0

By ဒီဗွီဘီ
13 May 2014

ထိုင်းကြားဖြတ် ၀န်ကြီးချုပ်က ဇူလိုင်လမှာ ရွေးကောက်ပွဲကို ကျင်းပနိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောပါတယ်။

ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ဖို့ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေရဲ့ တောင်းဆိုချက်ကလည်း အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုင်ငံရေး မငြိမ်မသက် ဖြစ်နေတာ ၆ လ ရှိပါပြီ။ ၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းခံရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ဗဟိုပြုလို့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေ တာ ဆယ်နှစ်နီးပါး ရှိနေပါပြီ။

ဖေဖော်ဝါရီလ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ရတဲ့နောက် ဇူလိုင် ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပဖို့ ၀န်ကြီးချုပ် ယင်းလပ် ရာထူးကနေ ထုတ်ဖယ် မခံရခင်က ရွေးကောက်ပွဲကော်မရှင်နဲ့ သဘောတူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရက်ကို ဘုရင်ကြီးက အတည်ပြုထားတာတော့ မရှိပါဘူး။

ယာယီဝန်ကြီးချုပ် နီဝက်သွန်ရွန်း ဘွန်ဆောင်ဖိုင်ဆန်းက မေ ၁၄ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံပြီး ရွေးကေက်ပွဲကျင်းပမယ့် သင့်တော်မယ့် ရက်ကို ရွေးချယ် ဆုံးဖြတ်သွားမယ်လို့ နိုင်ငံခြား မီဒီယာတွေကို ပြောပါတယ်။

အစိုးရအနေနဲ့ ဇူလိုင်လအတွင်းမှာ ရွေးကောက်ပွဲကို ကျင်းပနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။
ယင်းလပ် ပြုတ်ကျသွားတဲ့နောက်မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေက ဘက်မလိုက်တဲ့ ၀န်ကြီးချုပ်ကို ခန့်အပ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အရင်လုပ်ဖို့ လိုလားနေတာဖြစ်ပါတယ်။

ဒါပေမယ့် ယင်းလပ် လက်အောက်မှာ ကုန်သွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ လက်ရှိ ယာယီဝန်ကြီးချုပ်က ရွေးကောက်ပွဲကို အရင်ကျင်းပရမယ်လို့ ပြောပါတယ်။

ယာယီဝန်ကြီးချုပ်ဟာ အရင်က သက်ဆင်ရဲ့ ကုမ္မဏီမှာ အကြီးတန်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးကို လိုလားပေမယ့် ရွေးကောက်ပွဲကို မကျင်းပတာဟာလည်း ဥပဒေနဲ့မညီတာကြောင့် ရွေးကောက်ပွဲကို ကျင်းပမှကို ဖြစ်မယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲပြီးမှ ပြုပြင်ပြောင်းလဲရေးကို လုပ်မယ်လို့ ယာယီဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

Aye Chan Mon# Credit To : DVB
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top