0

ပြည်၊ မေ ၁၂

နတ်တလင်းမြို့ ကံစုကျေးရွာတွင် ဘာသာမတူသည့် လူငယ်နှစ်ဦး ချစ်ကြိုက်မှုကို အကြောင်းပြု၍ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ၌ နေအိမ်ဖျက်ဆီးမှုဖြင့် တရားစွဲခံရသူ ၁၈ ဦးအနက် ကိုးဦးမှာ ထွက်ပြေး တိမ်းရှောင်ဆဲ ဖြစ်ကြောင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် ရဲတပ်ဖွဲ့စခန်း စခန်းမှူးက ပြောကြားသည်။

“အရင်ဆုံး ဖျက်ဆီးခံရသူက ကွင်းကျယ်ရွားသား ၁၄ ယောက်ကို အရင်တိုင်တယ်။ ပြီးတော့ နောက်ထပ် လေးယောက်ကို ထပ်တိုင်တယ်။ စုစုပေါင်း ၁၈ ယောက်မှာ ကိုးယောက်ကို ဖမ်းထားတယ်။ ကိုးယောက်ကတော့ ထွက်ပြေးနေတယ်။ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရမှာပါ” ဟု ၎င်းကဆိုသည်။

ရဲစခန်း ထွက်ချက်တွင် ဖမ်းဆီးထားသူ ကိုးဦးမှာ ကွင်းကျယ်ကျေးရွာ နေသူများ ဖြစ်ပြီး ၎င်းတို့သည် နေအိမ်ဖျက်ဆီးရာ၌ အခြားပါဝင်သူများကို ဖော်ထုတ်ပြောဆိုခြင်း မရှိသေးသော်လည်း တရားခွင်တွင် စစ်ဆေးချိန် ပါဝင်သူများ ထပ်မံပေါ်ပေါက်လျှင် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း စခန်းမှူးက ဆက်လက်ပြောကြားသည်။

စွပ်စွဲဖမ်းဆီး ခံထားရသူများနှင့် ပတ်သက်၍ နေအိမ် ဖျက်ဆီးခံရသူများနှင့် ကွင်းကျယ်ကျေးရွာ ဒေသခံများ ညှိနှိုင်းလျက် ရှိနေကြောင်း မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးပညာဒီပက ဆိုသည်။

နေအိမ်များကို ဖျက်ဆီးနေချိန်တွင် ပါဝင်သည့် လူအင်အားမှာ ၂၀၀ ကျော် ရှိနေပြီး တိုင်ချက်အရ အခင်းဖြစ်ပွားရာ နေရာနှင့် တစ်မိုင်ခန့်ဝေးသည့် ကွင်းကျယ်ကျေးရွာ ဒေသခံများမှာ ဖမ်းဆီးခံရပြီး ဖြစ်သော်လည်း အဖမ်းခံရသူများတွင် တရားခံ မဟုတ်သူများ ပါဝင်မည်ကို စိုးရိမ်သည့်အတွက် စစ်ဆေးမှုများကို သတိထား စောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

နေအိမ်ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲခဲ့သူ ၁၈ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၇၊ ၄၅၂ နှင့် ၄၂၇ တို့ဖြင့် နတ်တလင်းမြို့နယ် တရားရုံးတွင် တရားစွဲခံထားရကာ ဒုတိယအကြိမ်မြောက် တရားရုံးချိန်းအဖြစ် မေလ ၁၉ ရက်နေ့ကို ထပ်မံချိန်းဆိုထားကြောင်း တောင်ညိုမြို့သစ် ရဲစခန်းထံမှ သိရသည်။

နတ်တလင်းမြို့ပေါ်တွင် နေထိုင်သော အစ္စလာမ် ဘာသာဝင် လူငယ်က ဧပြီလ ၁၅ ရက်နေ့က ကံစုကျေးရွာနေ ၎င်း၏ချစ်သူ နေအိမ်သို့ သွားရောက် ချိန်းတွေ့စဉ် ဒေသခံ ရွာသားများက မကျေနပ်ဖြစ်ကာ ထိုလူငယ်ကို ထုတ်ပေးရန် တောင်းဆိုသည်ကို မထုတ်ပေး၍ အမျိုးသမီး နေအိမ်ကို ခဲဖြင့်ပစ်ပေါက် ဖျက်ဆီးခဲ့ကြပြီး ဧပြီလ ၁၆ နှင့် ၁၈ ရက်နေ့တွင် လူငယ်နှင့် ရင်းနှီးသည့် နေအိမ်သုံးလုံးကို ထပ်မံ၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း နတ်တလင်း မြို့ခံများထံမှ သိရသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top