တစ်ယောက် ထိုးကြိတ်သတ်ပုတ်နေတာကို မကူညီတဲ့အပြင် သက်ဆိုင်ရာလူတွေကအစ လာရောက်ကူညီမှု မရှိခဲ့ပါဘူး။ တကယ်လို့များ စပယ်ယာကောင်လေးကို လူတွေအများကြီးရှေ့မှာပဲ သတ်ခဲ့မယ်ဆိုရင်တောင် အားလုံးက ဒီအတိုင်းကြည့်နေဦးမှာပါ။ တချို့ကတော့ ဘာဆက်ဖြစ်မလဲရယ်လို့ စုတ်တသပ်သပ်နဲ့ ကြည့်နေကြ၊ တချို့ကလည်း ကိုယ်နဲ့ဘာမှ မသက်ဆိုင်သလို မသိချင်ယောင်တွေ ဆောင်နေကြပါတယ်တဲ့။ ဒီအကြောင်းကို ပြောပြနေတဲ့ အစ်မ ကိုယ်တိုင်က ကြောက်လွန်းလို့ သူတို့ ပြဿ နာထဲကို ပါဝင်ကူညီမပေးနိုင်ခဲ့ပါဘူးတဲ့လေ။
တကယ်တမ်းလည်း ပြဿနာတစ်ခုခုဖြစ်လို့ သတ်ကြပုတ်ကြပြီဆိုရင် သာမန်ရပ်ကွက်ထဲက ရန်ပွဲလောက်က ပါဝင်တာ ဘာမှမဖြစ်ပေမယ့် မသိတဲ့သူစိမ်းတွေ၊ အထူးသဖြင့် လူမိုက်ဆန်ဆန် တုတ်တွေ၊ ဓားတွေ၊ ချွန်ထက်တဲ့လက်နက် ပစ္စည်းတစ်ခုခုပါတဲ့သူတွေ၊ အဖွဲ့အင်အားများတဲ့ ယောက်ျားသားရင့်မာကြီးတွေဖြစ်တဲ့ ရန်ပွဲမှာတော့ မိန်းမသားတွေ မပြောနဲ့။ သာမန်ယောက်ျားတစ်ဦးက အမြင်မတော်လို့ ကူညီပါဝင်ခဲ့ရင်တောင် ၀င်ကူညီတဲ့သူရဲ့ အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ချင်းစာနာစိတ်နဲ့ သနားတယ်ဆိုပေမယ့်လည်း ၀င်ရောက်ကူညီပါဝင်ဖို့တော့ တော်တော်လေး ၀န်လေးကြရခြင်းဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။
သာမန်လူသားတစ်ယောက်အနေနဲ့ ကိုယ်တိုင်ဝင်ပါဖို့ ခက်ခဲရင်တောင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဖုန်းဆက်အကြောင်းကြားပေးရုံလောက်တော့ တတ်နိုင်မယ်ထင်ပါတယ်။ ဈေးအနီးမှာဆိုတော့ လူတွေလည်း အများကြီးရှိနေမှာပါ။
သက်ဆိုင်ရာက တာဝန်ရှိသူတွေလည်း ရှိချင်လည်းရှိနေနိုင်ကောင်းပါရဲ့လို့ ကျွန်မတော့ တွေးမိပါတယ်။ ဒါပေမဲ့လည်း ဟိုလူသုံးယောက်က စပယ်ယာကောင်လေးကို ထိုးကြိတ်နေကြတဲ့အချိန်မှာ ပါးစပ်ကအော်ကြီးဟစ်ကျယ်ပြောနေတဲ့ စကားတစ်ခွန်းလည်း ရှိပါသေးတယ်။ အဲဒါကတော့ “ငါတို့ကိုများ မင်းက စာမဖတ်တတ်ဘူးလားတွေ ဘာတွေပြောနေရအောင် မင်းက ငါတို့ကို ဘယ်သူသားသမီးတွေထင်လို့လဲ။ ငါတို့ကို ဘာကောင်တွေ မှတ်နေလို့လဲ” ဆိုတာပါပဲ။ လိုင်းကားပေါ်ကိုတက်စီးလာတဲ့ သာမန်အ၀တ်အစားလောက်နဲ့ လူတွေကလည်း “ငါ့ကိုဘယ်သူ့သားသမီး မှတ်လို့လဲ”ဆိုတဲ့ စကားမျိုးနဲ့ ခြိမ်းခြောက်ပြီး သူတို့ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အချိုးမျိုးတွေ ဖြစ်လာနေကြပါပြီ။ တကယ်တမ်း သူတို့ဟာ ဘယ်သူ့သားသမီး ဘယ်ဝါ့သားသမီးဖြစ်တာ မဖြစ်တာ အသာထား။ အခုလို ဖြစ်ပျက်နေတာကို ၀င်မကူညီတာကရော အဲ့ဒီစကားကို ကြောက်သွားတာလား။ တကယ်ပဲ လူသားဆန်တဲ့စိတ် ပျောက်ကွယ်နေတာလား ဆိုတာတော့ တော်တော်လေးစဉ်းစားစရာကောင်းပါတယ်။
ဟိုတစ်လောကလည်း ရန်ကင်းမြို့နယ်မှာ ဟင်းထွက်ဝယ်တဲ့ ကောင်လေးတစ်ယောက် ယောက်ျားလေးချင်း ပခုံးချင်းတိုက်မိလို့ဆိုပြီး ဟိုဘက်တစ်ယောက်က သူ့လက်ထဲမှာပါလာတဲ့ အရက်ပုလင်းကိုရိုက်ခွဲပြီး ပုလင်းကွဲနဲ့ ကောင်လေး ဗိုက်ကို ထိုးလိုက်ပါတယ်။နောက်ပြီး ကောင်လေးအိမ်ရှေ့နားထိရောက်အောင် တရွတ်တိုက်ဆွဲသွားပြီး သူတို့အိမ်က ဓားကိုယူပြီး ရက်ရက်စက်စက် သတ်နေတာကို အဲ့ဒီကောင်လေးအိမ်က မိသားစုဝင်တွေ ကိုယ်တိုင်ဝင်ရောက် မကူညီ၊ ၀င်မပါရဲဘဲ ကောင်လေးသေဆုံးသွားခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပါ။ အဲ့ဒီလူသတ်တရားခံက ပထမအကြိမ်တုန်းကလည်း လူသတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ တရားခံမိသားစုဝင်တွေက ငွေကြေးချမ်းသာသူတွေဖြစ်တယ်လို့တော့ သတင်းပါ အကြောင်းအရာတွေအရ သိခဲ့ရပါတယ်။ပထမအကြိမ်တုန်းကတော့ တရားရုံးကတော့ တရားခံဖြစ်သူက အသက်မပြည့်သေးလို့ဆိုပြီး ပယ်ချခဲ့ဖူးတယ်လို့လည်း သိခဲ့ရပါတယ်။ ဒုတိယအကြိမ် ကောင်လေးကို ရက်ရက်စက်စက် သတ်တဲ့သူ့ကို ချက်ချင်းဖမ်းဆီးအရေး မယူခဲ့တာကြောင့်လည်း ရန်ကင်းမြို့နယ်မှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။ အခုတော့ သူ့ကိုအရေးယူဖမ်းဆီးထားပြီး ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာလည်း အခုဆိုရင် တဖြည်းဖြည်းနဲ့ မင်းမဲ့စရိုက်ဆန်ဆန်အပြုအမူတွေကို ပြုမူလာကြတာကို တွေ့မြင်နေရပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့စိတ်၊ လူပီသတဲ့စိတ်တွေ ပျောက်ကွယ်ပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့စိတ်၊ ငါ့မိဘကဘာ၊ ငါ့အသိုင်းအ၀ိုင်းက ဘာဆိုတဲ့စိတ်တွေနဲ့ ထင်တိုင်းကြဲနေတဲ့ လူတွေရဲ့ မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူတွေဟာ သာမန်လူတွေကြားထဲကိုလည်း တစိမ့်စိမ့်နဲ့ ပျံ့နှံ့စိမ့်ဝင်လာခဲ့ပါပြီ။
သူလုပ်တာတောင် လုပ်လို့ရတာပဲ ငါလည်းလုပ်မယ် ဘာဖြစ်လဲဆိုတဲ့ လူရမ်းကားစိတ်၊ လူမိုက်စိတ်တွေ လူသားတွေ တော်တော်များများဆီ ကူးစက်ကုန်တာ အခုမှဖွံ့ဖြိုးစ ကျွန်မတို့နိုင်ငံအတွက်တော့ တကယ့်ကို အနုတ်လက္ခဏာပါပဲ။
အချင်းချင်းဒေါသစိတ်ကြောင့်လည်း မလုပ်သင့်တာကို လုပ်ရဲလာကြတယ်။ သည်းခံနိုင်တဲ့စိတ်တွေ၊ စာနာတတ်တဲ့စိတ်တွေနေရာမှာ ထစ်ခနဲရှိ သတ်မယ်၊ ပုတ်မယ်။ နောက်မှ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရမ်းကားမှုတွေ နေရာအနှံ့မှာ ဖြစ်ပွားနေပါတယ်။ ဒါဟာ ကျွန်မတို့ ပြည်သူတွေအတွက် လုံခြုံမှုကင်းမဲ့ခြင်း လက္ခာတစ်ရပ်လည်း ဖြစ်ပါတယ်။တစ်ခုခုဖြစ်လာပြီဆိုရင် ကျွန်မတို့ ကိုယ့် ကိုယ်ကိုယ်သာ အတတ်နိုင်ဆုံး ကာကွယ်ရမယ့် အခြေအနေပါ။ လူအချင်းချင်း သတ်ပုတ်နေရင်တောင် သွေးအေးအေးနဲ့ ကိုယ်နဲ့မဆိုင်သလို ကြည့်နေနိုင်တဲ့ခေတ်၊ သည်းခံစိတ်ပျောက် လူမိုက်စိတ်ရောက်နေသူတွေရဲ့ မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူတွေများပြားလာတဲ့ ခေတ်ကြီးထဲမှာ ကျွန်မတို့အတတ်နိုင်ဆုံး လွတ်လွတ်ကင်းကင်းနေနိုင်မှပဲ ဖြစ်မှာပါ။ နေထိုင်ရတာ လွတ်လပ်မှုဆိုတာလည်း မရှိတော့ပါဘူး။ ပြဿနာဆိုတာ ကိုယ်ကမရှာလည်း အနေအထိုင်နည်းနည်းလေးမှားတာနဲ့ အသက်ပေးရတဲ့ခေတ် ဖြစ်နေပါပြီ။ ကျွန်မတို့ကို ကာကွယ်မယ့်သူ မရှိပါဘူး။ ကူညီမယ့်သူ ကင်းမဲ့နေပါတယ်။ လုံခြုံမှုဆိုတာ ဘယ်မှာရှိမှန်းတောင် မသိတော့တဲ့ခေတ်ပါ။
ဒီလိုအဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် အရင်က ပြောစမှတ်တွင်ခဲ့ရတဲ့ မြန်မာဆိုတာ ယဉ်ကျေးတဲ့လူမျိုးပါ။ မြန်မာတွေဟာ နွေးထွေးမှုအရှိဆုံး၊လူမှုဆက်ဆံရေး အကောင်းဆုံး၊ စာနာထောက်ထားမှု အရှိဆုံးနဲ့ အချင်းချင်းကူညီရိုင်းပင်းမှု အရှိဆုံးဆိုတဲ့ သတ်မှတ်ချက်တွေကို ပြတိုက်မှာပဲ သွားပို့ထားရမလားတောင် မသိတော့ပါ။ အခုတော့ မြန်မာဆိုတာ။
(တပေါင်းလပြည့်နေ့က ရွှေတိဂုံစေတီတော်တွင် လူငယ်များစုပေါင်း၍ အအေးဒါနပြုလုပ်နေစဉ် (ဓာတ်ပုံ) အောင်မျိုးသန့်)
Aye Chan Mon# Credit To :Eleven Media Group
သတင်းအစုံကို https://www.facebook.com/excellencemediaတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Post a Comment